ရန်ကုန်တွင် အတင်းအဓမ္မ ပေါ်တာဆွဲခံရသည့် ပြည်သူ့စစ်တစ်ဦး AA ထံ အလင်းဝင်

ရန်ကုန်တွင် စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲခံရသည့် ရခိုင်လူမျိုး ပြည်သူ့စစ်တစ်ဦး ကျောက်ဖြူရှေ့တန်းစစ်မျက်နှာမှ အလင်းဝင်ရောက်လာကြောင်း အာရက္ခတပ်တော် (AA)က ယမန်နေ့က ထုတ်ပြန်လာသည်။

By Admin 08 Aug 2025

AA ထံ အလင်းဝင်လာသည့် ပြည်သူ့စစ် ကိုမောင်မောင်ဝင်း။ ဓာတ်ပုံ - AA Info Desk
AA ထံ အလင်းဝင်လာသည့် ပြည်သူ့စစ် ကိုမောင်မောင်ဝင်း။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဩဂုတ် ၈

ရန်ကုန်တွင် စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲခံရသည့် ရခိုင်လူမျိုး ပြည်သူ့စစ်တစ်ဦး ကျောက်ဖြူရှေ့တန်းစစ်မျက်နှာမှ အလင်းဝင်ရောက်လာကြောင်း အာရက္ခတပ်တော် (AA)က ယမန်နေ့က ထုတ်ပြန်လာသည်။

ပြည်သူ့စစ် ကိုယ်ပိုင်အမှတ် (၁၅၂၀၅၅) ကိုမောင်မောင်ဝင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာ ဇာတိဖြစ်ပြီး ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်တွင် အလုပ်ဆင်းပြီး ပြန်လာစဉ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက ဆိုင်ကယ်ခိုးသည်ဟု စွပ်စွဲကာ ဖမ်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုမောင်မောင်ဝင်းက ပြောသည်။

"ကျနော်ကို ထောင်ကျခံမလား၊ စစ်ကောင်စီထဲ ဝင်မလားဆိုပြီး ထုရိုက်မေးမြန်းတယ်။ ထောင်ကျခံမယ်လို့ပြောတော့ ပိုပြီး ရိုက်တယ်။ ကျနော် အသားနာလာတော့ စစ်ကောင်စီထဲ ဝင်မယ်ပြောတော့မှ မရိုက်တော့ဘူး" ဟု ၎င်းက ပြောသည်။

ကိုမောင်မောင်ဝင်းမှာ မတ်လ ၁၃ ရက်တွင် မှော်ဘီမြို့နယ်၊ ဂျိုးဖြူသင်တန်းကျောင်းသို့ ပို့ဆောက်ခံရကာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၁) တွင် မွမ်းမံသင်တန်း နှစ်လတက်ပြီးနောက် ပြည်သူ့စစ် ၁၃ ဦးနှင့်အတူ ရဲမွန်တပ်မြို့ရှိ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တွင် မွမ်းမံသင်တန်းတစ်ပတ်တက် ရောက်ခဲ့သည်။

ယင်းနောက် သီလဝါ ဆိပ်ကမ်းမှ တစ်ဆင့် ကျောက်ဖြူသို့ ပို့ဆောင်ခံရကာ ကျောက်ဖြူရဲတပ်ရင်း ကိုယ်စားပြု မွမ်းမံသင်တန်းသုံးပတ် ထပ်မံတက်ရောက်ပြီးနောက် ကျောက်ဖြူရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း ကိုမောင်မောင်ဝင်းက AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ပြောကြားထားသည်။

ကိုမောင်မောင်ဝင်းမှာ ပြည်သူ့စစ်သင်တန်းတက်ရောက်နေစဉ်မှာလည်း ထွက်ပြေးခဲ့ဖူးသော်လည်း လွတ်မြောက်ခြင်းမရှိခဲ့ဘဲ ကျောက်ဖြူစစ်မြေပြင်ရောက်မှ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကာ AA နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ပြောထားသည်။

"အဖေနဲ့အမေ ဘာမှစိတ်မပူနဲ့။ ကျနော် အေးအေးချမ်းချမ်းဖြစ်သွားပြီ။ ကျနော် အာရက္ခတပ်တော်ဆီ အလင်းဝင်လိုက်ပြီ။ ပြီးတော့ အာရက္ခတပ်တော်ထဲဝင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ချထားတယ်" ဟု ကိုမောင်မောင်ဝင်းက ပြောသည်။

စစ်ကောင်စီလက်အောက်တွင် ရှိနေကြသည့် အခြားပြည်သူ့စစ်များအနေဖြင့်လည်း တော်လှန်ရေးတပ်များထံတွင် အလင်းဝင်ရောက်ကြရန် ကိုမောင်မောင်ဝင်းက တိုက်တွန်းထားသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက ရေကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းလျက်ရှိနေသည်။

နိုင်ငံတဝန်း စစ်ရှုံးနေသော စစ်ကောင်စီသည် ပြည်သူများကို အတင်းအဓမ္မဖမ်းကာ စစ်တပ်သားသစ် စုဆောင်းနေပြီး အခြေခံစစ်သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိသည်။