ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ

ရခိုင်တွင် ပစ်မှတ်ထား အကြမ်းဖက်မှုများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေသည့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ခိုလှုံသည့် ဒုက္ခသည်အရေအတွက်သည် ထောင်ပေါင်းစွာရှိနေသည်ဟု ဘာလော့ချ်က ပြောသည်။

By Admin 12 Jul 2025

ဓာတ်ပုံ - Dhaka Tribune
ဓာတ်ပုံ - Dhaka Tribune

၂၀၂၄ အစောပိုင်းမှ ၂၀၂၅ နှစ်လယ်အထိ ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသူ စုစုပေါင်းသည် တစ်သိန်းခွဲအထိ ရှိခဲ့ကြောင်း UNHCR က ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဘာဘာ-ဘာလော့ချ်က ဇူလိုင်လ ၁၁ ရက်နေ့၌ ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရခိုင်တွင် ပစ်မှတ်ထား အကြမ်းဖက်မှုများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေသည့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ခိုလှုံသည့် ဒုက္ခသည်အရေအတွက်သည် ထောင်ပေါင်းစွာရှိနေသည်ဟု ဘာလော့ချ်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ လူပေါင်း ၇ သိန်းခွဲ ထွက်ပြေးခဲ့ရမှု နောက်ပိုင်းတွင် ယခုတစ်ကြိမ်သည် ဒုက္ခသည်အရေအတွက် အများဆုံး ထပ်မံဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သူကပြောသည်။

ဒုက္ခသည်များကို မျိုးဆက်နှင့်ချီ သဘောထားကြီးစွာ လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်ကိုလည်း ဘာလော့ချ်က ချီးမွမ်းပြောဆိုသည်။

လက်ရှိ၌ ဒုက္ခသည်စခန်းများတွင် အသစ်ရောက်ရှိလာသူများကို လူမှုအချက်အလက် မှတ်တမ်းတင်ခြင်းများ ပြုလုပ်လျက်ရှိရာ ၂၀၂၅ ဇွန်လကုန်အထိ လူပေါင်း ၁၂၁,၀၀၀ အထိ စာရင်းသွင်းထားပြီဖြစ်သည်။

ယခုနောက်ဆုံးတစ်ကြိမ် ဒုက္ခသည်များ ဝင်မလာမီတည်းက ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည် တစ်သန်းကျော် ရှိနှင့်ပြီးဖြစ်သည်။ အဆိုပါ ဒုက္ခသည်များသည် ကိုးမိုင်ပတ်လည် အကျယ်ရှိ စခန်းဧရိယာထဲ၌ ပြွတ်သိပ်ကျပ်တည်းစွာ နေထိုင်နေရသည်ဖြစ်ရာ အဆိုပါနေရာသည် ကမ္ဘာ့ လူဦးရေအထူထပ်ဆုံးနေရာ ဖြစ်နေရသည်ဟုလည်း ဘာလော့ချ်က ပြောကြားသည်။

နဂိုတည်းက ရိက္ခာကျပ်တည်းနေသည့် စခန်းများအတွင်း ယခုကဲ့သို့ လူသစ်များ ထပ်ရောက်လာသည့်အတွက် စာနာမှု အကူအညီများ၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးများလည်း ပိုမိုလိုအပ်လျက်ရှိသည်။

ထပ်တိုး ရန်ပုံငွေအကူအညီများ မရရှိပါက ကျန်းမာရေးဝန်ဆောင်မှုများသည် စက်တင်ဘာလခန့်တွင် အခက်ကြုံရဖွယ်ရှိသလို ချက်ပြုတ်ရေးအတွက် အသုံးပြုသည့် လောင်စာဆီလည်း ပြတ်တောက်သွားဖွယ် ရှိနေသည်။