တိုင်းရင်းသားအခွင့်အရေးနှင့် လူနည်းစုအခွင့်အရေး ဘာတွေကွာသလဲ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံတတိယအကြိမ်မြောက် အစည်းအဝေးကို NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ထိုးထားခြင်းမရှိသည့် အဖွဲ့အစည်းများပါ စုံလင်စွာတက်ရောက်ခဲ့ကြသည်ဖြစ်သော်လည်း အရေးပါသည့်ခေါင်းစဉ်၊ အကြောင်းအရာ တစ်ခုဖြစ်သည့် တိုင်းရင်းသားအခွင့်အရေးကိစ္စအား ထည့်သွင်းဆွေးနွေးခွင့်မရခဲ့ကြ။ ယခုတစ်ကြိမ် အစည်းအဝေးအနေဖြင့် နိုင်ငံ၏ရှည်လျားသည့် လက်နက်ကိုင်ပဋိပက္ခ၏ အဓိကအရင်းအမြစ်တစ်ခုဖြစ်သည့် တိုင်းရင်းသားအခွင့်အရေးကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးညှိနှိုင်းကြရန် အခွင့်အရေးတစ်ခု နစ်နာသွားခဲ့ရပါသည်။

By ဟေမန်ဦး 18 Aug 2018

ဟေမာန်ဦး ရေးသားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံတတိယအကြိမ်မြောက် အစည်းအဝေးကို NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ထိုးထားခြင်းမရှိသည့် အဖွဲ့အစည်းများပါ စုံလင်စွာတက်ရောက်ခဲ့ကြသည်ဖြစ်သော်လည်း အရေးပါသည့်ခေါင်းစဉ်၊ အကြောင်းအရာ တစ်ခုဖြစ်သည့် တိုင်းရင်းသားအခွင့်အရေးကိစ္စအား ထည့်သွင်းဆွေးနွေးခွင့်မရခဲ့ကြ။ ယခုတစ်ကြိမ် အစည်းအဝေးအနေဖြင့် နိုင်ငံ၏ရှည်လျားသည့် လက်နက်ကိုင်ပဋိပက္ခ၏ အဓိကအရင်းအမြစ်တစ်ခုဖြစ်သည့် တိုင်းရင်းသားအခွင့်အရေးကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးညှိနှိုင်းကြရန် အခွင့်အရေးတစ်ခု နစ်နာသွားခဲ့ရပါသည်။

ညီလာခံမတိုင်မီ ဇူလိုင်လ ၄ ရက် မှ ၆ ရက်ထိ ပြုလုပ်ခဲ့သည့်  UPDJC အစည်းဝေးတွင် ဤအကြောင်းအရာ ကိစ္စရပ်အား ငြိမ်းချမ်းရေးညီလာခံ၏ နိုင်ငံရေးကဏ္ဍခေါင်းစဉ်အောက်၌ ထည့်သွင်းဆွေးနွေးနိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့ရာတွင် တိုင်းရင်းသားလူနည်းစုနှင့် အခြားလူနည်းစုဆိုသည့် ဝေါဟာရတို့အပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုအပိုင်း၌ အကြိတ်အနယ်ဆွေးနွေးငြင်းခုံခဲ့ရသည့် အခြေအနေကြောင့် ညီလာခံတွင် ထည့်သွင်းဆွေးနွေးခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ဖြေကြားချက်မှ တစ်ဆင့်သိခဲ့ရသည်။ ထို့ကြောင့် နိုင်ငံရေးကဏ္ဍအောက်တွင် ကျား/မ တန်းတူညီမျှရေး ကိစ္စတစ်ခုသာ ပါဝင်ခဲ့သည်။

အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ လူနည်းစုနှင့် တိုင်းရင်းသားအုပ်စုနှစ်ခုတို့၏ မတူကွဲပြားသည့် အခွင့်အရေး သဘောသဘာဝကို နိုင်ငံတကာလူ့အခွင့်အရေးဥပနှေင့် စံနှုန်းများရှု့ထောင့်မှ ဆွေးနွေးပါမည်။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် စံနှုန်းများအရဆိုလျှင် လူနည်းစုနဲ့ တိုင်းရင်းသားအုပ်စု နှစ်မျိုးတို့ဟာ ကွဲပြားမှုရှိသလို ၎င်းတို့၏ အခွင့်အရေးများမှာလည်း ကွဲပြားခြားနားသည့် သဘောသဘာဝများကို  တွေ့ရှိရသည်။ လူနည်းစုနှင့် တိုင်းရင်းသားလူမျိုးများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ တူညီမှုမရှိကြပါ။ လူနည်းစုများ၏ အခွင့်အရေးများဆိုင်ရာ ကြော်ငြာစာတမ်းနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းဟူ၍ ကြေညာစာတမ်းနှစ်မျိုး သီးခြားရှိကြပါသည်။

လူနည်းစုများ၏ အခွင့်အရေးများဆိုင်ရာ ကြော်ငြာစာတမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံမှ ၁၉၉၂ ခုနှစ် တွင် သဘောတူချမှတ်ခဲ့ကြသည်။  Declaration on the rights of persons belonging to National or Ethic, Religious and Linguistic Minorities ဖြစ်သည်။ အမျိုးသား (သို့) လူမျိုးစုဆိုင်ရာ၊ ဘာသာရေးနှင့် ဘာသာစကားဆိုင်ရာလူနည်းစုဝင်များ၏ အခွင့်အရေးများဆိုင်ရာကြော်ငြာစာတမ်းဟု ဘာသာပြန်ဆိုလျှင် သင့်မြတ်မည်ထင်ပါသည်။ ဤစာတမ်းအရ လူနည်းစုများကိုသတ်မှတ်ရာတွင် လူမျိုးစု၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဘာသာစကားစသည့် လကဏ္ခာများအပေါ်အခြေခံ၍ သတ်မှတ်သည်ကိုတွေ့ရသည်။ သို့ရာတွင် မည်သည့်အုပ်စုများအနေဖြင့် လူနည်းစုဖြစ်ကြောင်း၊ မဖြစ်ကြောင်းကို နိုင်ငံတကာမှ အားလုံးလက်ခံ သဘောတူသည့်တစ်ခုတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကနေ့ထိ မရှိသေးပါ။ သို့ရာတွင် ကုလသမဂ္ဂအနေဖြင့် လူနည်းစုဝေါဟာရနှင့်ပက်သက်လျှင် အဆိုပါကြော်ငြာစာတမ်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရည်ညွှန်းကိုးကား လေ့ရှိပါသည်။  လူနည်းစုအခွင့်အရေးဆိုင်ရာ ကြော်ငြာစာတမ်းမှာတိုတောင်းလျှက် အပိုဒ် (၉) ပိုဒ်သာပါဝင်ပြီး လူနည်းစုတို့၏တည်ရှိမှုနှင့် ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာရေးဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို အသိအမှတ်ပြုအကာအကွယ်ပေးရန်၊ ခွဲခြားဆက်ဆံမှုများမပြုရန်၊ လူနည်းစုများနှင့် ပက်သက်သည့် ဆုံးဖြတ်ချက်များတွင် ပါဝင်ဆောင်ရွက်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အလေးပေး ပြဋ္ဌာန်းထားပါသည်။   

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကြော်ငြာစာတမ်း (Declaration on the rights of Indigenous Peoples) ကို ကုလသမဂ္ဂအထွေထွေညီလာခံမှ ၂၀၀၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ လူနည်းစုများ၏ အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း အတည်ပြုပြီး ၁၅ နှစ်ခန့် ကြာပြီး နောက်ပေါ်လာခြင်းဖြစ်သည်။ Indigenous peoples ကို ဌာနေတိုင်းရင်းသားဟု ဘာသာပြန်သည် များလည်းရှိပါသည်။ စာရေးသူအနေဖြင့် တိုင်းရင်းသားဟု ဘာသာပြန်ဆိုပါမည်။

တိုင်းရင်းသားလူမျိုးများဆိုသည်မှာ ကိုလိုနီခေတ်မတိုင်မီ (သို့) နိုင်ငံနယ်နိမိတ်သတ်မှတ်မှုမပြုမီကပင် မှီတင်းနေထိုင်လာခဲ့ကြသည့် လူမျိုးများမှဆင်းသက်လာသည့် မျိုးဆက်များကိုဆိုလိုသည်။ သူတို့တွင် ကွဲပြားခြားနားသည့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးစနစ်များ၊ ယဉ်ကျေးမှုနှင့်ယုံကြည်မှုများရှိကြပြီး ယင်းသွင်ပြင်လက္ခဏာများကို ထိန်းသိမ်းပြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လိုသည့် ဆန္ဒရှိကြသည်။ တိုင်းရင်းသားလူမျိုးများတွင် သူတို့၏ ဘိုးဘွားစဉ်ဆက်နယ်မြေများနှင့် သဘာဝအရင်းအမြစ်များအပေါ်တွင် ခိုင်မာသည့် ငြိတွယ်မှုကိုလည်း တွေ့ရှိရသည်။ သူတို့ကိုယ်သူတို့ တိုင်းရင်းသားများအဖြစ် သတ်မှတ်ခံယူကြ သူများဖြစ်ကြသည်။

သို့ရာတွင် လူနည်းစုကိစ္စမှာကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ပက်သက်၍ တစ်ကမ္ဘာလုံးမှ သဘောတူ လက်ခံထားသည့် တစ်ခုတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိသေးပါ။ သို့ရာတွင် အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အများဆုံးလက်ခံကျင့်သုံးသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုဖြစ်သည်။  

ဤအဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကြည်လျှင် တိုင်းရင်းသားလူမျိုးစုတို့မှာ သူတို့၏ ဘိုးဘွားစဉ်ဆက်နယ်မြေပိုင်ဆိုင်မှု၊ သဘာဝသယံဇာတအရင်းအမြစ်တို့နှင့် ခွဲခြားမရသည့် ဆက်စပ်မှုကိုတွေ့ရှိရပါသည်။ မြေပိုင်ဆိုင်မှုနယ်နိမိတ် နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာအခွင့်အရေးတို့ကို တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များအဖြစ် ကြော်ငြာစာတမ်း တွင် ရှင်းလင်းစွာပြဋ္ဌာန်းထားပြီး ဤရပိုင်ခွင့်မျာအတွက် အကာအကွယ်များစွာ ပြဋ္ဌာန်းပါရှိသည်။  လူနည်းစုကြေညာစာတမ်းတွင် ဤအချက်များပြဋ္ဌာန်းထားခြင်းမရှိပေ။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာကြေညာစာတမ်မှာ ပိုမိုရှည်လျားပြီး အပိုဒ် (၄၆) ပိုဒ်အထိ ဖော်ပြထားသည်ကိုတွေ့ရပါသည်။

ဤကြေညာစာတမ်းနှစ်ခု၏ အက္ခရာကျသည့် ကွဲပြားခြားနားမှုနောက်တစ်ခုမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး ဆုံးဖြတ်ပိုင်ခွင့် (right to self-determination) ဖြစ်သည်။ ဤအခွင့်အရေးအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကြော်ငြာစာတမ်းတွင်သာ အသိအမှတ်ပြုပြဋ္ဌာန်းထားပါသည်။ လူနည်းစုအခွင့်အရေး ကြော်ငြာ စာတမ်းတွင် ဤအခွင့်အရေးအား သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပါချေ။   

အဆိုပါ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်အရ တိုင်းရင်းသားလူမျိုးများအနေဖြင့် သူတို့၏ နိုင်ငံရေးပုံစံ အခြေအနေ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဖွံ့ဖြိုးမှုတို့ကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် ရှိသည်ကို တွေ့ရပါသည်။ ဤအခွင့်အရေးအား ကျင့်သုံးအကောင်အထည်ဖော်ရာတွင် ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့် (autonomy) အခွင့်အရေးရှိကြောင်းလည်း ပြဋ္ဌာန်းထားပါသည်။

အထက်ပါ ဆွေးနွေးချက်များကိုကြည့်ခြင်းဖြင့် တိုင်းရင်းသားလူမျိုးများနှင့် အခြားလူနည်းစုများ၏ အခွင့်အရေး သဘောသဘာဝများမှာ များစွာကွဲပြားမှုရှိသည်ကို တွေ့ရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်သည့်အလျှောက် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် စံနှုန်းများကိုလေးစားလိုက်နာရန်၊ အကာအကွယ်ပေးရန်နှင့် ဖြည့်ဆည်းအကောင်အထည်ဖော်ရန် တာဝန်ဝတ္တ ရားများရှိနေပါသည်။ မြန်မာနိုင်ငံအနေဖြင့် အချို့သော နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် များကို သဘောတူလက်ခံထားသည့် နိုင်ငံတစ်နိုင်လည်းဖြစ်သည်။ ထိုလူ့အခွင့်အရေး သဘောတူစာချုပ် များထဲမှ တစ်ခုဖြစ်သည့် (International Covenant on Economic, Social and Cultural Rights) စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ်တွင် အကောင် ထည်ဖော်လိုက်နာကျင့်သုံးရန် အတည်ပြုလက်ခံခဲ့ပါသည်။ တိုင်းရင်းသားတို့၏ အခွင့်အရေးတစ်ခုဖြစ်သည့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်သည် ဤစာချုပ်တွင်ပါရှိသည့် ပြဋ္ဌာန်းချက်တစ်ခုလည်းဖြစ်သည်။

နိဂုံးချုပ်ဆိုရလျှင် လူနည်းစုနှင့် တိုင်းရင်းသားအခွင့်အရေးကိစ္စများကို တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ညီလာခံအစည်းဝေး၌ ဆွေးနွေးခွင့်ကို လက်လွှတ်ခဲ့ကြရပါပြီး သို့ရာတွင် UPDJC အနေဖြင့် နောက်လာမည့် ငြိမ်းချမ်းရေးညီလာခံအတွက် ကြိုတင်ပြင်ဆင်သည့်အခါ လူနည်းစုနှင့် တိုင်းရင်းသားအခွင့်အရေးများကို ထည့်သွင်းဆွေးကြမည်ဆိုပါက လူနည်းစုဆိုင်ရာ အခွင့်အရေး ကြော်ငြာစာတမ်းနှင့် တိုင်းရင်းသားလူ မျိုးစုများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်းတို့ကို ထည့်သွင်းစဉ်းစားရန် အခွင့်အရေးများရှိနေပါကြောင်း။

 

ဦးဟေမာန်ဦးသည် လူ့အခွင့်အရေး သုတေသီတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံ Essex တက္ကသိုလ်တွင် Master in Theory and Practice of Human Rights ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပါသည်။

 

ဗီဒီယိုများ