မခြောက်သွေ့နိုင်သော မျက်ရည်စက်များ

မနွယ်သန္တာဝင်း အလုပ်လုပ်ကိုင်နေသည့်ဆိုင်သည် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးအနီးတွင်ဖြစ်သည်။ ယင်းဆိုင်တွင် ဆိုင်ခွဲတစ်ခုလည်းရှိပြီး ဝေသာလီကွင်းအနီးတွင်တည်ရှိကာ သူ့မ၏ အဒေါ်မှာလည်း ယင်းဆိုင်တွင်ပင် အလုပ်လုပ်ကိုင်သည်။ သို့ရာတွင် မနွယ်သန္တာဝင်းသည် အစိုးရရုံးအနီးရှိဆိုင်တွင် တစ်ယောက်တည်းလုပ်ကိုင်ရပြီး ဆိုင်ဖွင့်ချိန်နှင့် ဆိုင်ပိတ်ချိန်တို့တွင် သူ့အဒေါ်အပါအဝင် အခြားဝန်ထမ်းတစ်ချို့က လာတတ်ကြသည်။

By နေမျိုးလင်း-ချိုမာဝင်း 27 Aug 2022

DMG ၊ ဩဂုတ် ၂၇

(ဆောင်းပါး)

“ငါ့သမီးလေး --- ငါ့သမီးလေး ဘဝအဆက်ဆက်မှာ အခုလိုအဖြစ်ဆိုးတွေနဲ့ မကြုံမရစေနဲ့။ မေမေ့ သမီးပေါက်စ မေမေ့သမီး ပေါက်စ။ အမယ်လေး ငါ့သမီး ပေါက်စ”

သမီးသေဆုံးမှုကြောင့် ပဋိဒေဝမီးတောက်လောင်ပြီး မေ့လဲကျမတတ်ဖြစ်နေရှာသည့် မိခင်ဖြစ်သူက သူ့သမီးကို မီးသင်္ဂြိုဟ်နေစဉ် မီးခိုးငွေ့များကိုကြည့်ကာ ငိုယိုပြောဆိုနေခြင်းဖြစ်သည်။ မျက်လုံးအိမ်တွင် မျက်ရည်တို့ပြည့်နှက်ကာ ပါးပြင်ပေါ်သို့စီးဆင်းနေသော မိခင်ဖြစ်သူကို သတိလစ်မသွားရလေအောင် အနီးရှိသူတို့က လက်နှစ်ဖက်ကိုဆွဲကိုင်ထားကြရသည်။ အချို့က ယပ်တောင်ခတ်ကာ လေရရှိအောင် လုပ်ပေးနေကြသည်။

မိသားစုဝင်များက ချစ်စနိုးဖြင့် “ပေါက်စ”ဟုခေါ်သည့် အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းသည် သြဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးတွင် ဓားထိုးခံရ၍ သေဆုံးခဲ့ရသည်။ ၎င်းအလုပ်လုပ်နေသော ပလက်စတစ်ပစ္စည်းနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းတွင် ဝမ်းဗိုက်ကိုဓားထိုးခံရ၍ သေဆုံးသွားခြင်းဖြစ်သည်။

ဘယ်လိုသေဆုံးသွားတာလဲ

ခန္ဓာကိုယ်သေးသေးသွယ်သွယ်၊ ပါးဖောင်းဖောင်းနှင့် ချစ်စဖွယ် မျက်နှာအမူအရာကိုပိုင်ဆိုင်ထားသော မနွယ်သန္တာဝင်းမှာ ယခုနှစ်တွင် ဂုဏ်ထူးတစ်ဘာသာဖြင့် ဆယ်တန်းအောင်မြင်ထားသူဖြစ်သည်။ ဆယ်တန်းအောင်မြင်ပြီးနောက် သူ့အဒေါ်အလုပ်လုပ်နေသော ကုန်စုံဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်ရောက်လုပ်ခဲ့သည်မှာ သုံးလခန့်ရှိပြီဖြစ်သည်။

မနွယ်သန္တာဝင်း အလုပ်လုပ်ကိုင်နေသည့်ဆိုင်သည် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးအနီးတွင်ဖြစ်သည်။ ယင်းဆိုင်တွင် ဆိုင်ခွဲတစ်ခုလည်းရှိပြီး ဝေသာလီကွင်းအနီးတွင်တည်ရှိကာ သူ့မ၏ အဒေါ်မှာလည်း ယင်းဆိုင်တွင်ပင် အလုပ်လုပ်ကိုင်သည်။ သို့ရာတွင် မနွယ်သန္တာဝင်းသည် အစိုးရရုံးအနီးရှိဆိုင်တွင် တစ်ယောက်တည်းလုပ်ကိုင်ရပြီး ဆိုင်ဖွင့်ချိန်နှင့် ဆိုင်ပိတ်ချိန်တို့တွင် သူ့အဒေါ်အပါအဝင် အခြားဝန်ထမ်းတစ်ချို့က လာတတ်ကြသည်။

သူသည် သမာအာဇီဝကျကျလုပ်ကိုင်ပြီး ဝင်ငွေရနေသော ယင်းလုပ်ငန်းခွင်တွင် ပျော်ရွှင်နေ၏။ သို့သော် ပျော်ရွှင်မှုများရပ်တန့်သွားပြီး ကံဆိုးမိုးမှောင်ကျသည့်ဖြစ်ရပ်နှင့် ကြုံတွေ့လိုက်ရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ဆိုင်ပိတ်ရန်အတွက် သူ့ကို အဒေါ်ဖြစ်သူက ဖုန်းအကြိမ်ကြိမ်ဆက်ခဲ့သည်။ ယခင်ကလည်း ဆိုင်ပိတ်ရန်လာရောက်မည်ဆိုပါက ထိုသို့ ဖုန်းဆက်နေကျဖြစ်သည်။

သို့သော် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းမကိုင်သောအခါ ဒေါ်လေးဖြစ်သူမှာ စိုးရိမ်မှုအတိုင်းထက် အလွန်မြင့်တက်သွားပြီး ဆိုင်သို့အလျင်အမြန်လိုက်လာသည်။ ဆိုင်သို့ရောက်သွားသောအခါ ဝမ်းနည်းမှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှုတို့နှင့် ကြုံတွေ့လိုက်ရသည်။

“ဆိုင်ထဲဝင်တာနဲ့ ကောင်တာမှာလည်းမမြင်တော့ အနောက်(အပေါ့သွားဖို့)သွားတာလားဆိုပြီး ဆိုင်နောက်မှာ တံခါးလေးတစ်ခုရှိပါတယ်။ အဲဒီတံခါးလေးနည်းနည်းပွင့်နေတော့ ကျမလည်း သူအနောက်သွားတာများလာဆိုပြီး ဖွင့်လိုက်တော့ သွေးတွေနဲ့သမီးကိုတွေ့ပါတယ်။ ကျမလည်း ဓားထိုးခံထားရတယ်ဆိုပြီး အော်ပြီးထွက်လာတော့ ကျမနဲ့အတူပါလာတဲ့ ဝန်ထမ်းနှစ်ယောက်လည်း မဝင်ရဲတော့ဘူး”ဟု အဒေါ်ဖြစ်သူ မစန္ဒာဝင်းက ဝမ်းနည်းစွာ ပြောပြသည်။

ထို့နောက် ကြံရာမရဖြစ်နေသော အဒေါ်ဖြစ်သူသည် ဝေသာလီကွင်းအနီးတွင်နေထိုင်သော ဆိုင်ပိုင်ရှင်မိသားစုကို ဖုန်းလှမ်းဆက်သည်။ ထို့နောက် ဆိုင်ရှေ့မှဖြတ်သန်းသွားသည့် ရဲကားတစ်စီးကိုတားကာ အကြောင်းခြင်းရာကို ပြောပြလိုက်သည်။ ယင်းနောက် အနီးပတ်ဝန်းကျင်ဒေသခံများလည်း သိရှိသွားကာ စုပြုံရောက်ရှိလာကြသည်။

“အစက ကျနော်တို့လည်း ဘာမှမသိဘူး။ လူတွေစုလာလို့ သွားကြည့်လိုက်တာ ဒဏ်ရာမှာ ပုရွက်ဆိတ် အမည်းတွေတောင် တက်နေပြီ။ ထမင်းဂျိတ်ကိုဖွင့်ကြည့်တော့လည်း ထမင်းမရှိတော့ဘူး။ ထမင်းစားပြီးမှ အသတ်ခံရတာ။ ဆိုင်ရဲ့အထဲဘက်မှာ သတ်ထားတာ၊ ကြာပြီ လက်တွေတောင်ဆန့်လို့မရဘူး။ တောင့်နေပြီ”ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက DMG သို့ပြောသည်။

မလုံခြုံသည့် မြို့တော်စစ်တွေ

ရခိုင်ပြည်၏ လုံခြုံရေးအထူထပ်ဆုံးဖြစ်သည့် မြို့တော်စစ်တွေတွင် ထိုသို့အသတ်ခံရမှုများ ဆက်တိုက်ဖြစ်လာနေပြီး များသောအားဖြင့် လက်သည်မပေါ်သော အမှုအခင်းများဖြစ်၏။ ပြည်နယ်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့များနေထိုင်ရာ စစ်တွေမြို့တွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်ကစတင်ကာ စစ်ကားနှင့် ရဲကား အချိန်မရွေးမြို့ပတ်လှည့်လည် သွားလာကြသည်။ ထို့ပြင် မှုခင်းများကို အချိန်မီဖော်ထုတ်ရန်အတွက်ဆိုကာ ငွေကျပ်သန်း ၁၂၀၀ ကျော်အကုန်ကျခံပြီး စီစီတီဗွီ(လုံခြုံရေးစောင့်ကြည့်ကင်မရာ)များလည်း မြို့အနှံ့တွင် တပ်ဆင်ခဲ့သည်။

သို့သော်လည်း လုံခြုံရေးထူထပ်သည့်ကြားက ထိုသို့မှုခင်းများ ဆက်တိုက်ပေါ်ပေါက်နေပြီး တရားခံဖမ်းဆီးရမိ မှုမှာလည်း အလွန်နည်းလှသည်။ လူမှုကူညီရေးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ စာရင်းအရ ဇန်နဝါရီလမှစတင်ကာ ယနေ့အချိန်ထိ ဓားထိုးခံရပြီးသေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၈ ဦးရှိကြောင်း သိရသည်။

စစ်တွေမြို့တွင် လူသတ်မှု၊ ခိုးမှုနှင့် လုယက်မှုများပြားလာခြင်းမှာ စီးပွားရေးကျပ်တည်းမှုနှင့်ဆိုင်သလို စစ်ကောင်စီ၏ တရားဥပဒေစိုးမိုးရေး အားနည်းမှုနှင့်လည်းဆိုင်ကြောင်း စစ်တွေဒေသခံလည်းဖြစ်သူ ရခိုင့်ဦးဆောင်ပါတီ(AFP) ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးကသုံးသပ်သည်။

“တရားဥပဒေစိုးမိုးရေးကိုလုပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဩဇာသက်ရောက်မှု နည်းလာကြတယ်။ သူတို့ ကိုယ်တိုင်လည်း ထိထိရောက်ရောက်မလုပ်နိုင်တဲ့ အနေအထားရောက်လာပြီ။ တစ်ခြား သူတို့နေရာကို ဝင်ယူမယ်ဆိုတဲ့ ပြိုင်ဘက်အဖွဲ့အစည်းကလည်း မယူနိုင်သေးဘူး။ လေဟာနယ်တွေ အများကြီးရှိတယ်။ လစ်ဟနေတဲ့နေရာတွေ အများကြီးရှိတယ်။ အဲဒီအနေအထားမှာ အခုလိုဖြစ်လာဖို့အတွက် အခြေအနေတွေ ပေါင်းစုံလာတာလို့မြင်တယ်”ဟု ၎င်းကဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့လူသတ်မှုများသည် သက်ဆိုင်ရာမိသားစုဝင်များကိုသာ နစ်နာစေခြင်းမဟုတ်ဘဲ ပြည်သူအားလုံးကိုလည်း ခြိမ်းခြောက်ရာရောက်သောကြောင့် အမှုမှန်ပေါ်ပေါက်အောင်လုပ်ဆောင်ရန် အရေးကြီးသည်ဟုလည်း ဦးကျော်ဇောဦးက ဆက်ပြောသည်။

“တရားမျှတမှုရှိအောင် ပြန်လုပ်ရမယ်။ ပြီးမှ လူ့အဖွဲ့အစည်းပေါ်မှာကျရောက်လာတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ဖယ်ရှားနိုင်ပြီးရင် နောက်ထပ်ဆင့်မဖြစ်ရအောင် တားဆီးရာရောက်မယ်။ တတ်နိုင်သမျှ တားဆီးရာလည်းရောက်မယ်။ အတားအဆီးတစ်ခုဖြစ်မယ်”ဟု ၎င်းကဆိုသည်။

မနွယ်သန္တာဝင်းအမှုနှင့်ပတ်သက်ပြီးလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာထူးခြားမှုမရှိသေးပေ။ ယင်းအမှုကို ကိုင်တွယ်နေသည့် အမှတ်(၁)ရဲစခန်းနှင့် ပြည်နယ်ရဲမှူးကြီး သက်လွင်ကို DMG က ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ မသေချာ၊မရေရာမှုနှင့် အဆုံးသတ်သွားမည်ကို မြို့ခံများက စိုးရိမ်နေကြပြီး တရားခံအမြန်ဆုံးဖမ်းမိရန် လိုလားနေကြသည်။

“အမှုမှန်ပေါ်ရင်လည်း ကျနော့်သမီးကို အမှန်တကယ်လုပ်ကြံသွားတဲ့ တရားခံအစစ်ကိုပဲ ကြားချင်ပါတယ်။ ရဲဘက်ကလည်း ကျနော်တို့ကို ဘာတစ်ခုမှအကြောင်းမကြားပါဘူး”ဟု ဖခင်ဖြစ်သူ ဦးဆန်းဝင်းကပြောသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ ဆေးစစ်ဆေးချက်ကို မိသားစုဝင်များ မရရှိသေးကြပေ။ သက်သေမစုံသေးသောကြောင့်ပေးလို့မရသေးဟု မှုခင်းဆရာဝန်နှင့် ရဲစခန်းဘက်ကတုန့်ပြန်ထားသည်။ သို့ရာတွင် ဆေးမှတ်တမ်းမှအချို့ကို  ကြည့်ရှုခွင့်ရခဲ့ရာတွင်

“မျက်နှာမှာ ကုတ်ထားတဲ့ဒဏ်ရာရှိတယ်။ လည်ပင်းမှာ ဒဏ်ရာရှိတယ်။ နဖူးမှာ ပေါက်လို့ရှိတယ်။ ထိုးသွင်းဒဏ်ရာ ဓားဒဏ်ရာနှစ်ချက်၊ အဲဒါတွေတော့ ကျမတို့ဖတ်ခဲ့ရတယ်”ဟု အမှုမှန်ပေါ်ပေါက်ရန် ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။

“ဒါပေမယ့် အသေးစိတ်ကြည့်ခွင့်မရဘူး။ ဓာတ်ပုံတွေ ဘာတွေလည်းရိုက်ခွင့်မပြုဘူး။ သူတို့ဆေးမှတ်တမ်းကို ဖတ်တော့ဖတ်ခဲ့ရတယ်”ဟု ၎င်းကဆိုသည်။

မနွယ်သန္တာဝင်း၏ရုပ်အလောင်းကို သြဂုတ်လ ၁၇ ရက်နေ့က စစ်တွေမြို့၊ အာဂျိတ်တော်ကုန်းသုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ရာ ဒေသခံထောင်နှင့်ချီပြီး လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ထိုသို့လူပေါင်းထောင်ချီ လိုက်ပို့ကြခြင်းကို ကြည့်ခြင်းအားဖြင့် သေဆုံးသည့်မိန်းကလေးငယ်ကို မည်မျှစာနာကြောင်းနှင့် တရားမျှတမှုကို မည်မျှလိုလားကြသည်ကို တွေ့နိုင်သည်။

အချိန်မတိုင်ခင်ကြွေခဲ့ရသော သူ့သမီးလေးသည် အလွန်လိမ္မာပြီး မကောင်းမှုဟူသမျှ ရှောင်ကြည်တတ်သူဟူ၏။ မိဘစကားနား‌ထောင်ပြီး မိဘအပေါ်မှာလည်း စိတ်ထိခိုက်အောင် မည်သည့်အခါမှ လုပ်ခဲ့ဖူးသူမဟုတ်။ “လူတွေ အပေါ်လည်း သိတတ်တယ်။ သူက နတ်ပြည်ကိုသွားမှာ”ဟု ဖခင်ဖြစ်သူ ဦးဆန်းဝင်းကပြောသည်။ တရားမျှတမှုရရှိအောင်၊ အမှုမှန်အမြန်ဆုံးပေါ်ပေါက်အောင် လုပ်ဆောင်သွားမည်ဟုလည်း သမီး၏ ရုပ်အလောင်းကိုကြည့်ရင်း ပြောနေသည်။

မိခင်ဖြစ်သူကလည်း “ငါ့သမီးလေးက ချစ်စရာလေး။ ပါးချိုင့်လေးနဲ့ ငါချစ်တဲ့သမီးလေး။ မရှိတော့ဘူး။ ကုန်ပြီ၊ ငါချစ်တဲ့သမီးလေး။ နှစ်ပေါင်း ၁၀ ကျော် စောင့်ရှောက်တယ်၊ ထိန်းတယ်။ ၅ မိနစ်နဲ့ ကျွတ်သွားတယ်။ သေသွားပြီလား ငါ့သမီးလေးပေါက်စ”ဟု မီးသင်္ဂြိုလ်တော့မည့်ဆဲဆဲတွင် ငိုယိုပြီးပြောနေတော့သည်။

နေမျိုးလင်း၊ ချိုမာဝင်း ရေးသားသည်။

ဗီဒီယိုများ