ဗန်းမော်ထိုးစစ် မရပ်လျှင် မြေရှားသတ္တု မဝယ်ဘဲထားမည်ဟု KIA ကို တရုတ်ခြိမ်းခြောက်

ဗန်းမော်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် KIA ၏ ထိုးစစ်များကို မရပ်ပါက KIA ထိန်းချုပ်နယ်မြေများမှ မြေရှားသတ္တု ဝယ်ယူမှုကို ရပ်ဆိုင်းမည်ဟု တရုတ်က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူ သုံးဦးကို ကိုးကားပြီး ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 08 Jul 2025

မိုင်ဂျာယန်တွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ။ မှတ်တမ်းဓာတ်ပုံ - Reuters
မိုင်ဂျာယန်တွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ။ မှတ်တမ်းဓာတ်ပုံ - Reuters

ဗန်းမော်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် KIA ၏ ထိုးစစ်များကို မရပ်ပါက KIA ထိန်းချုပ်နယ်မြေများမှ မြေရှားသတ္တု ဝယ်ယူမှုကို ရပ်ဆိုင်းမည်ဟု တရုတ်က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူ သုံးဦးကို ကိုးကားပြီး ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ယခုနှစ် မေလအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခု၌ တရုတ်ဘက်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ကာ အဆိုပါအစည်းအဝေးသို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများလည်း တက်ရောက်ခဲ့သည်ဟု အမည်မဖော်လိုသည့် KIA ဗိုလ်ကြီးတစ်ဦးက ပြောကြောင်း ရိုက်တာက ဇူလိုင်လ ၈ ရက်နေ့တွင် ဖော်ပြသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ထွက်ရှိသည့် မြေရှားသတ္တုစုစုပေါင်း၏ ထက်ဝက်နီးပါးသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ ထွက်ရှိနေခြင်း ဖြစ်သည်။ မြန်မာမှ မြေရှားသတ္တုကို အဓိက ဝယ်ယူနေသည်မှာ တရုတ်ဖြစ်သည်။

၂၀၂၅ ခုနှစ် ပထမငါးလအတွင်း ဘေဂျင်းက မြန်မာထံမှ ဝယ်ယူသည့် မြေရှားသတ္တု ပမာဏသည် တန်ချိန်ပေါင်း ၁၂,၉၄၄ တန်အထိ ရှိခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရသည်။

ဗန်းမော်သည်လည်း မြေရှားသတ္တု ထွက်ရှိရာ ဒေသတစ်ခုဖြစ်ကာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည် ဗန်းမော်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်မှာ ၉ လခန့် ကြာနေပြီဖြစ်သည်။ မြို့နေလူဦးရေ တစ်သိန်းခွဲခန့်ရှိသည့် ဗန်းမော်သည် စစ်ကောင်စီအတွက်လည်း အရေးပါသော မြို့တစ်မြို့ဖြစ်သည်။

ဗန်းမော်ကို သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းအား ရပ်တန့်ပေးပါက KIA ထိန်းချုပ်နယ်မြေများနှင့် တရုတ်အကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို ခွင့်ပြုပေးမည်ဟုလည်း တရုတ်ဘက်က ကမ်းလှမ်းခဲ့သည်ဟု အမည်မဖော်လိုသူ KIA အရာရှိက ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့ လက်မခံရင် သူတို့က မြေရှားသတ္တု အပါအဝင် ကချင်က ပို့ကုန်တွေကို ပိတ်ဆို့မယ်ပေါ့" ဟု အဆိုပါ အရာရှိက ရိုက်တာသို့ ဖြေကြားသည်။

ယခုကိစ္စရပ်နှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက KIA နှင့် ဆွေးနွေးမှုအသေးစိတ်ကို သိထားခြင်းမရှိကြောင်း ဖြေကြားခဲ့သည်။

"မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား အစောပိုင်း အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ တရုတ်နဲ့ မြန်မာအပြင် သူတို့ရဲ့ ပြည်သူလူထုရဲ့ ဘုံအကျိုးစီးပွားအတွက်သာ ဖြစ်ပါတယ်" ဟုလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ရိုက်တာသို့ ဖြေကြားသည်။

KIA သည် ဗန်းမော်ထိုးစစ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် ပြုလုပ်သည့် ဆွေးနွေးမှုများ၌ ဘေဂျင်းသည် KIA ကို ဗန်းမော်ထိုးစစ် ရပ်တန့်ရန် အကြံပြုခဲ့သည်။ သို့သော်လည်း ဆွေးနွေးမှုများ နောက်ပိုင်းတွင် KIA သည် ထိုးစစ်ကို အရှိန်မြှင့်ခဲ့သည်။

ဗန်းမော်တိုက်ပွဲအတွင်း KIA နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ အပါအဝင် အင်အားစုစုပေါင်း ၅၀၀၀ ခန့် အသုံးပြုထားသည်ဟု KIA ဗိုလ်ကြီးတစ်ဦးထံမှ သိရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

KIA အပေါ် ကုန်သွယ်ရေး ပိတ်ဆို့ပေးရန် တရုတ်ကို အကူအညီ တောင်းခံခြင်း ရှိ၊မရှိ ရိုက်တာ၏ မေးမြန်းချက်အား စစ်ကောင်စီပြောခွင့်ရရုံးက ဖြေကြားခြင်း မရှိပေ။ သို့သော်လည်း တရုတ်နှင့် KIA အကြား ဆွေးနွေးမှုများ ရှိနိုင်သည်ဟုတော့ ဖြေသည်။ "တရုတ်က KIA ကို ဖိအားပေးတာ၊ မက်လုံးပေးတာမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်" ဟု စစ်ကောင်စီပြောခွင့်ရရုံးက ရိုက်တာသို့ ပြန်ကြားစာ၌ ရေးထားသည်။

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗန်းမော်တွင် ကလေးသူငယ်များ အပါအဝင် အရပ်သားများ သေဆုံးမှုရှိသလို ဘာသာရေး အဆောက်အအုံများနှင့် စာသင်ကျောင်းများလည်း ပျက်စီးမှုရှိကြောင်း ကချင် တက်ကြွလှုပ်ရှားသူ ဒေါ်ခွန်ဂျာက ပြောသည်။ "တော်လှန်ရေးတပ်တွေ တရုတ်ဖိအားကို ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲတော့ မသိဘူး" ဟု သူက ပြောသည်။

ယခုလက်ရှိ နယ်စပ် အကန့်အသတ်များကြောင့်လည်း ကချင်ပြည်နယ်တွင် လောင်စာဆီနှင့် ဆေးဝါးပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်ဟု ဒေါ်ခွန်ဂျာ၏ ပြောဆိုချက်အရ သိရသည်။

KIA သည်လည်း ထိုးစစ်အတွင်း လူအင်အား လက်နက်အင်အား အများအပြား အသုံးပြုထားရသလို တပ်ဖွဲ့ဝင် သေဆုံးဒဏ်ရာရမှုလည်း ရာပေါင်းများစွာရှိနေပြီဟု အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု၏ မေလ အစီရင်ခံစာ၌ ဖော်ပြထားကြောင်း ရိုက်တာသတင်းက ရေးသားထားသည်။

အခြားတစ်ဘက်တွင်လည်း ဗန်းမော်ကို သိမ်းပိုက်နိုင်ပါက ၎င်းတို့ဘက်မှ အသာစီးရလာနိုင်သလို လူထုထောက်ခံမှုလည်း အားကောင်းလာမည်ဟု KIA ခေါင်းဆောင်များက ယုံကြည်ထားကြသည်။ ကချင်တစ်ပြည်နယ်လုံးကို သိမ်းပိုက်နိုင်ပြီဆိုလျှင် ဘေဂျင်းအနေဖြင့် စစ်ကောင်စီကို ဘေးဖယ်ပြီး ကချင်နှင့် ဆွေးနွေးရန်မှလွဲ၍ တခြားရွေးစရာမရှိဟု KIA အရာရှိများက ပြောကြသည်။

"မြေရှားသတ္တု လိုအပ်နေတဲ့ တရုတ်အနေနဲ့က ဒီအနေအထားကို အချိန်အကန့်အသတ် တစ်ခုအထိသာ ကစားနိုင်မှာပါ" ဟု KIA ဗိုလ်ကြီးတစ်ဦးက ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။