မြန်မာ့ရွေးကောက်ပွဲ နံပါတ်တစ် ဦးစားပေးရမည့်အရာ မဟုတ်ဟု အာဆီယံ ပြော

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရေးသည် ဦးစားပေး လုပ်ဆောင်ရမည့်အရာ မဟုတ်ကြောင်း အာဆီယံအဖွဲ့ကြီး၏ အစည်းအဝေးတွင် သဘောတူခဲ့ကြသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောကြားလိုက်သည်။

By Admin 11 Jul 2025

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်အား ဇူလိုင်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Reuters
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်အား ဇူလိုင်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရေးသည် ဦးစားပေး လုပ်ဆောင်ရမည့်အရာ မဟုတ်ကြောင်း အာဆီယံအဖွဲ့ကြီး၏ အစည်းအဝေးတွင် သဘောတူခဲ့ကြသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောကြားလိုက်သည်။

ထိုအစား စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး ကတိကဝတ်များကို လိုက်နာရန် တိုက်တွန်းခဲ့သည်ဟု မလေးရှားတွင် ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ သတင်းစာရှင်းလင်းပွဲတွင် မိုဟာမက်ဟာဆန်က ပြောကြားသည်။

ပြည်တွင်းစစ် ပြင်းထန်နေသည့် မြန်မာနိုင်ငံ၌ စစ်ကောင်စီက စီစဉ်နေသော ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို တာရှည်စေမည့် အားထုတ်မှုတစ်ရပ်အဖြစ်သာ ဝေဖန်သူများက ရှုမြင်ကြသည်။

"ရွေးကောက်ပွဲဟာ လက်ရှိအချိန်မှာ မြန်မာအတွက် ဦးစားပေးရမယ့် အရာတစ်ခု မဟုတ်ဘူးလို့ မြန်မာကို ကျွန်တော်တို့ အကြံပြုခဲ့ပါတယ်။ ဦးစားပေးရမှာက အကြမ်းဖက်မှုတွေ အကုန်လုံးကို ရပ်တန့်ဖို့ပါ … ဒါမှ အင်အားစုတွေ အားလုံး စားပွဲဝိုင်းမှာ အတူတကွ ထိုင်နိုင်ကြမှာပါ" ဟု ဝန်ကြီးဟာဆန်က ပြောသည်။

မြန်မာစစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ၎င်းတို့သဘောတူခဲ့သည့် 'အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်' ကို အလေးထားရန် အာဆီယံအဖွဲ့က လိုလားသည်ဟုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောကြားကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ "ရွေးကောက်ပွဲဟာ အာဆီယံဘုံသဘောတူညီချက် ထဲမှာလည်း မပါပါဘူး" ဟု ဝန်ကြီးဟာဆန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်သည် လက်တွေ့တွင် အောင်မြင်မှု မရှိသလို စစ်ကောင်စီသည်လည်း ၎င်းက အကြမ်းဖက်အဖွဲ့များဟု ခေါ်ဆိုသုံးနှုန်းနေသည့် အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးလိုသည့်ဆန္ဒ ရှိမနေပေ။

အာဆီယံအနေဖြင့် နိုင်ငံရေးပါတီများအားလုံး ပါဝင်ခြင်း မရှိသည့် ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ဟု ဝန်ကြီးဟာဆန်က ပြောသည်။ "တပိုင်းတစ ရွေးကောက်ပွဲ ကျင်းပတာက အဓိပ္ပာယ်မရှိပါဘူး။ ဒါက ပြဿနာတွေကို ပြေလည်သွားစေမှာ မဟုတ်တဲ့အပြင် အခြေအနေတွေ ပိုသာဆိုးသွားစေမှာပါ" ဟု သူဆိုသည်။

မတ်လ ငလျင်နောက်ပိုင်းတွင် စစ်ကောင်စီချမှတ်ခဲ့သည့် အပစ်အခတ် ရပ်စဲရေးကိုလည်း သက်တမ်းတိုးရန် အာဆီယံက လိုအားသည်ဟု ဟာဆန်က ပြောသည်။

စစ်ကောင်စီသည် ၎င်းထုတ်ပြန်သည့် အပစ်အခတ် ရပ်စဲရေးကို ၎င်းကိုယ်တိုင် ချိုးဖောက်ကာ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေသည်ဟု လက်နက်ကိုင် အဖွဲ့များနှင့် ပဋိပက္ခ စောင့်ကြည့်သူများက ပြောကြားမှုများရှိသည်။ စစ်ကောင်စီကမှု အဆိုပါ ပြောဆိုချက်များကို ငြင်းဆိုထားသည်။