စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီမှ ပြဌာန်းမည့်အပေါ် အမြင်များ

နိုင်ငံသားတိုင်းစစ်မှုထမ်းရမည့် ဥပဒေပြဌာန်းမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလာသည်။ အဆိုပါ စစ်မှုထမ်းရမည့်ဥပဒေကို တစ်နှစ်အတွင်းတွင် ပြဌာန်းနိုင်အောင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

06 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၆

(VOXPOP/ပြည်သူ့အသံ)

နိုင်ငံသားတိုင်းစစ်မှုထမ်းရမည့် ဥပဒေပြဌာန်းမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလာသည်။ အဆိုပါ စစ်မှုထမ်းရမည့်ဥပဒေကို တစ်နှစ်အတွင်းတွင် ပြဌာန်းနိုင်အောင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးအချိန်မှစတင်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများသည် ယခုအချိန်ဖြစ်ပွားနေဆဲဖြစ်သည်။ အလားတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီနောက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများလည်း နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသည်။

ထိုအချိန်တွင် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းမည်ဟု ပြောဆိုလာသည့်အပေါ် နိုင်ငံရေးသမားများနှင့် ပြည်သူတို့၏ သဘောထားအမြင်များကို DMG မှ မေးမြန်းတင်ဆက်လိုက်ရသည်။

ဦးဖေသန်း (လွှတ်တော်အမတ်ဟောင်း)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောစကားတွေကို ကြားလိုက်ပါတယ်။တစ်နှစ်အတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးကိုဆွဲတင်မယ်။ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်။စစ်မှုထမ်းဥပဒေကို ကျင့်သုံးမယ်ပေါ့။ ဒီကာလမှာ သူက ယာယီအာဏာကိုသိမ်းထားတာဖြစ်တယ်။ရွေးကောက်ပွဲကလည်း လာမယ့်နှစ်မှာ လုပ်မယ် ဆိုတော့ တစ်နှစ်အတွင်းမှာ ဘာကြောင့် တကယ့်ရေရှည်သွားရမယ့်လုပ်ငန်းမျိုးတွေကို မဖြစ်မနေလုပ်မယ်လို့ သူဘက်ကပြောရတာလဲပေါ့။ဒါက ရွေးကောက်ပွဲလုပ်ပြီးရင် ဖြစ်လာတဲ့ အစိုးရ၊လွှတ်တော်တွေပေါ်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်။သူအနေနဲ့ ဒါကို လောလောလတ်လတ်စီစဉ်တယ်ဆိုတာ မဖြစ်သင့်ဘူး။ သူက အာဏာကို ယာယီထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီစကားမျိုးပြောတာက ရှေ့လာမယ့် အစိုးရ အဖွဲ့တွေရဲ့ တာဝန်ကိုကြိုပြီး ပြဌာန်းထားတယ်လို့ ယူဆလို့ရတယ်။လက်တွေ့မှာ ဒါက ဖြစ်နိုင်မလားဆိုတော့။ ကျနော်တို့နိုင်ငံက စစ်ရေးအင်အားကို တိုးချဲ့ဖို့လိုသလား။ပြည်တွင်းစစ်မှာ တပ်သားတွေ အသစ်အများကြီး မဖြစ်မနေစစ်မှုထမ်းရမယ့်ဆိုတဲ့ ဥပဒေမျိုး ဒီအချိန်မှာ အကောင်အထည်ဖော်ဖို့ လိုသလား။ပြည်တွင်းစစ်မှာ ဆိုတော့လည်း အချင်းချင်းတိုက်နေရတဲ့တိုက်ပွဲဖြစ်တယ်။အခုဆိုရင် PDF တွေတောင် ပါလာတယ်။အဲဒီမှာ လိုအပ်လို့လား။တပ်မတော်သားတွေ စစ်ထဲဝင်ဖို့လူတွေနည်းနေလို့လား။အဲဒါကြောင့် ဒီဥပဒေကို ပြဌာန်းရတာ လား။နိုင်ငံခြားစစ်ပွဲဆိုတာကလည်း ကျနော်တို့နိုင်ငံမှာအရင်ကလည်း မရှိခဲ့ဘူး။ အခုလည်း ဖြစ်စရာအကြောင်း မရှိဘူး။နိုင်ငံတကာမှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံတိုက်တယ်ဆိုတာ ရှားသွားပြီ။ကျနော်တို့နိုင်ငံက သာမန် နိုင်ငံလေးတစ်နိုင်ငံဖြစ်တယ်။ဒီလိုဥပဒေမျိုးပြဌာန်းပြီးတော့ တိုင်းပြည်ကို ကာကွယ်မယ်ဆိုတာကလည်း ကိုယ့် နိုင်ငံရဲ့ စီးပွားရေး၊နိုင်ငံရေးအခြေအနေအရ မသင့်တော်ဘူးထင်တယ်။

ကိုဇော်ဝင်း (ဒေသခံ) ၊ ကျောက်တော်မြို့

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်မှုမထမ်းမနေရလို့ ပြောလာတဲ့အပေါ်မှာ အချက်နှစ်ချက်သွားတွေ့တယ်။ ပထမတစ်ချက်က သူတို့မှာ နဂိုကတည်းက စစ်အင်အားမလုံလောက်ဘူး။အခုဆိုရင် တစ်တိုင်းပြည်လုံး၊လူမျိုး စုံက လက်နက်စွဲကိုင်ပြီးတော်လှန်နေကြတယ်။အဲတော့ ပြန်လည်တိုက်ခိုက်ဖို့ မြန်မာစစ်တပ်မှာ စစ်သားတွေ မရှိဘူးဆိုတာကို ဖော်ပြနေတယ်။ သူတို့မှာ စစ်အင်အား အလုံအလောက်မရှိတာကို တရားဝင်ထုတ်ဖော်ပြော တယ်လို့မြင်တယ်။နောက်တစ်ချက်က အကောင်းဘက်က မြင်တယ်။ဘာလို့လဲဆိုတော့ ဥပမာ ရခိုင်မှာတိုက်ပွဲ ဖြစ်တုန်းက NLD အစိုးရရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဌေးက ရခိုင်တွေ AA နဲ့မပတ်သက်ရဘူး။ဘာဖြစ် သွားမယ်။ ညာဖြစ်သွားမယ်ဆိုပြီးပြောခဲ့တယ်။အဲလို ပြောလိုက်လို့ရခိုင်တွေပိုပြီးစည်းလုံး သွားတယ်။ ရခိုင်တွေ က ရခိုင်တပ်ထဲကိုဝင်သွားတယ်။အဲကြောင့် အင်အားကြီးသွားတယ်။ပြောလိုတာက နိုင်ငံတော်အာဏာကို ယူထားတဲ့သူတွေက ပြောဆိုမတက်တော့ AA အတွက်စည်းလုံးရေးလုပ်သလို ဖြစ်သွားတယ်။အခုလည်း အဲလို ပုံစံမျိုးပေါ့။ရခိုင်အပါအဝင် တခြားတော်လှန်ရေးနယ်ပယ်အသီးသီးကလူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ အတွက် စစ်သည်အင်အားလိုနေတယ်။သွားပြီးထမ်းဆောင်ပေးကြပါလို့ ပြောသလို သက်ရောက်တယ်။ဘာဖြစ် လို့လဲဆိုတော့ မြန်မာစစ်တပ်ထဲကို ဘယ်သူမှမဝင်ချင်ကြဘူး။ဒါကြောင့် သူတို့က တပ်ထဲကိုသွင်းမယ်လို့ ပြောရင် သူပြောလိုက်တဲ့စကားက တခြားဘက်ကို တွန်းအားပေးသလို ဖြစ်သွားတယ်။ ရခိုင်ကလည်း ရခိုင် စစ်တပ်ဘက်ကိုဝင်မယ်။ကချင်ကလည်း ကချင်စစ်တပ်ကဘက်ကိုဝင်မယ်။သူတို့လူမျိုးစု တပ်ထဲကိုပဲ ဝင်သွား ကြမှာဖြစ်တယ်။ခြုံပြောရရင် မြန်မာစစ်တပ်မှာ စစ်အင်အားမလုံလောက်တာကို ထုတ်ဖော်ပြောတာဖြစ်တယ်။ နောက်တစ်ပိုင်းက တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးတပ်ဖွဲ့အသီးသီးတွေမှာ တာဝန်ထမ်းဆောင်ကြပါလို့ ပြောတယ်လို့မြင်တယ်။

ကိုထွန်းကြည် (ဒေသခံ)၊ ကျောက်ဖြူမြို့

ဒီနိုင်ငံသားတိုင်းစစ်မှုထမ်းရဖို့အတွက် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၆ မှာပါတယ်။နိုင်ငံသားတိုင်းဟာ ဥပဒေပြဌာန်းချက်နဲ့အညီစစ်ပညာသင်ကြားရမယ်ဆိုပြီးပါတယ်။ဒါပေမယ့် ဒီဘက်လွှတ်တော်(၁၀) နှစ်တာ ကာလမှာ ဒါကို ဥပဒေတစ်ခုအဖြစ်ပြဌာန်းခဲ့တာမျိုးမရှိဘူး။နည်းဥပဒေမထွက်သေးဘူး။ဆိုတော့ အခုက စစ်ကောင်စီကနေပြီးတော့ နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်လို့ပြောလာတဲ့အပေါ်မှာ  ဒီအတိုင်းပြောကတော့ ဖြစ်နိုင်ခြေအရမ်းနည်းတယ်။ဘာလို့လဲဆိုတော့ ဒါက ဥပဒေပြုပြီးမှလုပ်လို့ရမယ့်အလုပ်လို့မြင်တယ်။ နောက် တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလ ပြဌာန်းချက်မှာ ပုဒ်မ ၄၁၁ မှာပြောထားတာက သက်ဆိုင်ရာတိုင်းဒေသကြီး၊ပြည်နယ်(သို့မဟုတ်)အုပ်ချုပ်ခွင့်ရပြည်နယ်အတွက် အုပ်ချုပ်ခွင့်အာဏာကို ကျင့်သုံးခွင့်ရှိတယ်။နောက်တစ်ခုက ဥပဒေပြုခွင့်အာဏာကို ဖွဲ့စည်းပုံအရ မည်သည့်ပုဂ္ဂိုလ်မှ ဆောင်ရွက်တာ မပြုရဆိုပြီး ပုဒ်မ ၄၁၁ (ခ)မှာပါတဲ့အတွက် ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆန့်ကျင်ဘက်ဖြစ်သွားမယ်။ ပြောလို တာက အခုအာဏာသိမ်းထားတဲ့ကာလမှာ  ဥပဒေပြဌာန်းလို့မရဘူးမြင်တယ်။သူတို့ကတော့ မဖြစ်မနေ အရေးပေါ်ကာလပြဌာန်းချက်မှာလည်း ဥပဒေကဲ့သို့ အာဏာတည်စေသောအမိန့်ကိုထုတ်ပြန်နိုင်တယ်လို့ ပြောထားတဲ့အတွက် အသက်ဝင်အောင်လုပ်ကောင်းလည်းလုပ်ကိုင်တယ်။သေချာတာကတော့ လက်ရှိမြန်မာ နိုင်ငံရဲ့ အခြေအနေအရ ဒီဥပဒေကိုသာပြဌာန်းလိုက်မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေပဲ အားကောင်း သွားမယ်လို့မြင်တယ်။စစ်ကောင်စီရဲ့ တပ်ကတော့ အားကောင်းလာနိုင်စရာအကြောင်း အရမ်းကိုနည်းတယ်။ ဒီနေ့ပြည်သူအများစုက တော်လှန်ရေးဟာ တရားတယ်ဆိုတဲ့ဘက်မှာ အများစုရပ်တည်နေတာရှိတော့ အခု စစ်ကောင်စီကပြောလိုက်တဲ့စစ်မှုထမ်းရမယ်ဆိုတဲ့ဟာက တော်လှန်ရေးအဖွဲ့တွေကို ပိုပြီးအားကောင်းအောင် လုပ်တာနဲ့တူသွားနိုင်တယ်လို့မြင်တယ်။

စောစံငြိမ်းသူ (ဥက္ကဋ္ဌ) ၊ ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့

စစ်ကောင်စီကနေပြီး စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းဖို့လုပ်ဆောင်လာတဲ့အပေါ်မှာ အခုလက်ရှိအနေ အထားအရဆိုရင် အချိန်အခါမသင့်သေးဘူးလို့ အဓိကပြောချင်တယ်။အဓိကလုပ်ရမယ့်အရာက ၂၀၁၀ နောက်ပိုင်းဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဖြစ်စဉ်တွေပေ့ါ။အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးတွေလုပ်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေနဲ့အတူ တကယ့်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဘယ်လိုတည်ဆောက် မလဲဆိုတဲ့ ငြိမ်းချမ်ရေးဖြစ်စဉ်နဲ့အတူ ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်တွေကိုဖော်ဆောင်နိုင်ဖို့က အဓိက အရေးကြီးတယ်လို့မြင်တယ်။တစ်ဖက်ကလည်း အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊မလုပ်ရတဲ့အဖွဲ့တွေအားလုံး ပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်ဖို့က အဓိက အရေးကြီးတဲ့အချက်ဖြစ်တယ်လို့မြင်တယ်။ ဒီကြားထဲမှာ အာဏာသိမ်းမှုနဲ့အတူ ပြန်ပြီး နိုင်ငံရေးမတည်ငြိမ် မှုတွေဖြစ်လာတဲ့အနေအထားမှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးမတည်ငြိမ်မှုကိစ္စတွေကိုပဲ တည်တည် ငြိမ်ငြိမ်ရှိလာအောင် ဘယ်လိုမျိုးငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လို တည်ဆောက်မလဲဆိုတာကိုပဲ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ မြင်တယ်။နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဆောင်နိုင်ပြီးမှ နိုင်ငံသားတိုင်းစစ်မှုမထမ်းမနေဆိုတဲ့ ဥပဒေကို အားလုံး ပါဝင်ပြီး၊ ဆွေးနွေးပြီးမှ စီစဉ်ချမှတ်တဲ့အနေအထားတွေနဲ့လုပ်ဆောင်သင့်တယ်လို့မြင်တယ်။

ဒေါက်တာအေးမောင် (လွှတ်တော်အမတ်ဟောင်း)

စစ်မှုထမ်းဥပဒေက ဦးသန်းရွှေလက်ထက်ကနေ ရေးဆွဲခဲ့တာရှိတယ်။ပြည်သူ့စစ်မဟာဗျုဟာ ဆိုပြီးတော့ပေါ့။ အဲတာက ကာကွယ်ရေးနဲ့ပတ်သတ်တဲ့ အဖွဲ့အစည်းတွေက စနစ်တကျရေးဆွဲထားပုံပေါက်တယ်။ ပြည်သူ့စစ် မဟာဗျုဟာက မဖြစ်မနေစစ်မှုထမ်းရမယ့် ဥပေဒနဲ့ ဆက်စပ်နိုင်တယ်။ စစ်မှုမထမ်းမနေရ ဥပဒေဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်းပါတယ်။အဲမှာပြဌာန်းထားတဲ့ပုဒ်မတစ်ခုကို ကိုးကားပြီးစစ်မှုထမ်းဥပဒေကို ဦးသန်းရွှေ လက်ထက်ကနေ ရေးဆွဲထားပုံပေါက်တယ်။အကောင်အထည်မဖော်သေးတာရှိမယ်။ အတည် ပြုထားပုံလည်း ပေါက်တယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က စစ်မှုမထမ်းမနေရဆိုတာက အကြမ်းအားဖြင့် ထုတ်ပြန် တာဖြစ်နိုင်တယ်။ဆိုတော့ လက်ရှိကာလမှာ ဖြစ်လာနိုင်ခြေရာခိုင်နှုန်းများတယ်။ဒီစစ်မှုထမ်းဥပဒေက နိုင်ငံတော်တော်များများမှာလည်း ပြဌာန်းထားပုံပေါက်တယ်။ဒါကတော့ စစ်ဖက်၊အရပ်ဖက်ပေါ့။ ပြည်သူ့စစ် မဟာဗျုဟာနဲ့ပတ်သက်နိုင်တယ်။ပြည်သူကို တပ်ထဲကို ဘယ်လိုသွင်းမှာလဲ။စစ်မှုထမ်းတဲ့အလေ့အကျင့် အခြေအနေတစ်ခုကို လူတိုင်းတက်ဖို့လိုလား၊မလိုလားဆိုတာက နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်လာနိုင်တယ်။လက်ရှိတည်ရှိနေတဲ့ နိုင်ငံရေး၊စစ်ရေးလိုအပ်ချက်အရလည်းဖြစ်နိုင်တယ်။ဒါက လက်ရှိ၂၀၁၈ ဖွဲ့စည်းပုံမှာပြဌာန်းထားပြီးသားဖြစ်တယ်ဆိုတော့ ဘယ်နေ့မှာသတ်မှတ်မှာလဲဆိုတာ မသိဘူး။ ဒါက အချုပ်အခြာအာဏာနဲ့ပတ်သက်တဲ့ အရေးကြီးမှုပေါ်မူတည်ပြီး နိုင်ငံတိုင်းဟာ လိုအပ်ရင် လိုအပ်သလို စစ်မှုမထမ်းမနေရ ဥပဒေတစ်ခု ပြဌာန်းပုံပေါက်တယ်။မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေများတဲ့အခါမှာ လက်ရှိ(နစက)အနေနဲ့ နယ်စပ်တလျှောက်ကို ဘယ်လိုစိုးမိုးနိုင်မလဲ ပေါ့။စစ်မှုမထမ်း မနေရ ဥပဒေဟာ နိုင်ငံတစ်ခုရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ ကဏ္ဍာကို စဉ်းစားပုံပေါက်တယ်။ဒီကြားကာလမှာ ငြိမ်းချမ်းရေးကိုလည်း ယူတယ်။ပြည်တွင်းစစ်ကို ဘယ်လိုချုပ်ငြိမ်းရမှာလဲဆိုတာကိုလည်း သွားနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေတောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် အပြည့်အဝ၊ဖက်ဒရယ်ပြည်ထောင်စု ဆိုတာမျိုးနဲ့သွားနိုင်တယ်။တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပင်လျှင် နိုင်ငံကို ကာကွယ်တဲ့အင်အား တစ်ခုဖြစ်လာအောင် သူ့ဘက်က ပြည်ထောင်စုတပ်ဆိုတာမျိုးနဲ့ NCA ဘက်မှာသွားနေတယ်။ဒီကာလမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က စစ်မှုမထမ်းမနေရ ဆိုတာက ပြဌာန်းထားပြီးသားဥပဒေတစ်ခုကို ပြန်ပြောတာဖြစ်တယ်။ အဲတာကို အသက်ပြန်သွင်းဖို့အတွက် ရွယ်ရည်ပုံပေါက်တယ်။

ဗီဒီယိုများ