- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ဘင်္ဂလားဒေ့ရှ်နေ ရခိုင်လူမျိုးများ၏ သုဿာန်မြေများ ကျူးကျော်ခံရပြီး ကျဉ်းမြောင်းလာနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းက ဌာနေရခိုင်လူမျိုးတွေရဲ့ ရုပ်အလောင်းတွေကို မီးသင်္ဂြိုလ်တဲ့ သုဿာန်မြေနေရာတွေဟာ ကျဉ်းသထက်ကျဉ်းမြောင်းလာနေပါတယ်။
11 Jul 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းက ဌာနေရခိုင်လူမျိုးတွေရဲ့ ရုပ်အလောင်းတွေကို မီးသင်္ဂြိုလ်တဲ့ သုဿာန်မြေနေရာတွေဟာ ကျဉ်းသထက်ကျဉ်းမြောင်းလာနေပါတယ်။
ကမ်းရိုးတန်းခရိုင်တွေဖြစ်တဲ့ ပါတူခါလီနဲ့ ဘာဂူနာ ခရိုင်တို့မှာရှိတဲ့ ဒီမြေနေရာတွေကို ဒေသခံ သြဇာရှိသူတွေက ကျူးကျော်နေရာယူနေကြတယ်လို့ ဒေသခံခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူလို့ ဆိုသူတွေက ပြောနေကြပါတယ်။
ဒေလီစတား သတင်းဌာနက ပါတူခါလီမှာရှိတဲ့ လာကာချန်ပရာနဲ့ မွန်ဘိုင်ပရာ သုဿာန်မြေ၊ ဘာဂူနာခရိုင် တာတာလီဒေသက လော်ပရာနဲ့ သာခါပရာ သုဿာန်မြေတို့ကို ဇူလိုင် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သွားရောက်ကြည့်ရှုခဲ့ရာမှာတော့ ဒီလေးနေရာလုံးမှာ တရားမဝင် နယ်မြေကျူးကျော်ခံထားရတဲ့ အထောက်အထားတွေ တွေ့ခဲ့ရပါတယ်။
ပါတူခါလီမှာရှိတဲ့ သုဿာန်မြေ ၂၇ နေရာထဲက နေရာ ၂၀၊ ဘာဂူနာမှာဆိုရင်လည်း ရှိတဲ့ သုဿာန်မြေ ၁၃ နေရာလုံးဟာ တစိတ်တပိုင်း သော်လည်းကောင်း၊ လုံးလုံးလျားလျား သော်လည်းကောင်း ကျူးကျော်သိမ်းယူခံထားရတယ်လို့ ဒေသခံ ခေါင်းဆောင်တွေက ပြောကြပါတယ်။
လော်ပရာက တစ်ဧကခွဲ ကျယ်တဲ့ သုဿာန်မြေမှာဆိုရင် ၃၀ ဒက်ဆီမယ်လောက်ဟာ ကျူးကျော်ခံထားရတယ်လို့ သိရပါတယ်။
နောက်ထပ် စတုရန်းပေ ၈၅၀ လောက်ဟာလည်း အစိုးရမြေလို့ တံဆိပ်ကပ်ထားပြီး Mujib Year အိမ်ရာစီမံကိန်းရဲ့ မြေဧရိယာထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီနေရာကို ရရှိထားတဲ့ အဘူဆိုလေမန် ဆိုသူဟာ ဆော်ဒီပြည်ပြေးတစ်ယောက်ဖြစ်သလို ဒေသခံ ဗလီဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး ကျောထောက်နောက်ခံ ရှိထားသူလို့လည်း ပြောကြပါတယ်။
အဆိုပါမြေပေါ် ဆောက်ထားတဲ့အိမ်ကို ဆိုနာကာတာ သမဂ္ဂ ကောင်စီဥက္ကဌဟောင်း ဆူလတန်ဖာရာဇီက ခွင့်ပြုချက်ပေးခဲ့တာပါ။ ဖာရာဇီဟာ ယခင် အာဝါမီလိဂ်ပါတီရဲ့ တာတာလီဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ခွင့်ပြုချက်ဟာ ဒီလိုအိမ်မျိုးကို အိမ်ခြေမဲ့မိသားစုတွေကိုသာ ပေးရမယ်ဆိုတဲ့ စည်းကမ်းကို ချိုးဖောက်နေပါတယ်။

လက်ရှိမှာတော့ ဒီအိမ်မှာ ဆိုလေမန်ရဲ့ ဆွေမျိုးတော်စပ်သူ နိုင်မာရာမန်ဆိုသူ နေထိုင်နေပါတယ်။
"ဒီမှာနေတာ သုံးလရှိပါပြီ။ ဒီအိမ်ကို ဆိုလေမန် ဘယ်လိုရထားသလဲ ဆိုတာကိုတော့ ကျွန်တော်မသိပါဘူး" လို့ သူက ဒေလီစတားရဲ့ သတင်းသမားကို ဖြေဆိုပါတယ်။
ရခိုင်ရွာက အသက် ၉၁ နှစ်အရွယ် ဦးမောင်ကျော် (Mongthaw) ကတော့ "ကျွန်တော်တို့ အသိုင်းအဝိုင်းက ဒီမှာနေလာတာ နှစ်ပေါင်း ၂၅၀ ရှိပြီ။ အခုကျတော့ ကျွန်တော်တို့ မီးသင်္ဂြိုလ်တဲ့နေရာ တည့်တည့်မှာ ဒီအိမ်ကြီး ရောက်နေတာ" လို့ ပြောပါတယ်။
နောက်ထပ်ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးစိန်သာမောင်ကလည်း တရားဝင် ချပေးထားတာ စတုရန်းပေ ၈၅၀ လောက်သာရှိပေမယ့် ဒီမိသားစုဟာ ပေ ၂၆၀၀ လောက်အထိ ကျုးယူထားတယ်လို့ ပြောပါတယ်။
ပါရီရှက်သမဂ္ဂ (Union Pariishad) လက်ရှိဥက္ကဌကလည်း သူ့ရှေ့က ဥက္ကဌဖြစ်ခဲ့သူဟာ နိုင်ငံရေးသစ္စာရှိမှုကိုကြည့်ပြီး ဒီမြေနေရာတွေ ချပေးခဲ့တာလို့ ပြောပါတယ်။
မြေနေရာ ချထားပေးမှုမှာ ဥက္ကဌဟောင်း ဆူလတန်လည်း ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။
ဒီမြေခွဲတမ်း ချပေးချိန်က ဒေသအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူ ဆာဒစ်ဆန်ဗီယာက "ကျွန်တော့်လက်ထက်မှာ ခွဲတမ်းချပေးခဲ့တာ အားလုံးက မြေနေရာတွေကို သွားရောက် စိစစ်ထားတာချည်းပဲ။ ဒီမြေခွဲတမ်းက ကျွန်တော်တာဝန် မယူခင်တည်းက ကျနေခဲ့တာ ဖြစ်ပြီး ကျွန်တော့လက်ထက်ရောက်မှ အကောင်အထည်ဖော်တာ ဖြစ်လောက်တယ်" လို့ ပြောပါတယ်။
သာခါပရာမှာကျတော့ သုဿာန်မြေ တစိတ်တပိုင်းကို တူးဆွထားကြတာက ဒေသခံတွေပါ။
"သုဿာန်မြေ ဧရိယာ ၇၄ ဒက်ဆီမယ် တရားဝင် ရထားတဲ့ အထဲမှာ အခု ၁၅ ဒက်ဆီမယ်ပဲ ကျန်တော့တယ်" လို့ ကျေးရွာခေါင်းဆောင် ဦးမောင်ချိုဝင်း (Mongchowen) က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ မြေပေါ်မှာ ကန်တူးကြတယ်၊ အိမ်ဆောက်ကြတယ်၊ ဝါးပင်တွေစိုက်ကြတယ်" လို့လည်း သူကဆိုပါတယ်။

ကျူးကျော်တယ်လို့ စွပ်စွဲခံရသူတွေထဲက တစ်ယောက်ဖြစ်သူ ဒူလာမာရီဒါကတော့ သူ့အဖေဟာ ရခိုင်ဒေသခံတွေဆီက ၁၃.၃၇ ဧကကို ၁၉၅၀ ခုနှစ်မှာ တရားဝင် ဝယ်ယူခဲ့တယ်လို့ ပြောပါတယ်။ "ဒီမြေထဲက ဘယ်နေရာမဆို ရခိုင်တွေ ပိုင်တယ်လို့ သက်သေပြနိုင်ရင် ကျွန်တော် ပြန်ပေးမှာပါ" လို့ လည်း သူကပြောပါတယ်။
ခါလာပရာမှာရှိတဲ့ မွမ်ဘိုင်ပရာ သုဿာန်မြေမှာတော့ နာဇီယာအာမက်ဆိုသူဟာ လွန်ခဲ့တဲ့ ၂ နှစ်တည်းက အိမ်သာတစ်လုံး လာဆောက်ထားပါတယ်။ အခုတော့ ဒီမြေမှာ ကျွဲနွားတွေပါ ဝင်လွှတ်ထားကြတာ မကြာမကြာ မြင်ရပါတယ်။
"ကျွန်တော် အိမ်သာဆောက်တုန်းက ဘယ်သူမှ မကန့်ကွက်ကြပါဘူး။ သူတို့အခု ပြန်လိုချင်ရင် ကျွန်တော် ဖျက်ပေးမှာပါ" လို့ သူကဆိုပါတယ်။
အသက် ၅၇ နှစ်အရွယ် ဦးဟန်စိန် (Hangchinse) ကလည်း သူတို့ရဲ့ သုဿာန်မြေဟာ အရင်က ၉၀ ဒက်ဆီမယ်ရှိခဲ့ရာက ကျူးကျော်ခံရလို့ ကျဉ်းလာခဲ့လိုက်တာ အခုတော့ ၃၀ ဒက်ဆီမယ်ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။
ခါလာချန်ပရာမှာလည်း ဒေသခံတစ်ဦးဖြစ်သူ ဂျာလားမစ်ထရီဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက သူ့ခြံကို ချဲ့ပြီး သုဿာန်မြေ ၂၀ ဒက်ဆီမယ်အထိ ကျူးကျော်ယူထားတယ်လို့ ပြောဆိုစွပ်စွဲခံထားရပါတယ်။
"အခုကျတော့ ကျန်ခဲ့တဲ့ မြေနေရာကလည်း မိုးတွင်းဆို ရေမြုပ်နေတော့တာ" လို့ ကျေးရွာခေါင်းဆောင် ဦးအောင်သာချမ်း (Ongchachung) က ပြောပါတယ်။
ဂျာလားကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။ "သူများတွေ အိမ်ဆောက်ဖို့နဲ့ ရွံ့မီးဖိုဆောက်ဖို့ အဲဒီနေရာက မြေတွေကို တူးကြတာတွေ့တယ်။ ကျွန်တော်တော့ အဲဒီမြေကို တစ်စမှ ယူထားတာမရှိဘူး" လို့ သူကဆိုပါတယ်။
ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းနဲ့ ပစ်ပယ်ခံ အသိုင်းအဝိုင်းတွေရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးနေတဲ့ ကာရီတက်စ် (Caritas) အဖွဲ့ကြီးဟာ ရခိုင်လူထုရဲ့ မြေယာအခွင့်အရေးအတွက် လက်ရှိမှာ ပေါင်းစည်းဖွံ့ဖြိုးရေး အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖော် နေပါတယ်။
"ကျွန်တော်တို့အနေနဲ့ အသိပညာပေးမှုတွေ၊ ဥပဒေရေးရာ အကြံဉာဏ်တွေ ပေးနေပါတယ်။ ရခိုင်တွေဟာ ဒီခေတ်မှာ အသိအမြင် ပိုကြွယ်ဝလာကြပါပြီ" လို့ ဦးမောင်သိန်းဦး (Mongthinjo) က ပြောပါတယ်။ သူဟာ ဒီအစီအစဉ်ရဲ့ အသိပညာပေးရေး အဖွဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

Adivasi Forum အဖွဲ့ခေါင်းဆောင် ဦးမောင်မြကလည်း သူ့အဖွဲ့အစည်းက ၂၀၀၇ ခုနှစ်ကနေ လက်ရှိအထိ ပါတူခါလီနဲ့ ဘာဂူနာက ရခိုင်အသိုင်းအဝိုင်းအတွက် အကူအညီပေးခဲ့တဲ့ မြေယာဆိုင်ရာ အမှုကိစ္စပေါင်း ၁၁၂ မှုအထိ ရှိတယ်လို့ ပြောပါတယ်။
"အကုန်အနိုင်ရခဲ့ပြီး ဧကမြေ ၈၄၀ လောက် ပြန်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်" လို့ သူကပြောပါတယ်။
"အခုလည်း မိသားစု တစ်စုချင်းစီမှာ ရင်ဆိုင်နေရတဲ့ အမှု သုံးမှုလောက် ရှိတယ်" လို့ ဦးမောင်မြက ဖြည့်စွက်ပြောကြားပါတယ်။
ခါလာပရာ ဒေသအုပ်ချုပ်ရေးအရာရှိ မိုဟာမက် ရာဘီအစ္စလာမ်ကတော့ "သုဿာန်မြေ ကျူးကျော်ခံရတာနဲ့ ပတ်သက်တဲ့ တရားဝင် တိုင်ကြားစာတွေတော့ လက်ခံရရှိထားတာ မရှိဘူး။ သိရင် ချက်ချင်း အရေးယူဆောင်ရွက်မှာပါ။ နိုအာပရာက ရခိုင်မိသားစုတွေအတွက်လည်း ကျွန်တော်တို့ ကွန်ကရစ် အဆောက်အအုံ နှစ်လုံး ဆောက်နေတာ ရှိသလို ထပ်ဆောက်သွားဖို့လည်း ရှိပါတယ်။ ရခိုင်အသိုင်းအဝိုင်း ရင်ဆိုင်နေရတဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ ဖြေရှင်းပေးဖို့ အသင့်ရှိပါတယ်" လို့ ဆိုပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ပါတူခါလီခရိုင်မှာရှိတဲ့ ခါလာပရာဒေသ လက်ထောက်ကော်မရှင်နာ ယာဆင်ဆာဒက်ကလည်း "ရခိုင်သုဿာန်မြေ ကျူးကျော်ခံရမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေ ကျွန်တော့်ဆီ ရောက်တာ မရှိပါဘူး။
ရခိုင်တွေနဲ့ ပတ်သက်တဲ့ ဘယ်ကိစ္စမျိုးမဆို အရေးကြီးတယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ သူတို့ရဲ့ သုဿာန်မြေ ကျူးကျော်ခံနေရတဲ့ ကိစ္စကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီး မြန်မြန်ဆန်ဆန်ပဲ သင့်တော်သလို အရေးယူသွားမှာပါ" လို့ ပြောပါတယ်။
မှတ်ချက် - ၁ ဒက်ဆီမယ်ဟာ တစ်ဧကရဲ့ ၁၀၀ ပုံ ၁ ပုံဖြစ်ပြီး ၄၃၅.၆ စတုရန်းပေ ကျယ်ဝန်းပါတယ်။
The Daily Star သတင်းဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ Rakhine cremation grounds shrink amid encroachment in Patuakhali, Barguna သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။