- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
- တူရကီထံမှ KAAN တိုက်လေယာဉ် ၄၈ စင်း အင်ဒိုနီးရှား ဝယ်မည်
- မင်းပြား မြေယာအငြင်းပွားမှုတွင် ဒေသခံ ၁၁ ဦးကို ၅၀၅ အပါ ပုဒ်မ ၄ ခုဖြင့် ULA/AA အမှုဖွင့်ထား
အိန္ဒိယမှာ သေနတ်သမားများ ပစ်ခတ်မှုကြောင့် ခရီးသွား ၂၆ ဦးထက်မနည်း သေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်း ကက်ရှ်မီးယားဒေသတွင် ဧပြီလ ၂၂ ရက်နေ့က သေနတ်သမားများ ပစ်ခတ်သည့်အတွက် ခရီးသွား ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
23 Apr 2025
DMG ၊ ဧပြီ ၂၃
အိန္ဒိယနိုင်ငံမြောက်ပိုင်း ကက်ရှ်မီးယားဒေသတွင် ဧပြီလ ၂၂ ရက်နေ့က သေနတ်သမားများ ပစ်ခတ်သည့်အတွက် ခရီးသွား ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုဖြစ်ရပ်အပေါ် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ‘ရက်စက်ယုတ်မာသောလုပ်ရပ်’ အဖြစ် ရှုတ်ချလိုက်သလို တိုက်ခိုက်သူများကို တရားဥပဒေနှင့်အညီ စီရင်မည်ဟုလည်း ပြောကြားသည်။
တိုက်ခိုက်သူများသည် ဆရီနာဂါမြို့မှ ကီလိုမီတာ ၉၀ ခန့်ကွာဝေးသည့် ပါဟာဂမ်အရပ်၌ ခရီးသွားများကို ဦးတည် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
သေနတ်သမားများသည် တောအုပ်ထဲမှ ထွက်လာကြပြီးနောက် ခရီးသွားစခန်းတွင် ရောက်ရှိနေကြသည့် လူအုပ်ကြီးကို သေနတ်ဖြင့် စုပြုံပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။ ပစ်ခတ်သူများသည် အမျိုးသားများကို ဦးတည်ပစ်ခတ်ကာ အမျိုးသမီးများကို ချန်လှပ်ခဲ့ပုံ ရသည်ဟု တိုက်ခိုက်မှုထဲမှ အသက်ရှင် ကျန်ရစ်သူ တစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားသည်။
တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ မည်သည့်အဖွဲ့ကမှ တာဝန်ခံ ပြောကြားခြင်း မရှိသေးပေ။ သို့သော်လည်း မွတ်ဆလင်အများစု နေထိုင်ရာ ဤဒေသတွင် ၁၉၈၉ ခုနှစ် နောက်ပိုင်းမှစတင်ပြီး သီးခြားလွတ်လပ်ရေး သို့မဟုတ် ပါကစ္စတန်နှင့် ပူးပေါင်းရေးအတွက် လက်နက်ကိုင် တိုက်ခိုက်မှုများ ပေါ်ပေါက်လျက်ရှိသည်။
ပစ်ခတ်သူများကို ဖမ်းမမိသေးဘဲ အိန္ဒိယလုံခြုံရေး တပ်ဖွဲ့များက လက်ရှိအချိန်အထိ ရှာဖွေနေကြဆဲ ဖြစ်သည်။
ယခုဖြစ်စဉ်သည် အမေရိကန် ဒု-သမ္မတ ဂျေဒီဗန့်စ် အိန္ဒိယသို့ အလည်အပတ် ရောက်ရှိပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ၂၀၀၀ ခုနှစ် မတ်တွင်လည်း ထိုစဉ်က အမေရိကန်သမ္မတ ဘီလ်ကလင်တန် အိန္ဒိယသို့ အလည်အပတ် လာရောက်ခါနီးတွင် ပစ်ခတ်မှုကြီး ဖြစ်ပွားပြီး အိန္ဒိယနိုင်ငံသား ၃၆ ဦးအထိ သေဆုံးခဲ့သည်။