ဦးဦးလှစော ဆန္ဒအတိုင်း အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းကို စတင်တည်ထောင်

အဆိုပါ ကျောင်းကို ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောမှ မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ပြီး မကြာမီကာလတွင် ကလေးငယ်များကို လက်ခံတော့မည်ဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေး တာဝန်ရှိသူက DMG ကို ပြောသည်။

By Admin 08 May 2025

ဓာတ်ပုံ - အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်း တံဆိပ်
ဓာတ်ပုံ - အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်း တံဆိပ်

DMG ၊ မေ ၈

အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများတွင် စစ်ပွဲဒဏ်ကြောင့် မိဘများဆုံးရှုံးသွားသည့် ဆယ်နှစ်အောက်ကလေးများ ဂုဏ်သိက္ခာရှိရှိ ပညာသင်ကြားနိုင်ရေးနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ပြီး ကိုယ်ပိုင်ဘဝများ အဆင့်အတန်းရှိစွာ ရှင်သန်စေရေး ရည်ရွယ်ချက်ဖြင့် အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းကို စတင်တည်ထောင်လိုက်ကြောင်း သိရသည်။

အဆိုပါ ကျောင်းကို ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောမှ မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ပြီး မကြာမီကာလတွင် ကလေးငယ်များကို လက်ခံတော့မည်ဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေး တာဝန်ရှိသူက DMG ကို ပြောသည်။

“ဆရာကြီး ဦးဦးလှစောက အာရက္ခပြည်မှာ မိဘမရှိတဲ့ ကလေးတွေကို ဖွံ့ဖြိုးရေးစင်တာ မိဘမဲ့ဂေဟာ ဖွင့်ချင်တယ်လို့ပြောတော့ ကျနော်တို့ လူငယ်တွေက အကောင်အထည်ဖော်ပေးတာဖြစ်တယ်။ ဆရာကြီးပဲ စီစဉ်ခဲ့တာ ဖြစ်တယ်။ ဗဟိုကော်မတီတွေဖွဲ့တယ်။ ဆရာကြီးက မတည်ငွေတွေ ထောက်ပံ့ပေးခဲ့တာဖြစ်တယ်” ဟု အာရက္ခ လူငယ်ဖွံ့ဖြိုးရေးကျောင်း ပြန်ကြားရေးတာဝန်ခံ ကိုမင်းသန်းစိုးက ပြောသည်။

ယင်းကျောင်းသည် ဘဝလုံခြုံပြီး၊ ကာယ ဉာဏဖွံ့ဖြိုးတိုးတက်သည့် ရခိုင်လူ့မှုအဖွဲ့အစည်းကို ခေါင်းဆောင်နိုင်မည့် အနာဂတ် နိုင်ငံသားကောင်းရတနာများ ပေါ်ထွက်လာနိုင်ရန် ရည်မှန်းထားကြောင်း ဆိုသည်။

အဆိုပါ ကျောင်းအတွက် လက်ရှိတွင် ကြိုတင်ပြင်ဆင်မှုများ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နေပြီး ရခိုင်တစ်ပြည်လုံးရှိ ကလေးများကို လက်ခံသွားသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ကလေးတွေကို ခေါ်ဖို့အတွက်ရော ဆရာ/မတွေ ခေါ်ဖို့အတွက်ပါ စီစဉ်နေတယ်။ ဆရာ/မတွေကို သင်တန်းပေးဖို့ ကဏ္ဍတွေ မူဝါဒချမှတ်တာ ဒေသတွင်းထဲမှာ လုပ်နေတာတွေ အများကြီးရှိပါတယ်” ဟု အာရက္ခ လူငယ်ဖွံ့ဖြိုးရီးကျောင်း ပြန်ကြားရေးတာဝန်ခံ ကိုမင်းသန်းစိုးက ပြောသည်။

ကျောင်းစည်းကမ်းအနေဖြင့် ရခိုင်ပြည်အတွင်းနေထိုင်ပြီး စစ်ရေး ပဋိပက္ခအတွင်း မိဘတစ်ဦးဦး သေဆုံးသွားသည့် အသက် ၁၀ နှစ်အောက် ကလေးမည်သူမဆို လာရောက်အပ်နှံ့နိုင်ကြောင်း ကိုမင်းသန်းစိုက ရှင်းပြသည်။ 

ရခိုင့် နိုင်ငံရေးသမားလည်းဖြစ် ULA/AA ၏ နိုင်ငံရေးပိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဦးဦးလှစော (အသက် ၇၂ နှစ်) သည် မေလ ၅ ရက်တွင် လည်ချောင်း ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။