၂၀၂၀ အလွန် ရခိုင်ပြည်နိုင်ငံရေး ဘယ်လိုရှေ့ဆက်ကြမလဲ

လက်ရှိကာလမှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးဘောင်ထက် စစ်ဘောင်က ပိုကျယ်နေတယ်ဆိုတာ ငြင်းလို့မရနိုင်တဲ့ အချက်ဖြစ်သလို၊ ပိုပြီးအံ့အားသင့်ဖို့ကောင်းတာက အမျိုးသားရင်ကြားစေ့ရေးကို ကြွေးကြော်လာတဲ့ အရပ်သားစစ်စစ်အစိုးရဟာ ဒီနေ့ထိ မဖြေရှင်းနိုင်သေးတဲ့ ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးအရ ဖြေရှင်းဖို့မကြိုးစားဘဲ...

21 Oct 2020

By မင်းထီး | DMG

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေလိုက်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း အငြင်းပွားမှုများ၊ ရခိုင်လူထု၏ မကျေနပ်ချက်များစွာကို တွေ့နေရပါတယ်။ အထူးသဖြင့် လူထု၏အသံများမှာ ပိုမိုကျယ်လောင်နေတာကို တွေ့ရပြီး ရခိုင်နိုင်ငံရေးပါတီများကတော့ ထူးခြားတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်တာမျိုးတော့ မတွေ့မိသေးပါဘူး။

မြန်မာ့ဒီမိုကရေစီအတွက် အရေးအကြီးဆုံး အဆုံးအဖြတ်ပေးရွေးချယ်ကြမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို မြန်မာတစ်နိုင်ငံလုံး မြို့နယ်ပေါင်း (၁၅) မြို့နယ်မှာ လုပ်ဆောင်လို့ မရကြောင်း ကြေညာချက်ကို (၁၆/၁၀/၂၀၂၀ )နေ့ ရွေးကောက်ပွဲမတိုင်ခင် (၂၃) ရက်အလိုမှ ကပ်ပြီးကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပလို့မရတဲ့ မြို့နယ်ကိုးခုနဲ့ တဝက်တစ်ပျက်မြို့နယ်လေးခု ပါဝင်တာကို တွေ့ရပြီး ရခိုင်ပြည်နယ်အတွင်း နေရာစုံရွေးကောက်ပွဲ ကျင်းပလို့ရနိုင်မယ့် မြို့နယ်လေးခုသာ ကျန်ခဲ့တာကို တွေ့ရပါတယ်။

ကျန်နေခဲ့တဲ့ လေးမြို့နယ်တွေကတော့ ဂွမြို့နယ်၊ သံတွဲမြို့နယ်၊ ရမ်းဗြဲမြို့နယ်နဲ့ မာန်အောင်မြို့နယ် တို့ဖြစ်ပြီး တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ၊ အမ်း စတဲ့ မြို့နယ်တွေမှာတော့ မြိုပေါ်ရပ်ကွက်များလောက်ကိုသာ ပြုလုပ်ဖို့ ထုတ်ပြန်ခဲ့တာပါ။ အခု ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နယ်တွေနဲ့ပတ်သက်ပြီး ရခိုင်လူထုကြား ဝေဖန်မှုတွေ မြင့်တက်နေတာကို တွေ့ရပြီး ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲခရိုင်ဟာ ရွေးကောက်ပွဲ အစဉ်အလာအရ ရခိုင်ကိုယ်စားပြုပါတီတွေ နိုင်လေ့နိုင်ထမရှိခဲ့ပါဘူး။ များသောအားဖြင့် ပြည်မပါတီတွေ အားကောင်းတဲ့နေရာတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင် ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မာန်အောင် စတဲ့ လေးမြို့နယ်လုံးမှာ လက်ရှိအာဏာရပါတီ (NLD) က ကိုယ်စားလှယ်နေရာ အားလုံးကို အနိုင်ရရှိခဲ့ပြီး ရမ်းဗြဲတစ်မြို့နယ်သာ ရခိုင်အခြေစိုက်ပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက အနိုင်ရခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ရခိုင်ပြည်နယ်မှာ နေရာအများဆုံး အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းခွင့် တောင်းဆိုချက်ကို ဗဟိုအစိုးရ (NLD) ပါတီက ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်ပြီး ဗဟိုအစိုးရနဲ့ ရခိုင်အမျိုးသားပါတီကြား သဘောထား စတင်ကွဲလွဲသွားကြတာကို တွေ့ရပါတယ်။ အဲဒါကြောင့်လည်း ရခိုင်ပြည်နယ်အစိုးရဟာ လက်ရှိငါးနှစ်တာကာလ ကုန် ဆုံးခါနီးသည်အထိ ရခိုင်လူထုအများစုရဲ့ ထောက်ခံမှုကို မရရှိခဲ့ပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အနည်းငယ် ပေးထားပေမယ့် ရခိုင်လူထုထောက်ခံမှုကို မရရှိခဲ့တဲ့ ပြည်နယ်အစိုးရဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်စွမ်းကို မပြနိုင်ခဲ့ဘဲ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုထဲက ရုပ်ပြအစိုးရအဖွဲ့ အဖြစ်ဖြင့်သာ ငါးနှစ်တာကာလကို ဖြတ်ကျော်နေရတာကို တွေ့ရပါတယ်။ ၂၀၁၈ မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်ပြင်းထန်ခဲ့လာတဲ့ နောက်ပိုင်း ရခိုင်ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်များ ပိုမိုကျဉ်းမြောင်းလာခဲ့ပြီး လက်ရှိ (၂၀၂၀) မှာတော့ လူရှေ့သူရှေ့ကပါ ပျောက်ကွယ်သွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

၂၀၂၀ အလွန်ရခိုင်ပြည်

NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကြောင့် လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ လူသိန်းပေါင်းများစွာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်ပဋိပက္ခကြောင့် မဖြေရှင်းနိုင်သေးတဲ့ကိစ္စတွေလည်း ရှိနေသေးသလို လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးသွားရတဲ့ အရပ်သားများ၊ ရွာလုံးကျွတ် မီးရှို့ခံနေရခြင်းများ၊ ကျေးရွာများအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် သေဆုံးရခြင်းများစတဲ့ လူထုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

လက်ရှိ ပြည်ထောင်စုအစိုးရက ရက္ခိုင့်တပ်တော် (AA) ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာကာ မြန်မာ့တပ်မတော်က အကြမ်းဖက်စစ်ဆင်ရေးကို ရခိုင်ပြည်နယ်အတွင်း စတင်ပြုလုပ်လာခဲ့ပါတယ်။ ၂၀၁၉ ဇွန်လ (၂၉) ရက်နေ့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ပြည်ထောင်စုအစိုးရက အင်တာနက်ပိတ်လိုက်ပြီး တစ်နှစ်ကျော်ကြာ သတင်းအမှောင်ချကာ ၂၀၂၀ ဩဂုတ်လမှာ ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ 2G internet အဆင့်သာဖြစ်လို့ သုံးစွဲလို့ အဆင်မပြေသေးပါဘူး။

လက်ရှိကာလမှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးဘောင်ထက် စစ်ဘောင်က ပိုကျယ်နေတယ်ဆိုတာ ငြင်းလို့မရနိုင်တဲ့ အချက်ဖြစ်သလို ပိုပြီးအံ့အားသင့်ဖို့ကောင်းတာက အမျိုးသားရင်ကြားစေ့ရေးကို ကြွေးကြော်လာတဲ့ အရပ်သားစစ်စစ် အစိုးရဟာ မြန်မာနိုင်ငံမှာ ဒီနေ့ထိ မဖြေရှင်းနိုင်သေးတဲ့ ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးအရ ဖြေရှင်းဖို့မကြိုးစားဘဲ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာကာ သတင်းအမှောင်ချပေးပြီး စစ်တိုက်ခိုင်းလိုက်တာဟာ ရခိုင်လူထုနဲ့ NLD အစိုးရကြား ယုံကြည်မှုများစွာ ကျဆင်းသွားစေခဲ့တဲ့အပြင် ရခိုင်လူထုတစ်ရပ်လုံး ဒေါသထွက်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုအတွက် ဝင်ငွေများစွာကို ရှာဖွေပေးနေသလို ကိုယ်တိုင်အကျိုးခံစားခွင့်က ဇီးရိုးအဆင့်မှာသာ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပင်မပြဿနာဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ တိုင်းရင်းသားဒေသများ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည်အဝ အာမခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ နိုင်ငံရေးအရသာ အဖြေရှာနိုင်မယ့် ပြဿနာဖြစ်တဲ့အတွက် လူထုကိုကိုယ်စားပြုတဲ့ ဒီမိုကရေစီဘောင်ကျယ်လာမှ တရားဝင်နိုင်ငံရေးဘောင်ထဲက ပြောဆိုဆွေးနွေးနိုင်ခွင့်ဘောင် ကျယ်လာမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရှုပ်ထွေးနေတဲ့ ပဋိပက္ခတွေကို အဖြေရှာဖြေရှင်းဖို့ အရေးတစ်ကြီး လိုအပ်နေချိန်မှာပဲ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုကို အထွေထွေရွေးကောက်ပွဲ ကျင်းပခွင့် ပိတ်ပင်လိုက်ခြင်းဟာ ရခိုင်လူထုရဲ့ ကိုယ်စားပြုမှုကို ပိတ်ပင်ခြင်းဖြစ်သလို ၂၀၂၀ အလွန် ရခိုင်ပြည်နယ်အတွင်း ဒီမိုကရေစီသေဆုံးစေခြင်းလည်း ဖြစ်ပါတယ်။ တစ်ခြားတစ်ဖက်မှာ ရခိုင်ပြည်နယ်အတွင်း စစ်ဘောင်ကို ထပ်မံချဲ့နိုင်ဖို့အတွက် ပြည်ထောင်စု ပြည်နယ်အဆင့်က ရခိုင်လူထု ကိုယ်စားပြုမှုနဲ့ တရားဝင်မှုအားလုံးကို နိုင်ငံရေးအရ ကြိုတင်သတ်ပစ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်ပးပနိုင်တဲ့ အကြောင်းရင်းကို ကြိုတင်ပြုလုပ်ထားသော သုတေသနမရှိဘဲ ဆုံးဖြတ်လိုက်ခြင်းဟာ ဗဟိုအစိုးရ (သို့) ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလွန်အကျွန် အာဏာသုံးစွဲခြင်းသာ ဖြစ်တယ်လို့ စာရေးသူအနေနဲ့ သုံးသပ်ပါတယ်။ စာရေးသူအမြင်ကတော့ ရခိုင်ပြည်နယ်အတွင်း တရားဝင် နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲကော်မရှင်က ဆွေးနွေးသင့်ပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးစားခဲ့သင့်တယ်လို့ ယူဆပါတယ်။ သို့မဟုတ် တန်းတူရေးကိုအလေးထားပါက နိုင်ငံတော်အစိုးရအနေနဲ့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းကို ခေတ္တအပစ်ရပ်ထားကြရန် ညှိနှိုင်းသင့်ပြီး ရွေးကောက်ပွဲအတွက် ပန်ကြားသင့်တယ်လို့ မြင်ပါတယ်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တပ်မတော်ဟာ ပြည်ထောင်စုအစိုးရ လက်အောက်တွင်ရှိကြောင်း တရားဝင်ပြောကြားထားတဲ့အတွက် ပြည်ထောင်စုအစိုးရဟာ တိုက်ပွဲကို ရပ်စဲထားနိုင်တယ်ဆိုတာ ထင်ရှားစေပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်လို့ ကြေညာတဲ့ နေရာများသို့ သတင်းမီဒီယာများကို စေလွှတ်ပြီး မြေပြင်အခြေအနေများကို ရယူခြင်းဖြင့်လည်း လုပ်ဆောင်နိုင်ပါတယ်။ သို့သော်လည်း အစိုးရဟာ ထိုအခြေအနေအားလုံးကို ကျောခိုင်းဆုံးဖြတ်လိုက်ခြင်းဖြင့် ရွေးကောက်ပွဲက ဖယ်ထုတ်လိုက်ခြင်းဟာ ၂၀၂၀ အလွန်မှာဖွဲ့စည်းမယ့် ရခိုင်ပြည်နယ်အစိုးရနဲ့ ရခိုင်လူထုအကြား ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အလွန်ခက်ခဲသွားစေမှာ သေချာပါတယ်။

နောက်တစ်ချက်က ရခိုင်နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍက ဘယ်လိုနေမလဲဆိုတာကလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ ကိုယ်စားပြုမှု အလွန်အကျွံနည်းသွားမယ့် ရခိုင်နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံရေးဩဇာကို ဘယ်လိုဆက်လက်ထိန်းချုပ်ထားကြမလဲ။ ရခိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီသုံးခုလုံးကတော့ လောလောဆယ် ငြိမ်သက်နေတာကို တွေ့ရသလို အခုလို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူ လက်ခံထားဆဲလို ထင်မြင်ရပါတယ်။

ရခိုင်နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျန်ရှိတဲ့ နေရာများကိုသာ ယှဉ်ပြိုင်ပြီး ၂၀၂၀ ကို ကျော်ဖြတ်ကြမလား ဆိုတာကတော့ ပါတီတွေရဲ့ ဆုံးဖြတ်ချက်သာဖြစ်မှာပါ။ အဲလိုသာဆိုရင် ရခိုင်နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲအတွက်သာ ကိုယ်စားပြုလိုကြောင်း ထင်ရှားစေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ရခိုင်ပြည်ရှိ ရခိုင်လူထုကို ကိုယ်စားပြုကြမည့် နိုင်ငံရေးပါတီများအနေဖြင့် အနည်းဆုံး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး လူထုသို့ ပန်ကြားခြင်းများ၊ နိုင်ငံ ရေးပါတီများအနေဖြင့် ရွေးကောက်ပွဲမရှိသည့် နောက်ကွယ်မှာ လုပ်ဆောင်မည့် ပါတီရဲ့နိုင်ငံရေး အာဂျန်ဒါများကို လူထုသို့ ချပြသင့်တယ်လို့ ယူဆပါတယ်။

ရွေးကောက်ပွဲမရှိသည့် ရခိုင်ပြည်နယ်က လူထုအတွက် နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှုများ လိုအပ်သလို၊ ရွေးကောက်ခံကိုယ်စားလှယ် မရှိတော့သည့်နောက်ပိုင်း လူထုအကျိုးကို မည်ကဲ့သို့ထမ်းဆောင်မည်၊ လူထုရှေ့က မည်ကဲ့သို့ရပ်တည်ပေးမည်၊ ရခိုင်ပြည်နယ်အတွင်းက လူထုတစ်ရပ် လုံးကို နိုင်ငံရေးအရ မည်သို့ဦးဆောင်မည် စသည့် နိုင်ငံရေးကို အခုအချိန်မှာ မြင်တွေ့နိုင်မှသာ လူထုကိုယ်စားပြုမှု မှန်ကန်စေမယ်လို့ စာရေးသူအနေဖြင့် သုံးသပ်ပါတယ်။ ရွေးကောက်ပွဲမရှိတော့တဲ့နောက် ရခိုင်ပြည်အရေးဟာ နိုင်ငံတော်အတိုင်းအတာအရ အလွန်ရှုပ်ထွေးလာနိုင်တဲ့ အခြေအနေရှိနိုင်တဲ့အတွက် ရခိုင်နိုင်ငံရေးပါတီများအနေဖြင့်လည်း ပိုမိုတောက်ပြောင်တဲ့ နိုင်ငံရေးအတွေးဖြင့်သာ ၂၀၂၀ အလွန် ရခိုင်နိုင်ငံရေးကို အကောင်းဆုံး ဦးဆောင်ဖြတ်သန်းနိုင်မှာ ဖြစ်သလို လူထုအား ထောက်ခံယုံကြည်မှုကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။

လက်ရှိရွေးကောက်ပွဲ အခြေအနေအရ ၂၀၂၀ အလွန်မှာ ပြည်ထောင်စုအစိုးရကို မည်သည့်ပါတီကမှ တစ်ပါတီတည်း ဖွဲ့စည်းနိုင်ခြေမရှိနိုင်ဘူးလို့ စာရေးသူအနေဖြင့် သုံးသပ်မိပါတယ်။ အများဆုံး အနိုင်ရရှိတဲ့ပါတီဟာ အစိုးရဖွဲ့နိုင်ရေး မဟာမိတ်ကို ဘယ်လိုဖွဲ့မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ခြေဥအရ လုပ်ပိုင်ခွင့်ရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ်များ ထောက်ခံမှုကိုရယူကာ အစိုးရဖွဲ့ပါက အစိုးရ၏လုပ်ပိုင်ခွင့် ပိုမိုများပြားနိုင်သလို တပ်မတော်အနေဖြင့်လည်း နိုင်ငံရေးအာဏာ အများစုကို အသာစီးရယူထားနိုင်ဖို့ များပါတယ်။ လက်ရှိယုံကြည်မှု တည်ဆောက်ထားတဲ့ အခြေအနေအရ ပြည်ထောင်စုမှာ NLD ပါတီမဲအများဆုံးရရှိနိုင်ပြီး အစိုးရကို ညွန်းပေါင်းဖွဲ့ရမည်ဆိုပါက တပ်မတော်နှင့် ပူးပေါင်းနိုင်ခြေများတယ်လို့ ယူဆပါတယ်။

ရခိုင်ပြည်အရေးဟာ ၂၀၂၀ အလွန်မှာ ပိုမိုရှုပ်ထွေးစေနိုင်သလို၊ စားပွဲဝိုင်းဆွေးနွေးပွဲကိုလည်း ရောက်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ရခိုင်နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲမရှိတဲ့ အခြေအနေမျိုးမှာ အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ဖို့ လိုအပ်သလို၊ အကောင်းဆုံးအတွက်လည်း ပြင်ဆင်မှုအားလုံးကို ကြိပြင်ဆင်ထားသင့်တဲ့ အချိန်ဖြစ်ကြောင်း သုံးသပ်အကြံပြုအပ်ပါတယ်။ ရခိုင်လူထုအနေဖြင့်လည်း အချင်းချင်းကြားက မတူကွဲပြားမှုကို အခွင့်အလမ်းတစ်ခုအဖြစ် အမိအရဆုပ်ကိုင်ကာ ရခိုင်နိုင်ငံရေးပါတီများနဲ့အတူ စိန်ခေါ်မှုများစွာကို ဖြတ်ကျော်ဖို့ လိုအပ်တယ်လို့ ရှုမြင်သုံးသပ်မိပါတယ်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ