- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
သံတွဲမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမှုများလုပ်ဆောင်နေ
ဧပြီလ ၉ ရက်မှစ၍ မြို့မဈေးကြီးအနီးနှင့် အ.ထ.က(၁)အနီးတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက လူသွားလူလာများအား စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်။
13 Apr 2024

DMG ၊ ဧပြီ ၁၃
ရခိုင်ပြည်၊ သံတွဲမြို့တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ ဒေသခံများအား တင်းကြပ်စွာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ဧပြီလ ၉ ရက်မှစ၍ မြို့မဈေးကြီးအနီးနှင့် အ.ထ.က(၁)အနီးတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက လူသွားလူလာများအား စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်။
“သံတွဲမြို့မှာ အရင်ကထက် လုံခြုံရေးတင်းကြပ်မှုရှိတယ်။ အရင်ဆိုရင် မြို့အဝင်အထွက်လောက်ပဲ ပိတ်ထားတာ။ အခုက စစ်ဆေးရေးတင်းကြပ်မှုတွေ ရှိလာတယ်။ အမျိုးသားတွေကိုဆိုရင် ပိုပြီးတော့စစ်ဆေးတယ်” ဟု သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီက လုံခြုံရေးတင်းကြပ်မှုနှင့်အတူ ဒေသခံများကိုလည်း ဖမ်းဆီးမှုများရှိလာသဖြင့် စိုးရိမ်နေရကြောင်း သူက ဆက်ပြောသည်။ ဧပြီလ ၇ ရက်က သံတွဲမြို့နယ်၊ ဘောက်တောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးကို သံတွဲမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
အာရက္ခတပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများမှာ သံတွဲမြို့နယ်အတွင်းသို့ ကူးစက်လာမည်ကို စိုးရိမ်ပြီး စစ်ကောင်စီက လုံခြုံရေးနှင့်စစ်ဆေးမှုများကို တင်းကြပ်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြသည်။
ဧပြီလ ၉ ရက်က သံတွဲမြို့နယ်ရှိ ငန်းကျွန်း၊ ကျောက်ဆိပ်၊ တောင်ညိုကျေးရွာများ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီစစ်သင်္ဘောများက လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
“ရွာအနီးမှာ AA တပ်သားတွေရှိတာလည်း မဟုတ်ဘူး။ စစ်ကောင်စီက ဒီအတိုင်းလှမ်းပစ်နေတာ။ ဒေသခံတွေက တော်တော်လေးကို သတိထားနေကြရတယ်” ဟု တောင်ညိုကျေးရွာသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လကလည်း သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက နားပင်းမ၊ ဟုန်းပေါက်နှင့် ခမောင်းတုန်းကျေးရွာအနီးများကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်တိုက်ပွဲ (၅) လတာအတွင်း AA က မြို့နယ် ၉ ခုထိ သိမ်းပိုက်ရရှိထားပြီး ရခိုင်တပြည်လုံးကို အမြန်ဆုံး သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။