အိန္ဒိယက ပါကစ္စတန်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်၊ ပါကစ္စတန်က လက်နက်ကြီးဖြင့် ပြန်ပစ်

ပါကစ္စတန်နိုင်ငံတွင်းရှိ နေရာ ၉ နေရာကို မိမိတို့ တိုက်ခိုက်ခဲ့ပြီး အဆိုပါနေရာများသည် အကြမ်းဖက်သမားများ၏ စခန်းများဖြစ်သည်ဟု အိန္ဒိယက ထုတ်ပြန်ပြောကြားထားသည်။

By Admin 07 May 2025

၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့ အစောပိုင်းက အိန္ဒိယဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်း ပါကစ္စတန်နိုင်ငံ ပွန်းရှ် (Poonch) ပြည်နယ် တစ်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP
၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့ အစောပိုင်းက အိန္ဒိယဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်း ပါကစ္စတန်နိုင်ငံ ပွန်းရှ် (Poonch) ပြည်နယ် တစ်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP

DMG ၊ မေ ၇

ဧပြီလအတွင်းက ခရီးသွား ၂၆ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် အိန္ဒိယနိုင်ငံသည် ယနေ့အစောပိုင်းက ပါကစ္စတန်ပိုင်နက်ထဲသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

ပါကစ္စတန်နိုင်ငံတွင်းရှိ နေရာ ၉ နေရာကို မိမိတို့ တိုက်ခိုက်ခဲ့ပြီး အဆိုပါနေရာများသည် အကြမ်းဖက်သမားများ၏ စခန်းများဖြစ်သည်ဟု အိန္ဒိယက ထုတ်ပြန်ပြောကြားထားသည်။

ပါကစ္စတန်နိုင်ငံတွင်းရှိ ဧရိယာသုံးခု ပစ်မှတ်ထားခြင်း ခံခဲ့ရပြီး နိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ဒေသဖြစ်သည့် ပန်ဂျပ်ပြည်နယ်၊ ပါကစ္စတန်ဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသနှင့် ဘာဟာဝါပါဒေသရှိ နေရာတစ်ခုတို့ ဖြစ်ကြောင်း ပါကစ္စတန်စစ်ဘက်က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ သင့်တော်တဲ့ အချိန်တစ်ခုမှာ လက်တုံ့ပြန်သွားမှာပါ” ဟုလည်း ပါကစ္စတန်စစ်တပ် ပြောခွင့်ရ ဗိုလ်မှူးကြီး အာမက်ရှာရစ်ချောင်ဒရီက ပြောကြားသည်။ အိန္ဒိယ၏ တိုက်ခိုက်မှုသည် “စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရန်စမှု” ဟုလည်းသူက ပြောဆိုသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ပါကစ္စတန်နှင့် ထိစပ်နေသော ကက်ရှ်မီးယား ဒေသတွင် ဧပြီလ ၂၂ ရက်နေ့က အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့်အတွက် ခရီးသွား ၂၆ ဦးအထိ သေဆုံးခဲ့သည်။ အိန္ဒိယက အဆိုပါဖြစ်ရပ်၏ နောက်ကွယ်တွင် ပါကစ္စတန်ရှိနေသည်ဟု တောက်လျှောက် စွပ်စွဲနေခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှု စတင်ပြုလုပ်လာခြင်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ မူရစ် (Muridke) မြို့တွင် ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့ အစောပိုင်းက အိန္ဒိယမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် နေရာ၌ မီးသတ်ဝန်ထမ်းများ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်။ ဓာတ်ပုံ - AP

အိန္ဒိယ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၂၆ ဦးထက်မနည်းရှိကာ ဒဏ်ရာရသူ ၄၆ ဦးအထိ ရှိကြောင်း ပါကစ္စတန်စစ်ဘက်က ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပါကစ္စတန်ကမူ အဆိုပါအကြမ်းဖက်မှုသည် မိမိတို့နှင့် သက်ဆိုင်ခြင်း မရှိသလို အိန္ဒိယက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည် ဆိုလျှင်လည်း ကူညီစုံစမ်းရန် အသင့်ရှိကြောင့် ရှေ့ပိုင်းတွင် ပြောဆိုထားသည်။

အခြားတစ်ဘက်တွင်လည်း ပါကစ္စတန်စစ်တပ်သည် ပြီးခဲ့သော ရက်ပိုင်းတွင် ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ စမ်းသပ်ခဲ့သော ဒုံးကျည်များသည် မိုင် ၂၈၀ ခန့်အထိ ပစ်ခတ်နိုင်သည့် လက်နက်များ ဖြစ်ကာ ဤအကွာအဝေးသည် ပါကစ္စတန် နယ်စပ်မှ ပစ်ခတ်လျှင် အိန္ဒိယမြို့တော် နယူးဒေလီအထိ ရောက်ရှိနိုင်သည့် အကွာအဝေးလည်း ဖြစ်သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နှစ်နိုင်ငံလုံး နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားကြသည်။ ယခုသီတင်းပတ် အစောပိုင်းကလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်က ပါကစ္စတန်နှင့် အိန္ဒိယအကြား ရေဆူမှတ်ကို ရောက်နေပြီဖြစ်ကာ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်နှင့် နောက်ပြန်ဆုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယခုနောက်ဆုံး သတင်းများအရ ပြီးခဲ့သည့် နာရီပိုင်းအတွင်း ပါကစ္စတန်ဘက်က အိန္ဒိယနိုင်ငံ ဂျမူး-ကက်ရှ်မီးယား ဒေသသို့ လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည့်အတွက် အရပ်သား ၇ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရသွားကြောင်း စီအန်အန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။