ပလက်ဖောင်းမရှိ ၊ သင်္ချိုင်းမရှိတဲ့ ပြည်နယ်မြို့တော်

မဆိုကောင်း၊ ဆိုကောင်းပေါ့လေ တို့ဝန်ကြီးချုပ် ဦးညီပုကြီးသာ (လွဲပါစေ … ဖယ်ပါစေ ) ခန္ဓာဝန်ချခဲ့ရင်၊ စစ်တွေမြို့ပေါ်မှာ အုတ်ဂူကလေးတောင် မျက်နှာပြစရာ ရှိပါ့လေမလားလို့  ငမောင်တစ်ယောက် မခံချိမခံသာ တွေးမိပါတယ်ဆိုရင် လွန်မယ်တော့မထင်ပေါင်။      ။

By င/မောင် 14 May 2018

 (DMG) င/မောင် ရေးသားသည်။

ယနေ့ရခိုင်ပြည်နယ်ရဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိတယ်လို့ဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မြောက်ဦးဖြစ်စဉ်နောက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာကို ငမောင် သတိရမိတယ်။ တစ်ဆက်တည်းမှာပဲ ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး ပြောသံကိုလည်း ကြားမိလေရဲ့။ ဘာတဲ့ “ ရခိုင်ပြည်နယ်အစိုးရဟာ နာရေးကူညီမှုအသင်းသာသာပဲ ” ဆိုပဲ။                     

ဒီလိုနဲ့ ငမောင်တို့ရဲ့ စစ်တွေမြို့တော်ကြီးဟာ တရားဥပဒေစိုးမိုးစွာ စည်ကားနေတာဆိုလို့ရှိရင် အခုအချိန်ထိပါပဲ။ ငမောင်ရဲ့ မိတ်ဆွေတစ်ဦးကတော့ ပြောဖူးတယ်။ “ ခင်ဗျားတို့စစ်တွေဟာလည်း တော်တော်စည်တာပဲနော် ” လို့။ ဒါနဲ့ ငမောင် စဉ်းစားကြည့်တယ်။ စစ်တွေဟာ တကယ်လည်း စည်းကားပါတယ်။ ဘယ်ကနေဘယ်အထိ စည်ကားသလဲဆိုလို့ရှိရင် ဘီလူးမတံတား (ခေါ်) မြို့လယ်ချောင်းတံတားကနေ လမ်းမကြီးအတိုင်းသွားရင် ဟိုး … ယဉ်ကျေးမှုပြတိုက်ကြီးရှေ့အထိ တော် တော်လေးကို စည်းကားတာကို တွေ့ရတယ်ဗျ။ ရုံးတက်၊ ရုံးဆင်းချိန်တွေဆို စည်ကားလိုက်တာများ ပွဲလမ်းသဘင်အလားပဲ။ ဟွန်းသံတွေလည်း ညံလို့။ ညံမှာပေါ့ လမ်းကတော်တော်လေးကို ကျပ်တာကိုး။ လမ်းကျပ်တဲ့ အဓိကအကြောင်းအရာကို ငမောင်ရဲ့ မပြောစလောက်အတွေးလေးနဲ့ နယ်ချဲ့မိလေတော့ ကိုလိုနီတွေတည်ခဲ့တဲ့ မြို့တော်ရဲ့ ပလက်ဖောင်းလေးတွေကို ပြေးမြင်မိလေရော။

ယခင်က ကတ္တရာလမ်းကို ဒီမိုကရေစီအစိုးရရဲ့ ကောင်းမှုကြောင့် ကွန်ကရစ်လမ်းတွေလုပ်လိုက်တော့ လမ်းက ၆ လက်မလောက်ကို မြင့်တက်သွားပါရော။ ယခင်က ပလက်ဖောင်းတွေဟာလည်း ၆ လက်မလောက်ကို နိမ့်ကျသွားတယ်။ လမ်းမကြီးတစ်ရိုးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အဲဒီနေရာလေးကို ဆိုင်ခန်း အဖီထိုးလိုက်တော့ ပလက်ဖောင်းဆိုတာ လူသွားရမယ့်နေရာလို့ ပြောစရာတောင် မရှိတော့ဘူး။ အဲပေါ့လေ အစိုးရနဲ့ မြို့တော်စည်ပင်တွေကလည်း လမ်းတွေကောင်းဖို့ပဲ လုပ်တာလေ။ ပလက်ဖောင်းတွေကောင်းဖို့မှ မပါတာကိုး။ အဲဒါကလမ်းမကြီး။ နောက်ရှိသေးတယ်၊ မင်းဗာကြီးလမ်းဆိုလည်း ဒီအတိုင်းပါပဲ၊ စစ်တွေရဲ့ ဒုတိယလမ်းမကြီးပေါ့။ မြို့တော်မှာအခြေစိုက်တဲ့ လူမှုအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်ကြီးတွေခမျာလည်း ဒီကိစ္စမျိုးတွေကို ပြောရကောင်းမှန်းတောင် မသိလေရောသလား။ ဒါမှမဟုတ် ခရိုနီ၊ ခရိုစိမ်း၊ ခရိုပြာတွေကို ကြောက်လို့လားတော့ မပြောတတ်လေဘူး။ အစိုးရကတော့ မျက်စိမှိတ်၊ နားပိတ် နေလေတာလားဆိုတာကိုတော့ ငမောင့်အတွေးနဲ့ လိုက်မမှီတော့ပေါင်။

အဲဒီမှာ ဟိုပြုတ်လေသူ စည်ပင်ဝန်ကြီးရဲ့စကားလေး သွားသတိရမိတယ်။ “ စစ်တွေမှာ အဆောက်အဦး တွေဆောက်ရင် ကားပါကင်ပါမှ၊ ခွင့် ပြုတော့မယ် ” ဆိုတာလေ။ အခုတော့ သူလည်းမရှိတော့ သွားရှာပါပြီ။ သူ လုပ်ခဲ့တဲ့ အဆင့်မြှင့်ဈေး ၅ ဈေးကိုတောင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်လိုက်ကြပြီလေ။ ဆိုတော့ ဘီလူးမတံတားကနေ ယဉ်ကျေးမှုပြတိုက်ရှေ့အထိ ကားကျပ်တဲ့ဒဏ်ကို အလူးအလဲ ခံစားနေရတာက မြို့ခံတွေ၊ နယ်ခံတွေ။ လမ်းကျပ်လို့ အဆင့်မြှင့်တင်လိုက်တဲ့ မီးပွိုင့်တွေကလည်း မလင်းတဲ့နေ့တွေများလှပေါ့။  လင်းတဲ့နေ့တွေမှာလည်း တစ်ခါတစ်ခါ မီးမှားပြသေး။ ဒီကြားထဲ မီးနီကို ကျော်ချင်သလိုကျော်၊ ဖြတ်ချင်သလို ဖြတ်နေကြတဲ့ ကိုကြီးကျော်တို့ကလည်း တမှောင့်။ ဒီလိုနဲ့ ဟိုဝန်ကြီးချုပ်ဟောင်း ဗိုလ်အုန်းသီး ပြောတဲ့ ရခိုင်ပြည်နယ်ရဲ့အသည်းနှလုံး စစ်တွေမြို့တော်ဟာ ပလက်ဖောင်းမရှိတော့တဲ့ အဖြစ်ပေါ့။

နောက်ရှိသေးလေရဲ့။ ဟိုလေ ...သင်္ချိုင်းပေါ့။ ကွယ်လွန်သူတွေအတွက် နားခိုရာထားတဲ့ မြေနေရာလေးတွေကိုတောင် စစ်တွေမြို့သားတွေ မပိုင်ဆိုင်ကြတော့တဲ့အဖြစ်။ လူဦးရေသိပ်သည်းတဲ့အတွက် မြို့တော်ရဲ့သင်္ချိုင်းကို မှန်စီကိုပြောင်းရွှေ့ပြီးတော့ အဲဒီမှာ မီးသင်္ဂြိုဟ်စက်တွေ၊ ဇရပ်ကြီးတွေဆောက်တယ်။ အာကျိတ်တော်ကုန်းသင်္ချိုင်းကို ပိတ်သိမ်းလိုက်ပြီး သိပ်မကြာပါဘူး။  ၂၀၁၂ အရေးအခင်းကြီးဖြစ်ချိန် အသုဘပို့တဲ့ကားကို ဘင်္ဂါလီတွေ ခဲနဲ့လိုက်ထုတဲ့အတွက် အဲဒီနေရာကို မသွားရဲကြတော့ဘဲ ဖြစ်ကြပါ လေရော။ အဲဒီအချိန်အရေးအခင်းကြောင့် နာရေးဇရပ်ပေါ်မှာ စုပုံထားတဲ့အလောင်းတွေက အနံ့ထွက်လာတော့မှ နာရေးကူညီမှုအသင်းက တာဝန်ရှိသူတွေခမျာ ဝန်ကြီးချုပ်ဆီသွားပြောတော့မှ အာကျိတ်တော်ကုန်းမှာ ယာယီသင်္ဂြိုလ်ခွင့်ပြုလာတာ ကနေ့အချိန်ထိပါပဲ။

မြို့ပေါ်ကလူတွေ၊ နယ်က ဆေးရုံမှာသေပြီး သင်္ဂြိုလ်မယ့်လူတွေဟာ မီးသင်္ဂြို သို့မဟုတ် မြေမြုပ်ရုံကလွဲပြီး စစ်တွေသင်္ချိုင်းမှာ ဘာအခွင့်အရေးမှ ထပ်မရတော့ပါဘူး။ အရိုးဂူ၊ အုတ်ဂူတို့ဆိုတာကိုလည်း ဒီနေ့အချိန်ထိပြုလုပ်လို့ မရသေးပေ။ တည်ငြိမ်အေးချမ်းနေပါပြီလို့ ပြောပြောနေတဲ့ ပြည်သူ့အစိုးရကလည်း အဲဒီကိစ္စကို စဉ်းစားဖို့ အချိန်မရဘူးထင်ပါရဲ့။ သူတို့က အလုပ်သိပ်များတာလေ။ ဝန်ကြီးချုပ်ကြီးဆိုရင် လေဆိပ်မှာချည်းပဲ နေနေရတာ။ အဲဒါကြောင့် တစ်ချို့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကြီးကို နိုင်ငံတကာဧည့်လမ်းညွှန်လို့တောင် နာမည်ပေးခေါ်နေကြပြီ။ ငမောင်တို့ကတော့ မခေါ်ပါဘူး။ ခေါ်လည်းမခေါ်ရဲပါဘူး။ နိုင်ငံတကာကလာတဲ့ သံတွေ၊ ခဲတွေကို ရဟတ်ယာဉ်နဲ့ မောင်တောကိုခေါ်ခေါ်သွားတဲ့ အလုပ်ကလည်း နည်းတဲ့အလုပ်တော့ မဟုတ်ပေဘူးလေ။

ဟို… မှန်စီသင်္ချိုင်းကြီးကတော့ ဘင်္ဂါလီတွေ သိုက်တူးတဲ့ဒဏ်၊ သဘာဝရဲ့ဒဏ်တွေကြောင့် ရစရာကိုမရှိတော့။ အခုအချိန်ထိလည်း တည်ငြိမ်အေးချမ်းနေပြီဖြစ်သော်ငြား အသုဘတွေကတော့ အဲဒီမှန်စီဖက်ကို မသွားရဲကြသေးပါဘူး။ လုံခြုံရေးကိုလည်း သက်ဆိုင်ရာက တာဝန်မှ မယူရဲဘူးကိုး။

ဒါနဲ့ ငမောင်ရဲ့ အသုဘအတွေးက ဒီမှာတင်မဆုံးဘူး။ ဟို…. ပြည်နယ်လွှတ်တော်ကြီးကို ပြေးမြင်မိသေးတယ်။ စစ်တွေမှာ သင်္ချိုင်းမရှိတာကို ဘယ်ကိုယ်စားလှယ်ကြီးတွေကမှလည်း အဆိုတင်တာတို့ ဘာတို့ကို မတွေ့မိ သေးပေါင်။ လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီး ဦးဖိုးမင်းတောင် ကွန်လွန်သွားရှာတယ်။ သူ့အုတ်ဂူဆိုတာ စစ်တွေမှာ မရှိပေဘူး။ ပြည်နယ်ရဲ့ခေါင်းဆောင်တစ်ဦးအဖို့ ဘာပဲဖြစ်ဖြစ် သူ့ရဲ့အရိုးဂူလေးတော့ ရှိသင့်တယ်လို့ ငမောင်တော့ ထင်မိပါရဲ့။ အဲလေ လွှတ်တော်ဆိုတာကလည်း ဥပဒေပြုရေးတွေကို လုပ်ဆောင်နေရတာဆိုတော့ သူတို့လည်း လူသေကိစ္စကို ဘယ်စဉ်းစားမိမှာတုန်းလို့ ငမောင်ကတော့ တွေးမိပါ တယ်။

၂၀၁၂ ခုနှစ်က စတဲ့ဖြစ်စဉ်တွေထဲမှာ လူတွေဒုက္ခသည်စခန်း(ယာယီ)တွေမှာ နေထိုင်နေကြရသလို လူသေတွေလည်း ဒုက္ခသည်စခန်း(ယာယီသင်္ချိုင်း)မှာ နေနေကြရတာဟာလည်း နည်းတဲ့အဆင့်တော့ မဟုတ်ဘူး။ ငမောင်တို့က ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ မိတ်ဆွေတွေနဲ့တွေ့ရင် ကြွားလိုက်သေးတယ်။ ငမောင်တို့ မြို့ကိုဘာမှတ်သတုန်း၊ ကမ္ဘာပေါ်မှာ တစ်ခုတည်းသာရှိတဲ့ လူသေဒုက္ခသည်စခန်းရှိတဲ့ မြို့လို့တောင် ကြွားလုံးထုတ်လိုက်သေးတယ်။

ငမောင်ကြားဖူးတာကတော့ မြို့တော်ရဲ့အင်္ဂါရပ်တွေထဲမှာ  မြို့ရိုး၊ တံတိုင်းတွေ၊ ဈေးတွေ၊ သင်္ချိုင်းတွေ ရှိရမယ်တဲ့။ အခုတော့ တို့ရခိုင်ပြည်နယ်ရဲ့ မဟာမြို့တော်ကြီးမှာ သင်္ချိုင်းပျောက်နေရပါကော့လား။ ကိုလိုနီခေတ်ရဲ့မြို့တော်၊ ရခိုင်ပြည်နယ်ရဲ့ အကြီးဆုံးမြို့တော်၊ ဆရာတော်ဦးဥတ္တမ၊ ဦးရဲကျော်သူတို့လို ကမ္ဘာကျော်သူတွေကို မွေးထုတ်ခဲ့တဲ့ မြို့တော်၊ အယ်လီဇဘတ်ဘုရင်မကြီး မွေးနေ့အထိမ်းအမှတ် နာရီစင်ကြီးလက်ဆောင်ရခဲ့တဲ့ မြို့တော်။

အရင်အစိုးရလက်ထက်တုန်းကနေ အခုဒီမိုကရေစီအရပ်သား အစိုးရလက်ထက်အထိ ပလက်ဖောင်းပျောက်၊ သင်္ချိုင်းပျောက်နဲ့ ငမောင်တို့ရဲ့ မြို့စစ်တွေ။ အရင်ကလို မင်းဘယ်ကလဲဆိုလို့ရှိရင် “ စစ်တွေမြို့ကပါ ” လို့ ပြန်ဖြေရမှာတောင် ငမောင်တို့က ရှက်ရှက်နေရပေမယ့် ရခိုင်ပြည်ကို စိုးမိုးအုပ်ချုပ်တော် မူနေကြသူတွေကတော့ ဒါကိုရှက်ရကောင်းမှန်းတောင် သိမှသိပါလေစ။

မဆိုကောင်း၊ ဆိုကောင်းပေါ့လေ တို့ဝန်ကြီးချုပ် ဦးညီပုကြီးသာ (လွဲပါစေ … ဖယ်ပါစေ ) ခန္ဓာဝန်ချခဲ့ရင်၊ စစ်တွေမြို့ပေါ်မှာ အုတ်ဂူကလေးတောင် မျက်နှာပြစရာ ရှိပါ့လေမလားလို့  ငမောင်တစ်ယောက် မခံချိမခံသာ တွေးမိပါတယ်ဆိုရင် လွန်မယ်တော့ မထင်ပေါင်။      ။

(၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၄) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)

 

ဗီဒီယိုများ