လိုချင်တဲ့ နိုင်ငံရေးအဆင့်ကိုမရရှိလျှင် ရခိုင်အမျိုးသားနိုင်ငံ တည်ဆောက်မယ်လို့ AA ပြောဆိုချက်အပေါ် အမြင်များ

မြန်မာ့နိုင်ငံရေးတွင် AA နှင့် ရခိုင်ပြည်သူတို့လိုလားသည့် နိုင်ငံရေးအဆင့်အတန်းကို မရရှိလျှင်  အနာဂတ် အမျိုးသားနိုင်ငံတော်ကို ကိုယ်တိုင်ဖန်တီးပြီး နိုင်ငံတကာနှင့် လက်တွဲတည်ဆောက်သွားမည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက မတ်လ ၅ ရက်နေ့က Online သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

09 Mar 2022

DMG ၊ မတ် ၉

(Vox Pop)

မြန်မာ့နိုင်ငံရေးတွင် AA နှင့် ရခိုင်ပြည်သူတို့လိုလားသည့် နိုင်ငံရေးအဆင့်အတန်းကို မရရှိလျှင်  အနာဂတ် အမျိုးသားနိုင်ငံတော်ကို ကိုယ်တိုင်ဖန်တီးပြီး နိုင်ငံတကာနှင့် လက်တွဲတည်ဆောက်သွားမည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက မတ်လ ၅ ရက်နေ့က Online သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ထိုပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်အတွင်းက နိုင်ငံရေးသမားများ၊ ဒေသခံပြည်သူတို့၏ အမြင်သဘောထားများကို DMG မှ မေးမြန်းတင်ဆက်လိုက်သည်။

ဦးဖေသန်း (ဝါရင့်နိုင်ငံရေးသမား)

ULA/AA က ပြောသွားတာက ရှင်းရှင်းလင်းလင်းပါပဲ။ လိုချင်တဲ့နိုင်ငံရေးအဆင့်အတန်း၊ တနည်းအားဖြင့် ကွန်ဖယ်ဒရေးရှင်းကိုမရဘူးဆိုရင် သူတို့အနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းပြီး သီးသန့်နိုင်ငံတစ်နိုင်ငံ ထူထောင်ဖို့ ကြိုးစားသွားမယ်လို့ ပြောသွားတာပေါ့။ အဲဒါကတော့ ရခိုင်ပြည်သူတို့ရဲ့ ရခိုင်နိုင်ငံတော် ပျောက်ဆုံးသွားကတည်းက မျှော်လင့်ချက်၊ ကိုယ့်နိုင်ငံ ကိုယ့်ထီးနန်းနဲ့နေချင်တဲ့ဆန္ဒပါ။ အဲဒါကို ပြည်သူတွေရဲ့ လိုလားချက်ကို ရောင်ပြန်ဟပ်တယ်လို့ယူဆတယ်။ ပြည်သူတွေကလည်း တစ်ချိန်က ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့တဲ့လူမျိုးဖြစ်ပြီး ဒီနေ့ကိုလိုနီစနစ်အောက်မှာ ကျွန်ဖြစ်နေရတယ်လို့ခံစားနေရတယ်။ လွတ်လပ်ရေး လိုချင်တယ်ဆိုတာ နှစ်ပေါင်း(၂၃၇)နှစ်တိုင် ရခိုင်ပြည်ရဲ့မျှော်လင့်ချက် အိမ်မက်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုထဲမှာ လွတ်လပ်ရေးနဲ့ထိုက်တန်တဲ့လူမျိုးအတွက် ကွန်ဖယ်ဒရိတ်စနစ်နဲ့သွားမယ်ဆို ပိုပြီးအဆင်ပြေမယ်။ အခုလို ဖယ်ဒရယ်စနစ်နဲ့သွားမယ်ဆို ULA/AAရဲ့ မျှော်လင့်ချက်ဟာ အခုထက် ပိုလာမယ်လို့ယူဆတယ်။ နောက် ရခိုင်ပြည်သူလူထုရဲ့ဆန္ဒနဲ့လည်း တထပ်တည်းကျတဲ့အတွက် ဒီအချိန်မှာ ပြောသင့်ပြောထိုက်တယ်လို့မြင်တယ်။

စောစံငြိမ်းသူ (ဥက္ကဋ္ဌ) (ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့)

မြန်မာနိုင်ငံမှာ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်လာခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်အထိ ပြည်တွင်းစစ်ဖြစ်နေတာ။ အခုအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးကို အပစ်အခက်ရပ်စဲရေး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလုပ်ဆောင်မှုကနေတစ်ဆင့် တိုင်းပြည်၏ အမျိုးသားတန်းတူရေးကို ဖော်ဆောင်နိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့အဆင့်ကို မရောက်နိုင်သေးဘူး။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနဲ့အတူ လွှတ်တော်ဆိုတာပေါ်လာတယ်။ အဲဒီနောက် များမကြာမီမှာ သမ္မတဦးသိန်းစိန်က ဦးဆောင်ပြီးတော့ အပစ်အခက်ရပ်စဲရေးက ငြိမ်းချမ်းရေးကိုဖော်ဆောင်ခဲ့တယ်။ ဒါပေမယ့် လက်ရှိမှာ နောက်ပြန်ဆွဲနေတဲ့အနေအထားနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာတယ်။ လက်ရှိအချိန်အထိ အမျိုးသားတန်းတူရေးကို ဖော်ဆောင်နိုင်ဖို့လမ်းကြောင်းက အလှမ်းဝေးနေသေးတယ်လို့မြင်တယ်။ ဒါကို အဓိကပြောချင်တာက အမျိုးသားတန်းတူအခွင့်အရေးကို ဗမာမဟုတ်သော တိုင်းရင်းသားတွေက ပြောနေခြင်း မဟုတ်ပါ။ အဲဒီစကားကိုကိုင်ပြီးတော့ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ AA ပြောခဲ့တယ်လို့ယူဆတယ်။ အဓိက အမျိုးသားတန်းတူအခွင့်အရေးကိုဦးတည်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေတာမျိုးဖြစ်တယ်။ နောက်တစ်ခုက AA အနေနဲ့က ကွန်ဖယ်ဒရေးရှင်းကိစ္စကို ပြောထားတာလည်းကြာပါပြီ။ ကိုယ်တို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်၊ အမျိုးသားရေးဦးတည်ချက်က ဘာရှိလဲ။ အဲဒီအနေအထားကို မရောက်ဘူးဆိုရင် အခြားတူရာတူရာအုပ်စုတွေ၊ သူတို့ကိုပံ့ပိုးပေးနိုင်မယ့်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အနေအထားကိုပြောတာလို့ ယူဆတယ်။

ဦးအောင်သောင်းရွှေ (လွှတ်တော်အမတ်ဟောင်း)

ဒါက အဖွဲ့အစည်းတစ်ခု၏ရည်မှန်းချက်ကို ပုံဖော်တဲ့အခါ လုပ်သင့်လုပ်ထိုက်တဲ့ ချဉ်းကပ်မှုလုပ်ငန်းတစ်ခုကို ဘယ်လိုပုံဖော်သွားမယ်ဆိုတာ ပွင့်ပွင့်လင်းလင်းချပြတာလို့မြင်တယ်။ ULA/AA ရဲ့ သူတို့ဘယ်လိုရှေ့ဆက်ပြီး ဆောင်ရွက်ဖို့၊ သူတို့ဘာမျှော်မှန်းထားတယ်ဆိုတာကို လူအများသိအောင်ချပြတဲ့အခါမှာ သူတို့လိုချင်တဲ့ ပန်းတိုင်ကို တစ်ဖက်ကမျှော်လင့်လို့မရဘူးဆိုရင် နိုင်ငံတကာနဲ့ရှေ့ဆက်သွားမယ်ဆိုတာ လူတွေသိအောင်  ချပြလိုက်တာဖြစ်တယ်။

ကိုအောင်မြင့်သူ (မာန်အောင်ဒေသခံ)

ရခိုင်ရဲ့အခြေအနေက နိုင်ငံတစ်ခုလိုမျိုးသွားမယ်ဆိုရင် တခြားတိုင်းရင်းသားတွေထက် ဖြစ်နိုင်တဲ့ အနေအထားမှာရှိတယ်။ ရခိုင်ပြည်ကြီးက နိုင်ငံသဘောတရားကဖြစ်ဖြစ်၊ ပထဝီအနေအထားကဖြစ်ဖြစ် ဗမာပြည်နဲ့အဆက်ရှိနေမှာ။ နိုင်ငံအရခွဲထွက်လို့ရပေမယ့် ပထဝီအရတော့ အဆင်မပြေဘူး။ ကူးသန်းဆက်ဆံရေးက‌တော့ လုပ်နေရမှာပဲ။ အခုလိုသတင်းစာရှင်းလင်းပွဲမှာ တရားဝင်ပြောကြားလိုက်တာဟာ အစိုးရဘက်ကဆုံးဖြတ်ချက်ချတဲ့သူတွေကို သတိပေးလိုက်သလိုပဲ။ နောက်ပိုင်းမှာ ကိုယ့်ရခိုင်ပြည်အတွက် အဆင်မပြေလို့ လွတ်လပ်ရေးကြေညာပြီး ကိုယ့်နိုင်ငံအဖြစ်ခွဲထွက်ဖို့ကျတဲ့အချိန်မှာ ဘယ်ခုနှစ်၊ ဘယ်အချိန်က ငါတို့သတိပေးခဲ့သားပဲလို့ စကားတစ်ခွန်းကျန်ခဲ့ဖို့လိုတယ်လေ။ အဲ့ဒါကြောင့် ထောက်ခံတယ်။သဘောကျတယ်။

ဦးခင်မောင်လတ် (လွှတ်တော်အမတ်ဟောင်း)

ဒါက ပိုပြီးတရားဝင်ဖြစ်အောင် ပြောတဲ့သဘောပါ။ အရင်ကလည်း ဒီလိုမျိုး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဖူးတယ်။ အခုကတော့ သတင်းစာရှင်းလင်းပွဲနဲ့ တရားဝင်ကြေညာတဲ့သဘောဖြစ်တယ်။ နိုင်ငံတကာ ပူးပေါင်းဖို့ဆိုတာလည်း ဖြစ်နိုင်တယ်။ အရင်ကလည်း အဲလမ်းကြောင်းကို နာမည်ကြီးမီဒီယာတွေမှာ ရေးသားဖော်ပြတာတွေ့ရတယ်။ အခုက ရခိုင်တွေပဲမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပိုပြီး ဖက်ဒရယ်အဆင့်ထက်မြင့်တာလိုချင်တယ်။ ကွန်ဖယ်ဒရိတ်အဆင့်ပြီးတော့ အဲထက်သီးခြားနိုင်ငံအဖြစ် သွားဖို့မျိုးက အရင်ကလည်းကြေညာဖူးတယ်။ ရှမ်းကလည်း လွတ်လပ်ရေးနိုင်ငံ ကြေညာဖူးတယ်။ ကချင်ကလည်း နိုင်ငံမျှော်မှန်းချက်တွေနဲ့ ကြေညာဖူးတာတွေရှိတယ်။ ဗဟိုအစိုးရအားနည်းတော့ အဲလို အယူအဆတွေဖြစ်လာတယ်။ ဒီလမ်းကြောင်း ရခိုင်တစ်ခုတည်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ရှေ့ဆုံးမှာတော့ ရခိုင်နဲ့ “ဝ”က ရောက်နေတယ်။

ဦးနန္ဒသာရ (မြတန်ဆောင်းဆရာတော်) မြောက်ဦးမြို့

ကိုယ်တော်မြင်တာတော့ ရခိုင်တွေ ရွေးသင့်ရွေးထိုက်တဲ့လမ်းကို ရွေးချယ်လိုက်တယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသားလို့အခေါ်ခံရတဲ့ ဗမာမဟုတ်တဲ့လူမျိုးတွေဟာ ဗမာတွေရဲ့ဆုံးဖြတ်ချက်နဲ့ပဲ လိုက်နေရမယ်ဆိုတဲ့ အယူအဆကခိုင်မာနေပြီ။ အဲဒီလို မနေတဲ့သူတွေကိုလည်း ပြည်ထောင်စုဖြိုခွဲတယ်ဆိုပြီး အပြစ်ရှာ ဝိုင်းပယ်အရေးယူထောင်ချတယ်။ အဲဒီလိုလုပ်လာတာ ခေတ်အဆက်ဆက်ထဲကပါ။ ဒါကြောင့်လည်း ရခိုင်တွေက ကိုယ်ပိုင်လမ်းကြောင်း၊ ရွေးချယ်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်မှု မရှိတော့ဘူး။ ဗမာနောက်မှာလိုက်ရင်းနဲ့ပဲ နှစ်ပေါင်းများစွာကြာလာတယ်။ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်။ ဘယ်လိုအဆင့်အတန်းနဲ့ ဘယ်လိုနိုင်ငံစနစ်နေချင်တယ်ဆိုတာ ရခိုင်တွေဘာသာ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဗမာတွေပေးမှ မဟုတ်ဘဲ ကိုယ်နေချင်တဲ့အဆင့်အတန်းကို ရခိုင်တွေအနေနဲ့လုံးဝရွေးချယ်သင့်တယ်။ တည်ဆောက်သင့်တဲ့ စနစ်လည်းဖြစ်ပါတယ်။ ရခိုင်တွေ ကိုယ့်လမ်းကိုယ်သွားဖို့ရွေးချယ်ထားတဲ့အတွက် ULA/AA အနေနဲ့ မှန်ကန်တဲ့လမ်းကို ရွေးချယ်ထားတယ်လို့မြင်တယ်။

မခင်မြင့်ကြည် (ပုဏ္ဏားကျွန်းမြို့ဒေသခံ)

အစကတော့ အနုနည်းနဲ့ ကိုယ်တို့လိုချင်တာတောင်းတယ်။ အနုနည်းနဲ့မရတော့ အကြမ်းနည်းနဲ့ ဖြေရှင်းလာတယ်။ စစ်ပွဲတွေဖြစ်လာတယ်ပေါ့။ အခုလည်းဒီလိုပဲ ကိုယ်တို့နိုင်သလောက် တိုက်ထုတ်တယ်။ မရနိုင်ရင်တော့ ကိုယ့်နိုင်ငံရဖို့အတွက် တခြားနိုင်ငံနဲ့ပေါင်းပြီး တိုက်သင့်လည်းတိုက်ရမယ်။ အဓိကက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးလွတ်လပ်ခွင့်ရဖို့အတွက် အရေးကြီးတယ်။ ဒါကြောင့် လုပ်သင့်တယ်လို့ပဲမြင်ပါတယ်။

ဗီဒီယိုများ