စိုးရိမ်နေရတဲ့ ကမ္ဘာ

လက်ရှိ ကမ္ဘာကြီးသည် နိုင်ငံများအချင်းချင်း အင်အားပြိုင်ဆိုင်မှု ပိုမိုပြင်းထန်နေသည်။ စစ်ရေးပြပွဲကြီးများ ဖန်တီးလာကြသည်။ ပိုင်ဆိုင်ထားသော စစ်လက်နက်များကို အပြိုင်အဆိုင် ထုတ်ပြနေကြသည်။ ကမ္ဘာ့နိုင်ငံများကြားထဲတွင် အငြင်းပွားစရာများ၊ အမုန်းပွားစရာများနှင့် ရှုပ်ထွေးပွေလီသော ပဋိပက္ခများဖြင့် ပူလောင်နေကြရသည်။

By ရက္ခ 12 Dec 2018

ဆောင်းပါးရှင် - ရက္ခ / DMG

မီးဆိုလည်း စိုးရိမ်ရ

ရေဆိုလည်း စိုးရိမ်ရ

လေဆိုလည်း စိုးရိမ်ရ 

မြေဆိုလည်း စိုးရိမ်ရ

အဖေဆိုလည်း စိုးရိမ်ရ

အမေဆိုလည်း စိုးရိမ်ရ

သားဆိုလည်း စိုးရိမ်ရ

သမီးဆိုလည်း စိုးရိမ်ရ

ညီအစ်ကိုဆိုလည်း စိုးရိမ်ရ

မောင်နှမဆိုလည်း စိုးရိမ်ရ

ချစ်သူဆိုလည်း စိုးရိမ်ရ

သူငယ်ချင်းဆိုလည်း စိုးရိမ်ရ

စစ်ဆိုလည်း စိုးရိမ်ရ

စနစ်ဆိုလည်း စိုးရိမ်ရ. . .။       

လင်းသဏ်ညီ ( စိုးရိမ်နေရတဲ့ ကမ္ဘာမှ)

(မိုရာမုန်တိုင်းကြောင့် နေအိမ်ပျက်စီးသွားသဖြင့် ပစ္စည်းများရွှေ့ပြောင်းနေသာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ မိသားစုတစ်စုအား တွေ့ရစဉ်။)

(တစ်)                    

ယနေ့ခေတ် ကမ္ဘာကြီးသည် စိုးရိမ်စရာအပေါင်းနှင့် ပြည့်နှက်နေ၏။ လူလုပ် ဘေးအန္တရာယ်များကြားထဲတွင် ကမ္ဘာကြီး နာဖျားနေရသည်။ ချားလ်ဒါဝင်၏ တောကြီးမျက်မည်းသီအိုရီများ ပြန်လည် ထွန်းကားလာနေသည်။ ကြီးနိုင်ငယ်ညှင်း ကမ္ဘာကြီး ဖြစ်လာနေသည်။ ကဏ္ဍပေါင်းစုံထဲတွင် စိုးရိမ်စရာများဖြင့် အလှဆင်ထားသော ကမ္ဘာကြီး ဖြစ်နေရသည်။ စုတ်သပ်သံများ ဆူညံနေသည်။ စိုးရိမ်တတ်သူများက ကမ္ဘာကြီးအတွက် သတိပေးချက်များ အကြိမ်ကြိမ် ထုတ်ပြန်နေရသည်။ ကမ္ဘာကြီး၏ ခံနိုင်ရည်အားကို တိုင်းတာစမ်းသပ်နေ ကြရသော အခြေအနေပင် ဖြစ်၏။ 

အောက်တိုဘာလ ၆ ရက်နေ့ က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အခြေစိုက်ထားသော ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ အဖွဲ့အစည်း (IPCC) ထံမှ ကမ္ဘာကြီးအတွက် အချက်ပေး ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လန်ဒန်၊ ဂျာကာတာ၊ ရှန်ဟိုင်းနှင့် အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်မှ ဟောက်စတန် စသော မြို့တော်များတွင် ရေကြီးရေလျှံမှုအကြိမ်ရေ ပိုများလာနိုင်ကြောင်း သတိပေးတပ်လှန့် ထား၏။

ကမ္ဘာ့မြို့ပြကြီးများတွင် မုန်တိုင်းကျရောက်ကာ ရေကြီးရေလျှံမှုများ ဆိုးဝါးလာနိုင်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြ၏။  လက်ရှိ အချိန်တွင်လည်း မြေငလျှင်များ၊ မုန်တိုင်းကြီးများနှင့် ရေကြီးရေလျှံခြင်း အခြေအနေများကို ကမ္ဘာအရပ်ရပ်၌ ကြုံတွေ့နေကြရသည်။ ထိုအချက်များမှာ ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ အဖွဲ့အစည်း (IPCC) ၏ အချက်ပေးခေါင်းလောင်းသံကို ယုတ္တိ ပိုတန်စေသည်။

(နှစ်)

ဇီဝဗေဒပညာရှင် ရေချယ်ကာဆင်က ယနေ့ခေတ် ကမ္ဘာကြီးကို အဆိပ်ခေတ်ကမ္ဘာကြီးအဖြစ် ကင်ပွန်း တပ်ခဲ့ဖူးသည်။ လူလုပ် အဆိပ်ငွေ့များကြားထဲတွင် ကမ္ဘာကြီး အဆိပ်သင့်နေရသည်ဟု ဆိုနိုင်သည်။ ကမ္ဘာ့ရာသီဥတုသည် တနေ့ထက်တစ်နေ့ ဆိုးဝါးဖောက် ပြန်လာသည်။ ကမ္ဘာကြီးသည် တစ်နေ့ထက်တစ်နေ့ ပိုမို ပူနွေးလာသည်။ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ မိုးလေဝသအေဂျင်စီ၏ အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်သည် စံချိန်သစ်တင် ပူနွေးသောနှစ်တစ်နှစ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘာ့မိုး လေဝသအဖွဲ့ (WMO) ကလည်း ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် အပူရှိန်သည် စက်မှုခေတ် မတိုင်မီကထက် တစ်ဒီဂရီဆဲစီးယပ် ပိုမြင့်လာနိုင် ကြောင်း ဖော်ပြခဲ့သည်။

ကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင်သည် ၁၉၉၃ - ၂၀၁၄ ခုနှစ်များအတွင်း၌ (ဝ.၁၂ လက်မ မှ ၃.၁ မီလီ မီတာ) အထိ နှစ်စဉ် တိုးတက်လာခဲ့ကြောင်း ဆိုသည်။ ကမ္ဘာကြီး၏ အပူချိန်သည်လည်း ၁၉၉၀-၂၀၁၀ ပြည့်နှစ်များ အတွင်းတွင် (၁.၄ ဒီဂရီစင်တီဂရိတ်) မှ (၅.၈ ဒီဂရီစင်တီဂရိတ်)ထိ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းဖော်ပြသည်ကို တွေ့ရှိရသည်။ အကယ်၍ ကမ္ဘာ့အပူချိန်သည် (၂ ဒီဂရီဆဲစီးယပ်) ထက် ကျော်လွန်သွားမည်ဆိုပါက ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်သောနေရာများမှာ ရေအောက်သို့ ရောက်ရှိ သွားမည်ဟု ဆိုသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ကျွမ်းကျင်သူများ အဆိုအရ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု မြင့်တက်လာခြင်းက ပဋိပက္ခများ၊  ဆာလောင်မှုများ၊ ရေကြီးရေလျှံမှုများနှင့် ပြောင်းရွှေ့မှုများကို ပို မိုဖြစ်လာနိုင်စေကြောင်း ဖော်ပြသည်။ သဘာဝတရား၏ ဒဏ်ခတ်ခြင်းများ ကြားထဲတွင် စိုးရိမ်နေရသော ကမ္ဘာကြီးပင် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မြေငလျှင်နှင့် ဆူနာမီလှိုင်းများ၊ ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျှင်များနှင့် ကမ္ဘာအရပ်ရပ်ကို ခြိမ်းခြောက်နေသော အင်အားပြင်း မုန်တိုင်းကြီးများက စိုးရိမ်စရာပင် ဖြစ် သည်။ 

(သုံး)

တုတ်ဆိုလည်း စိုးရိမ်ရ

ဓါးဆိုလည်း စိုးရိမ်ရ

နှလုံးသားဆိုလည်း စိုးရိမ်ရ

အသည်းဆိုလည်း စိုးရိမ်ရ

တစ်မြို့တစ်ရွာက စိုးရိမ်ရ

တစ်နေရာ တစ်ကမ္ဘာက စိုးရိမ်ရ။

လက်ရှိ ကမ္ဘာကြီးသည် နိုင်ငံများအချင်းချင်း အင်အားပြိုင်ဆိုင်မှု ပိုမိုပြင်းထန်နေသည်။ စစ်ရေးပြပွဲကြီးများ ဖန်တီးလာကြသည်။ ပိုင်ဆိုင်ထားသော စစ်လက်နက်များကို အပြိုင်အဆိုင် ထုတ်ပြနေကြသည်။ ကမ္ဘာ့နိုင်ငံများကြားထဲတွင် အငြင်းပွားစရာများ၊ အမုန်းပွားစရာများနှင့် ရှုပ်ထွေးပွေလီသော ပဋိပက္ခများဖြင့် ပူလောင်နေကြရသည်။ အရှေ့တိုင်း ၂၀၁၈ ခုနှစ်ဟုဆိုသော အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ခုကို ရုရှားက စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံမှလည်း တပ်ဖွဲ့ဝင်ပေါင်း ၃၂၀၀ ခန့်၊ စစ်ဘက်ဆိုင်ရာယာဉ်ပေါင်း ၁၀၀၀၀ ကျော်၊ ရေယာဉ်နှင့် လေယာဉ် ၃၀ စသဖြင့် ပါဝင်ကြမည် ဖြစ်သည်။ ဂျပန်နိုင်ငံမှလည်း တောင်တရုတ်ပင်လယ်ဒေသတွင် ရေငုတ်သင်္ဘောခြေမှုန်းရေး စစ်ဆင်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ကြေငြာချက်ထုတ်ပြန်သည်။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့် အငြင်းပွားနေကြရသော ဂျပန်နှင့်တရုတ် တို့အကြား အကဲစမ်းမှုဖြစ်၏။ အစ္စရေးနှင့် အာရပ်ကမ္ဘာကိစ္စမှာလည်း ရတက် မအေးရသော ကိစ္စပင်ဖြစ်သည်။

ယနေ့ကမ္ဘာကြီးသည် မူးယစ်ဆေးဝါး အရေးကိစ္စများ၊ အကြမ်းဖက်မှုများ၊ သက်ကြီး၊ သက်ငယ်မုဒိန်းမှုများ နှင့် သဘာ၀ ဘေးအန္တရာယ်ဆိုးများအ တွင်း ရတက်ပွေနေရသည်။ ကမ္ဘာကြီး၏ စိုးရိမ်လှိုက်မောမှုများကို မြင်တွေ့ခံစားနေကြရသည်။ ကမ္ဘာကြီး၏ ပင့်သက်ရှိုက်သံများကို ကြားနာနေရသည်။ ကမ္ဘာကြီးသည် အဆိုးနှင့် အကောင်းကို ဒွန်တွဲ ထမ်းပိုးထားရသည်။ ပြုပြင်သူနှင့် ဖျက်စီးသူကို သာတူညီမျှ ရှင်သန်ခွင့်ပေးထားရသည်။ ငြိမ်းချမ်းလိုသူနှင့် မငြိမ်းချမ်းလိုသူများကို မဆုပ်မလျော့သော အခွင့်အရေးကိုယ်စီ ပေးထားရသည်။ သို့သော် အရိပ်နေနေ၊ အခက်ချိုးချိုးများကြားထဲတွင် ကမ္ဘာကြီး သစ်ခက်စိမ်းချိုးခံနေရသည်။ တခါတရံတွင် ကမ္ဘာကြီးသည် ဆဒ္ဒန်ဆင်မင်းကဲ့သို့ သူ့အစွယ်ကိုသူဖြတ်ကာ သောနုတ္တရမုဆိုး များလက်ထဲသို့ အပ်နှင်းပေးနေရသည်။ ရေထု၊ လေထု၊ မြေထုနှင့် လူများ၊ တိ ရိစ္ဆာန်များ၊ သစ်ပင်၊ တောင်တန်းနှင့် ပင်လယ်များအတွက် ရတက်မအေးရသော ကမ္ဘာ။ အမေ အဖေ၊ သားသမီး၊ ညီအစ်ကို မောင်နှမများအတွက် ရတက် မအေးရသောကမ္ဘာ။ ငြိမ်းချမ်းရေချိုးဖြူငှက် အတောင်ပံခတ်ရန် ရတက်မအေးရသော ကမ္ဘာ။ စိုးရိမ်နေရသော ကမ္ဘာပင် ဖြစ်သည်။

(လေး)

လက်ရှိမြန်မာနိုင်ငံ မြို့ပြများတွင် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေကြရသည်။ ဘင်္ဂလား ပင်လယ်အော်တွင် မကြာခဏဖြစ် ပေါ်လာတတ်သော လေဖိအားနည်းရပ်ဝန်းများက အရောင်အဆင်း အမျိုးမျိုးဖြင့် မြန်မာနိုင်ငံကို ခြိမ်းခြောက်လာတတ်သည်။ ငလျှင်များလည်း မကြာခဏဆိုသလို ခြိမ်းခြောက်လာနေသည်။ မိုလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျှင်ဌာနခွဲမှ ပြောကြားချက်အရ တစ်နိုင်ငံလုံးတွင် တစ်လအတွင်း မြေငလျှင် (၁၀)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ကြားသိရသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် မြစ်ကြီးနားမြို့ တို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ပြတ်ရွေ့တစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့ အတွင်းတွင် ကျရောက်နေကြောင်း ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ငလျှင်လှုပ်ခတ်နိုင်ခြေ အများဆုံး တိုင်းနှင့် ပြည်နယ် (၆) ခုစာရင်းကိုလည်း ထုတ်ပြန်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုသည်လည်း ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေသည်။ နိုင်ငံတော်အနေနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း လက်လှမ်းမမှီသော နေရာများတွင် ဒီရေတောနှင့် သစ်တောများ အဆက်မပြတ် ပြုန်းတီးနေရဆဲ ဖြစ်သည်။ ပိုင်ရှင်မဲ့ သစ်မှောင်ခိုများကို မကြာခဏ ဖမ်းဆီးရမိနေသည်။

ပိုင်ရှင်မဲ့သည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ သစ်တောပြုန်းတီးမှုကတော့ ငြင်းမရသော အချက်သာဖြစ်၏။ ရခိုင် ပြည်နယ်ထဲတွင် နိုင်ငံခြားသို့ တရားမဝင် ခိုးထုတ်နေသော ပင်လယ်ကူးသစ် မှောင်ခိုသင်္ဘောများကို မရိုးနိုင်စတမ်း တွေ့မြင်နေကြရသည်။ ထို့အပြင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မုဒိန်းမှုများက နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသည်။ ပြည်သူများအပေါ်တွင်လည်း စိန်ခေါ်နေသည်။ စိုးရိမ်စရာပင် ဖြစ်သည်။

(ငါး)

အမိန့်ဆိုလည်း စိုးရိမ်ရ

အာဏာဆိုလည်း စိုးရိမ်ရ

တစ်ယောက်ယောက်က

မိန့်ခွန်းထပြောမှာတောင်

စိုးရိမ်နေရတဲ့ ငါတို့ကမ္ဘာ။ ။

လက်ရှိ မြန်မာနိုင်ငံသည် ကြီးနိုင်ငယ်ညှင်းလိုသူများ၏ ပါးစပ်ဖျား ထဲမှ ICC ၊ R2P ၊ HRW အစရှိသော သိုးဆောင်းစကားလုံးများဖြင့် ခြိမ်းခြောက်ခံနေရသည်။ ကမ္ဘာ့ဟစ်တိုင်ထက်မှ ဘင်္ဂါလီအရေးကို တဖွဖွအော်ဟစ် အမိန့်ပေးခံနေရသည်။ နိုင်ငံသားများ အချင်းချင်းတွင်လည်း တစ်ယောက်ကိုတစ်ယောက် ဝေဖန်မခံနိုင်၊ ထောက်ပြမခံနိုင်ဘဲ ဥပဒေကို ကိုယ်ရေးကိုယ်တာ အကာအကွယ်အဖြစ် လုပ်ယူနေကြသည်။ ထစ်ခနဲဆိုလျှင် တရားစွဲဆိုနေကြသည်။ စာတစ်ကြောင်း အတွက်သော်လည်းကောင်း၊ ကဗျာတစ်ပုဒ်အတွက် သော်လည်းကောင်း၊ သဘာဝအတွက် သော်လည်းကောင်း၊ စားဝတ်နေရေးအတွက် သော်လည်းကောင်း စိုးရိမ်နေကြရသည်။ အရာရာအတွက် စိုးရိမ်နေရသော ကမ္ဘာကြီးပင် ဖြစ်လေသည်။ 

  • (ကဗျာကို အသုံးပြုခွင့်ပေးသော သူငယ်ချင်း ကဗျာဆရာ လင်းသဏ်ညီ သို့ စာပေသစ္စာဖြင့် ဂါဝရပြုပါသည်)
  • ရက္ခ
  • ဤဆောင်းပါးသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် Development News Journal, Issue 98 တွင် ဖော်ပြပါရှိပြီးဖြစ်သည်။

ဗီဒီယိုများ