မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ

ယခု မိုးတွင်းရာသီတွင် ရခိုင်ပြည်ရှိ နေရာအနှံ့မှ စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှုနှင့်အတူ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေကြရကြောင်း သတင်းရရှိသည်။

By Admin 11 Jul 2025

ကျောက်တော်မြို့နယ်အတွင်းက စစ်ဘေးရှောင်များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။
ကျောက်တော်မြို့နယ်အတွင်းက စစ်ဘေးရှောင်များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၁

ယခု မိုးတွင်းရာသီတွင် ရခိုင်ပြည်ရှိ နေရာအနှံ့မှ စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှုနှင့်အတူ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေကြရကြောင်း သတင်းရရှိသည်။

ယခင်နွေကာလက စစ်ဘေးရှောင်များမှာ ကြုံရာကျပန်းလုပ်ကိုင်ကာ ဝမ်းရေးကို ဖြေရှင်းကြသော်လည်း လက်ရှိ မိုးတွင်းကာလဖြစ်သဖြင့် ရေကြီးရေလျှံမှုများကြောင့် အလုပ်အကိုင်ရှားပါးမှုကို ပို၍ ရင်ဆိုင်နေကြရသည်။

" စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေဘူး။ တောင်းရမ်းပြီး စားသောက်နေကြရတယ်။ ယောက်ျားလေးတွေက ဖြစ်သလိုရှာကြံပြီး စားလို့ရတယ်။ အမျိုးသမီးတွေက တောင်ကိုသွားဖို့လည်း အဆင်မပြေဘူး။ တချို့ အမျိုးသမီးတွေဆိုရင် တခြားမြို့နယ်တွေကို သွားပြီး တောင်းရမ်းစားသောက်နေကြရတယ် " ဟု မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခု၏ တာဝန်ခံ ကိုဦးခင်ကျော်က ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ရာဒေသများတွင် စစ်ဘေးရှောင် ၆ သိန်းကျော်အထိ ရှိနေကြောင်း ULA ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) စာရင်းအရ သိရသည်။

လက်ရှိတွင် ရခိုင်စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှု နည်းပါး၍ ဟင်းခူး၊ ငါးရှာ၊ ထင်းခုတ်၊ စသည့် နေ့စား အလုပ်ဖြင့် ကြုံရာကျပန်းလုပ်ကိုင်ကာ ဝမ်းရေးကို ဖြေရှင်းကြရသည်။

သို့သော်လည်း လက်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ရေနစ်မြုပ်နေသဖြင့် အလုပ်လုပ်ကိုင်မဲ့ကာ စားဝတ်နေရေး ကျပ်တည်းသည့်ဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့လာကြရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

မြောက်ဦးမြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုမှ ဒေါ်သန်းသန်းက " တချို့ အိမ်ထောင်ဦးစီး အမျိုးသား မရှိသူတွေဆိုရင် တောင်းရမ်းပြီး စားသောက်ကြရတယ်။ ဒီလိုပဲ ဖြစ်သလို ငတ်တလှည့် ပြတ်တလှည့် စားကြရတယ်။ အခုက ရေပြည့်နေလို့ တောင်ကို မသွားရတော့ စားဝတ်နေရေး ဘယ်လိုမှ အဆင်မပြေဘူး " ဟု ပြောသည်။

ယခု ဇူလိုင်အတွင်း ရခိုင်တွင် မိုးကြီး၍ မြို့နယ် ၅ ခုထက်မနည်းတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့သည်။

ထို့အတူ လက်ရှိကာလတွင် စစ်ဘေးရှောင်များမှာ ဝင်ငွေမရှိ၍ အသား၊ ငါးဝယ်မစားနိုင်သောကြောင့် အိမ်အနီး စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များဖြင့်သာ စားသောက်နေကြရသည်ဟု ဒေါ်သန်းသန်းက ဆက်ပြောသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင် ဦးဦးစံမောင်ကလည်း " တခြားရွာတွေမှာ အလုပ်ရမလား ဆိုပြီး လိုက်ရှာရင်း စိုက်ခင်းတွေမှာ အလုပ်ရတဲ့အခါတွေ ရှိတယ်။ ကျောက်ထမ်းရတာတွေလည်း ရှိတယ်။ တစ်နေ့လုပ်မှ ပိုက်ဆံလေး၊ ငါးထောင်လောက်ရတာ။ အလုပ် မရှိတဲ့နေ့က ပိုများတယ်။ ဒါကြောင့် သားသမီးတွေ စားသောက်ရေး အဆင်ပြေအောင် အလုပ်တွေ အများကြီး လုပ်ချင်တယ် " ဟု ပြောသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ စစ်ကောင်စီက ရခိုင်ကို ကုန်းလမ်း၊ ရေလမ်းခရီးအားလုံး ပိတ်ဆို့ခဲ့သည့်အပြင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ရသည်။

ထို့အတူ နိုင်ငံတကာနှင့် ဒေသတွင်း လူသားချင်းစာမှုဆိုင်ရာ အဖွဲ့အစည်းများကလည်း ကူညီထောက်ပံ့မှု ရပ်တန့်နေသဖြင့် စစ်ဘေးရှောင်များမှာ ပိုပြီး ဒုက္ခရောက်နေကြောင်း သိရသည်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းများမှာလည်း ပုံမှန်လည်ပတ်မှုမရှိတော့ဘဲ ရပ်နားထားရသောကြောင့် စစ်ဘေးရှောင်များမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပို၍ ဆုံးရှုံးလာနေကြရသည်။