ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် တိုးတက်လာမလား

နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်မှာ ပညာရေးသည်လည်း အနိမ့်ဆုံးအဆင့်နှင့် ခရီးသွားနေသည်မှာ ကြာခဲ့လေပြီ။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် တိုင်းနှင့်ပြည်နယ်တွင် ရခိုင်ပြည်နယ်သည်အနိမ့်ဆုံး အဆင့်မှာ ရှိနေသည်။ ယခင်ကတော့ ရခိုင်ပြည်နယ်အောက်တွင် ချင်းပြည်နယ် ရှိခဲ့သည်မှန်သော်လည်း ပြီးခဲ့သည့် ပညာသင်နှစ်မှာ ချင်းပြည်နယ်က ကျော်တက်သွားခဲ့သည်။

07 Mar 2018

(ယနေ့ မတ်လ ၇ ရက်နေ့မှာ စတင်ကျင်းပသည့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝန်တန်း စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ရခြင်းဖြစ်သည်။ ဓါတ်ပုံ - စိမ်းကိုကို/DMG)

 

ဖဒူ ထွန်းအောင် ရေးသားသည်

နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်မှာ ပညာရေးသည်လည်း အနိမ့်ဆုံးအဆင့်နှင့် ခရီးသွားနေသည်မှာ ကြာခဲ့လေပြီ။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် တိုင်းနှင့်ပြည်နယ်တွင် ရခိုင်ပြည်နယ်သည်အနိမ့်ဆုံး အဆင့်မှာ ရှိနေသည်။ ယခင်ကတော့ ရခိုင်ပြည်နယ်အောက်တွင် ချင်းပြည်နယ် ရှိခဲ့သည်မှန်သော်လည်း ပြီးခဲ့သည့် ပညာသင်နှစ်မှာ ချင်းပြည်နယ်က ကျော်တက်သွားခဲ့သည်။

ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းသည် ၂၀၁၅ ခုနှစ်တွင် ၂၃ ဒသမ ၁၃ ရာခိုင်နှုန်း၊၂၀၁၆ ခုနှစ်တွင် ၂၁ ဒသမ ၁၉ ရာခိုင်နှုန်းနှင် ၂၀၁၇ ခုနှစ်တွင် ၁၇ ဒသမ ၁၆ ရာခိုင်နှုန်းသို့ တဖြည်း ဖြည်းကျဆင်းခဲ့သည်။

ယခင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ကျဆင်းရခြင်း၏ အကြောင်းအရင်းမှာ စာမေးပွဲဖြေဆိုသည့် အခါ ကျောင်းသူ၊ကျောင်းသာများ ခိုးချ၍ မရ၊မသမာသော နည်းလမ်းများကို အသုံးပြုပြီး ဖြေဆိုခွင့် မရ ရှိသောကြောင့် အောင်ချက်နည်းသွားခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်း (ယခု ရခိုင်ပြည်နယ်ပညာရေးမှူးနေရာက ပြောင်းရွှေ့သွားပြီ) က  ပြောဆိုခဲ့သည်။

ယခင်နှစ်များက စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ကျောင်းသူများသည် ခိုးချပြီး ဖြေဆိုခဲ့သဖြင့် အောင်မြင်သူ များပြားခဲ့သော်လည်း အရည်အသွေးညံ့ဖျင်းသည့် ကျောင်းသား၊ကျောင်းသူများပါဝင်ခဲ့သည်။ယင်းကြောင့် ခိုးချခွင့်ကို တားမြစ်မှုများလုပ်ခဲ့သည်။ယင်းသို့ တားမြစ်မှုများလုပ်သောကြောင့် ပညာရေးအတွက် အကျိုးရှိစေခဲ့ပြီး လာမည့်နှစ်များတွင် တစ်နှစ်ထက် တစ်နှစ် အောင်ချက် တိုးတက်လာအောင် လုပ်ဆောင်သွား မည်ဟု ဦးအောင်ကျော်ထွန်းက ပြောဆိုခဲ့သည်။

ပြည်နယ်ပညာရေးမှူး၏လာမည့်နှစ်များတွင်တစ်နှစ်ထက်တစ်နှစ်အောင်ချက်တိုးတက်လာအောင်လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည့်စကားများကို ပြည်သူများက စိတ်ဝင်စားကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်နှစ်ထက် တစ်နှစ်အောင်ချက် ကျဆင်းနေခြင်းကို တွန်းလှန်နိုင်လိမ့်မည်လားဟူ၍ပင် ဖြစ်ပါသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်နေ့မှစတင်ပြီး ၁၆ ရက်နေ့အထိ စစ်ဆေးသွားမည် ဖြစ်သည်။ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့်  ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၄၄၅၁၅ ဦးရှိသည်။ ၎င်းကျောင်းသား၊ကျောင်းသူများသည်လည်း စာမေးပွဲဖြေဆိုနိုင်ရန် အပြင်းအထန် ကြိုးစားနေသည့် အချိန်ကာလတစ်ခုလည်းဖြစ်သည်။ ပြည်လူထုများမှာ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်မှာ ရခိုင်ပြည်နယ်၏ အောင်ချက် တိုးတက်လာမလားဟူ၍ မေးခွန်းလည်း  စောင့်ကြိုနေသည်။

ယခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကျောင်းဖွင့်စ အချိန်က စတင်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးနှင့်အဖွဲ့များသည်မြို့နယ်တိုင်းတွင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ယခုနှစ်အတွင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားလာစေရန်အတွက် ကျောင်းအုပ်ဆရာကြီးများပါ မိမိတို့ ကျွမ်းကျင်ရာ အတန်းတွင် ဘာသာရပ်တစ်ခုကို တစ်နေ့လျှင် အနည်းဆုံး တစ်ချိန်နှုန်းဖြင့် ဝင်ရောက်စာသင်ကြားရန် ပြည်နယ်ပညာရေးမှူးမှ ညွှန်ကြားခဲ့သည်။

ယင်းအပြင် ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်သင်ဆရာများအား ဘာသာရပ်မွမ်းမံသင်တန်းများ ပို့ချခဲ့သည်။ဆရာများအနေဖြင့်လည်း ဘာသာရပ်ဆွေးနွေးပွဲများလည်း လုပ်ဆောင်နေကြသည်။စစ်တွေတက္ကသိုလ်က ဆရာ၊ဆရာမများဦးစီးပြီးလည်း ဘာသာရပ်ဆွေးနွေးပွဲလည်း လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

"ပြည်နယ်အဆင့် မေးခွန်းအနေနဲ့ အောက်တိုဘာလမှာ တစ်ကြိမ်ဖြေတယ်။ အခုနောက်ဆုံး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ တစ်ကြိမ်ဖြေတယ်။ ကျောင်းသူ၊ကျောင်းသားတွေ ဖြေတာကို သုံးသပ်လိုက်တဲ့အခါ ဘာသာစုံဂုဏ်ထူးက (၄၈)ယောက်လောက် ဖြစ်နိုင်တယ်။ ပြည်နယ်ပညာရေးမှူးကလည်း မြို့နယ်တိုင်းသွားပြီး မသာမာမှုကင်းပြီး အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ကျောင်းသူ၊မိဘတွေနဲ့ တွေ့ဆုံခဲ့တယ်။ဒါကြောင့် ဒီနှစ်မှာတော့ အောင်ချက်မြင့်မားလိမ့်မယ်လို့ ဆရာကြီးမျှော်လင့်ထားပါတယ် " ဟု ရခိုင်ပြည်နယ် ဒုတိယပညာရေးမှူး ဦးစိန်လှထွန်းက ပြောဆိုသည်။

ယခုပညာသင်နှစ် ပြည်နယ်အဆင့် တက္ကသိုလ်ဝင်တန်းအတွက် စာမေးပွဲသုံးကြိမ်ခန့် စစ်ဆေးခဲ့ရာတွင် မသာမာမှုလုံးဝမရှိခဲ့ပေ။ ယင်းအတွက်ကြောင့် အောင်ချက်မြင့်မားလာသည်ဟုလည်း ဦးစိန်လှထွန်းက သုံးသပ်သည်။

"တက္ကသိုလ်က ဆရာ၊ဆရာမတွေက ဥပမာ မြန်မာစာဘာသာမှာဆိုရင် ဘယ်လိုမေးခွန်းလာရင် ဘယ်လိုဖြေမလဲ။ အမှတ်က ဘယ်လိုပေးထားတယ်။ အမှတ်ပေးစည်းမျဉ်းနဲ့ကိုက်ညီအောင် ဘာသာစုံကိုလည်း ပို့ချပြီးပြီးသား။ "ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် နိမ့်ကျရခြင်း အကြောင်းအရင်းမှာ (၁)စာမေးပွဲဖြေဆိုခွင့် ရရှိထားသည့် ကျောင်းသား၊ကျောင်းသူများက စာမေးပွဲလာရောက်ဖြေဆိုခြင်းမရှိ၊တစ်ဘာသာ၊နှစ်ဘာသာ ခန့်သာဖြေဆိုပြီး ကျန်သည့်ဘာသာရပ်များတွင် ဖြေဆိုခြင်းမရှိကြောင်း ၊(၂) မသာမာမှုကင်းရှင်းအောင် ဆောင်ရွက်ခဲ့မှုကြောင်းနှင့် အထက်တန်းကျောင်းများတွင် ဆရာ၊ဆရာမ အင်အား မပြည့်စုံမှုများကြောင်း ဖြစ်သည်ဟုလည်း ပြည်နယ်ပညာရေးမှူးရုံးက သုံးသပ်သည်။

ယခင်နှစ်များက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ကျောင်းသား၊ကျောင်းသူများ သည် စိုးရိမ်ကြောင့်ကြမှုများ၊စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှုအားနည်းခြင်းတို့ကြောင်းလည်း စာမေးပွဲအောင်ချက် အပေါ်သက်ရောက်မှုရှိခဲ့သည်။

"ဘူးသီးတောင်၊မောင်တောက ခုံနံပါတ်ကျပြီးသား ကျောင်းသား၊ကျောင်းသူပေါင်း (၇၀၀)ကျော်လောက်က လာမဖြေပါ။ ကျောင်းကို မှန်မှန် မတက်ကြဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပျက်တာတွေ များတယ်။ ဒါတွေကြောင့် အောင်ချက်နည်းတာလည်းပါတယ်"ဟု ဦးစိန်ထွန်းလှက ပြောကြားသည်။

ယခုနှစ်တွင်လည်း မောင်တောဒေသတွင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများနှင့် ကျောင်းသား၊ ကျောင်းသူများသည် စစ်တွေမြို့ပေါ်သို့ ခိုလှုံရန် ရောက်ရှိလာခဲ့ကြသည်။ပြောင်းရွှေ့လာကြသည့် ကျောင်းသူ၊ ကျောင်းသားများ ပညာရေးမထိခိုက်ရအောင်အတွက်လည်း စစ်တွေမြို့ရှိ ကျောင်းများတွင် ကျောင်းအပ်နှံပေးခဲ့သည်။တက္ကသိုလ်ဝင်တန်းကျောင်းသား၊ကျောင်းသူများကိုလည်း လိုအပ်သော စာအုပ်များ ပေးအပ်ခဲ့သည်။သို့သော်လည်း ၎င်းတို့မှာ စာသင်ချိန်ပျက်ကွက်ခဲ့သည့်အတွက်ကြောင့် စာလိုက်မမီမှုများလည်း ကြုံတွေ့နိုင်သည်။

ရခိုင်ပြည်နယ်အတွင်းက ကျောင်းသား၊ကျောင်းသူများအနေဖြင့် မူလတန်းမှ အထက်တန်းအထိ အဆင့်ဆင့် ကြိုးစားရန်လိုပေသည်။သို့သော် ပြည်နယ် ပညာရေးဌာန၏ သုံးသပ်မှုအရ တစ်ချို့ကျောင်းသား၊ ကျောင်းသူများသည် ကြိုးစားမှုအားနည်းပြီး မူးယစ်ဆေးဝါးသုံးစွဲမှုများရှိနေသည့်အတွက် လမ်းမှားကိုရောက်ကြရသည်ဟု ဆိုသည်။

ယင်းသို့ ကျောင်းသား၊ကျောင်းသူများအကြား မူးယစ်ဆေးဝါးလွှမ်းမိုးမှုများကို ကိုင်တွယ်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီးမူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲများ လုပ်ဆောင်ကြသည်။ သို့သော်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုမှာ လျှော့နည်းလာခြင်း မရှိခဲ့ပေ။ မူးယစ်ဆေးဝါး သံုံးစွဲမှု ပပျောက်မှ သာလျှင် ကျောင်းသား၊ကျောင်းသူများ၏ စာရိတ္တပိုင်းနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု ရခိုင်ပြည်နယ် ပညာရေးသုံးသပ်သူများက ပြောဆိုကြသည်။

ပညာရေးတိုးတက်ဖို့ဆိုလျှင် မိဘ၊ဆရာ၊ကျောင်းသား၊ကျောင်းသူများ အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် အလွန်အရေးကြီးပါသည်။ဆရာ၊ဆရာမများအနေဖြင့်လည်း စေတနာစိတ်ဖြင့် စာသင်ကြားရန် လိုအပ်ပါသည်။တစ်ချို့ ဆရာ၊ဆရာများမှာ စာမသင်ဘဲ နေကြသည်ဟူလည်း ဝေဖန်သံများ ထွက်ပေါ်ခဲ့ဖူးသည်။ ထိုကဲ့သို့ပင် မိဘများကလည်း ၎င်းတို့၏ သားသမီးများကို စာကြိုးစားအောင် တိုက်တွန်းမှုပေးမှုများ ပြုလုပ်ပေးဖို့လိုအပ်ပါသည်။

လက်ရှိရခိုင်ပြည်နယ်၏ ပညာရေးတွင် အောက်ခြေအဆင့်က အခြေခံတိုးတက်အောင် လုပ်ဆောင်မှု မရှိဘဲဖြစ်နေကာ တက္ကသိုလ်ဝင်တန်းရောက်မှ ကြိုးစားလျှင် စာမလိုက်မီနိုင်တော့ပေ။ လက်ရှိတွင် တစ်လလျှင် တစ်ကြိမ်ခန့် စာမေးပွဲစစ်ဆေးနေသဖြင့် ကျောင်းသူ၊ကျောင်းသားများအတွက် ဖိအားများစေသည်။ မိမိစံချိန်နှင့်သွားနေသည့် ကျောင်းသား၊ကျောင်းသူများသည် အစိုးရကျောင်းစာမေးပွဲကို ဖြေဆိုရန် ပြင်ဆင်ရသည့်အတွက် မိမိလုပ်ဆောင်ရန်ကျန်ရှိသည့် သင်ခန်းစာများသာ ပျက်သွားပြီး ထိရောက်မှု မရှိပေ။  ယင်းကြောင့် တစ်နှစ်အတွင်းမှာ သုံးကြိမ်ခန့်သာစစ်ဆေးသင့်သည်။ နှစ်စဉ်ကဲ့သို့ ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပညာရေးဌာနက လုပ်ဆောင်သွားသော်လည်း အောင်မြင်မှု မရရှိပေ။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းကို ဟန်ပြအဆင့်သာ လုပ်ဆောင်ခြင်းမြင်သည်ဟု တော်ဝင်ပန်းဘော်ဒါဆောင် (စစ်တွေ)မှာ ကျောင်းအုပ်ဆရာကြီး ဦးထွန်းကြည်နိုင်က ဝေဖန်ပြောကြားသည်။

"တက္ကသိုလ်ဝင်တန်းစာမေးပွဲက ပြီးခဲ့တဲ့နှစ်ထက် ဒီနှစ် ကျဆင်းမှာ သေချာပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ မျိုးဆက်တွေက တစ်နှစ်ထက် တစ်နှစ် ညံ့လာကြတယ်။ ငါးနှစ် ၊ဆယ်နှစ်ကတော့ ဒီဒဏ်ကို ခံရဦးမယ်။ သူငယ်တန်းကနေ စပြီးတော့ လေးတန်း၊ရှစ်တန်းတွေကို အအောင်၊အရှုံးကို တကယ့် လုပ်ဆောင်လုပ်ဆောင်မှ တိုးတက်လာလိမ့်မယ်။ဒီနှစ်လည်း အောင်ချက်နိမ့်လာလိမ့်မယ်။  "၎င်းကဆက်လက်ပြောဆိုသည်။

 ပြည်နယ်ပညာရေးဌာနက တက္ကသိုလ်ဝင်ကျောင်းသား၊ကျောင်းသူများအနေဖြင့် မသာမာမှု ကင်းရှင်းအောင် ဆောင်ရွက်မည်ဟုပြောဆိုထားသော်လည်း တစ်ချို့သော လူပုဂ္ဂိုလ်များက Micro Paper ထုတ်လုပ်ရောင်းချမှုများရှိနေသည်။ ယင်းကြောင့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် စာမကြိုးစားဘဲ Micro Paper ကိုသာ အားကိုးသည့်အတွက် စာမေးပွဲမဖြေဆိုနိုင်မည်ကိုလည်း ပညာရေးအသိုင်းအဝိုင်းက စိုးရိမ်ကြသည်။ ယင်းကြောင့် Micro Paper ထုတ်လုပ်သူများကို အမြစ်ပြတ်ချေမှုန်းခြင်းနှင့် အရေးယူခြင်းများ ပြုလုပ်သင့်သည်ဟု ကျောင်းဆရာတစ်ချို့က ဝေဖန်ပြောဆိုကြသည်။

ယခုနှစ်တွင်မူ ရခိုင်ပြည်နယ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားလာလိမ့်မည်ဟု ရခိုင်ပြည်နယ်ပညာရေး ဌာနကလည်းမျှော်မှန်းထားသည်။ယင်းကြောင့်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်တိုးတက်လာမလားဟူသည် မှာ စောင့်ကြည့်ရမည်ဖြစ်သည်။

ဖဒူ ထွန်းအောင်

၂၀၊၂၊၂၀၁၈

 

(၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၂) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)

ဗီဒီယိုများ