စစ်ကောင်စီထိန်းချုပ်ဆဲ ရခိုင်မြို့နယ်များ၌ အရပ်သားဖမ်းဆီးခံရမှု မြင့်တက်  

“အရပ်သားတွေကိုဖမ်းဆီးတာ နေ့တိုင်းနီးပါးရှိတယ်။ ဘာအကြောင်းပြချက်နဲ့ ဖမ်းတာကိုတော့ သေချာမသိဘူး။ စစ်ကောင်စီတပ်ဖွဲ့နဲ့ မတွေ့မိအောင် သတိနဲ့သွားလာနေရတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

By Admin 13 Apr 2024

စစ်တွေမြို့မရဲစခန်းရှေ့တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (File Photo/2020)
စစ်တွေမြို့မရဲစခန်းရှေ့တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (File Photo/2020)

DMG ၊ ဧပြီ ၁၃ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ဆဲ မြို့နယ်များ၌ အရပ်သားဖမ်းဆီးခံရမှုများ မြင့်တက်လာပြီး ပြီးခဲ့သည့် မတ်လမှ ဧပြီလ ၁၂ ရက်ထိ အရပ်သား ၃၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း DMG စာရင်းအရ သိရသည်။ 

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူ ၁၈ ဦး၊ စစ်တွေ ၅ ဦး၊ ဘူးသီးတောင် ၅ ဦး၊ မာန်အောင် ၃ ဦး၊ ဂွ ၄ ဦး၊ သံတွဲ ၂ ဦး၊ တောင်ကုတ် ၁ ဦးနှင့် အမ်း ၁ ဦး ဖြစ်သည်။ 

“အရပ်သားတွေကိုဖမ်းဆီးတာ နေ့တိုင်းနီးပါးရှိတယ်။ ဘာအကြောင်းပြချက်နဲ့ ဖမ်းတာကိုတော့ သေချာမသိဘူး။ စစ်ကောင်စီတပ်ဖွဲ့နဲ့ မတွေ့မိအောင် သတိနဲ့သွားလာနေရတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၁၁ ရက်က ကျောက်ဖြူမြို့နယ်၊ ကုလဘာတောင်ကျေးရွာမှ ဒေသခံ လူငယ် ၄ ဦးနှင့် ဂွမြို့နယ်၊ ကျိန္တလီတိုက်နယ်၊ သဲကုန်းကျေးရွာမှ အမျိုးသား ၃ ဦး စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ 

ဧပြီလ ၇ ရက်ကလည်း သံတွဲမြို့နယ်၊ ဘောက်တောင်ကျေးရွာမှ အသက် ၂၉ နှစ်အရွယ် မမေသဇင်ကို သံတွဲမြို့မှ ဈေးဝယ်ပြီးအပြန် သံတွဲ-တောင်ကုတ်လမ်းရှိ ရောင်ခြည်ဦးကျေးရွာအနီးတွင် စစ်ကောင်စီက ဖမ်းဆီးသည်။

မမေသဇင်၏ မိသားစုဝင်တစ်ဦးက “အဆက်အသွယ် မရသေးဘူး။ ဘယ်မှာဖမ်းထားတယ်၊ ဘာကြောင့်ဖမ်းတယ် ဆိုတာကို မသိရဘူး။ ကျနော်တို့ကတော့ အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူများမှာ ပြန်လွတ်လာခြင်းမရှိသည့်အပြင် အဆက်သွယ်လည်း မရဖြစ်နေသဖြင့် မိသားစုဝင်များမှာ စိုးရိမ်မှုများရှိနေကြသည်။ 

စစ်ကောင်စီသည် ရခိုင်ပြည်တွင်းသာမက ရခိုင်ပြည်ပြင်ပ ရန်ကုန်၊ မန္တလေး စသည့်ဒေသများသို့ ရောက်ရှိနေသည့် ၁၁/မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား ကန့်သတ်ချုပ်ချယ်ခြင်း၊ ဉပဒေဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အာဏာပြ ငွေညှစ်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်နေသည်ဟု အာရက္ခတပ်တော်(AA) က ပြောထားသည်။ 

ရခိုင်နိုင်ငံရေးသမားတစ်ဦးက “စစ်ရှုံးပြီးတော့ ဂုဏ်သိက္ခာတွေ ဝက်ဝက်ကွဲကျဆင်းနေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေအပေါ် ဒေါသတွေပုံချပြီး လူမဆန်တဲ့အပြုအမူတွေ ပိုလုပ်လာနိုင်တဲ့အတွက် ဒီအချိန်မှာတော့ စစ်ကောင်စီထိန်းချုပ်ဒေသတွေမှာ မနေတာက အကောင်းဆုံးဖြစ်တယ်။” ဟု ပြောသည်။

ဧပြီလ ၁၀ ရက် အာရက္ခတပ်တော် ၁၅ နှစ်ပြည့်နေ့တွင်လည်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီထိန်းချုပ်နယ်မြေမှ ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေများသို့ ထွက်ခွာခိုလှုံကြရန် တိုက်တွန်းထားသည်။ 

စစ်ကောင်စီနှင့် AA တိုက်ပွဲကာလ ၅ လအတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝ မြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ဗီဒီယိုများ