- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
စစ်ကောင်စီက ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်လာသည်နှင့် ပတ်သက်၍ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ဒေသခံများ၏ သဘောထားအမြင်များကို DMG မှ မေးမြန်းဖော်ပြလိုက်သည်။
17 May 2025

DMG ၊ မေ ၁၇
ငလျင်အကြောင်းပြပြီး အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီသည် လေကြောင်းကို စစ်ဗျူဟာကြီးတစ်ခုအဖြစ် အသုံးပြုကာ နိုင်ငံတဝန်းတွင် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်လာနေသည်။
စစ်ပွဲဆိုင်ရာဥပဒေက တားမြစ်ထားသည့် အရပ်သားနေထိုင်ရာ မြို့/ရွာများ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကို ဦးတည်တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များ မြင့်တက်လာသည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဗန်းမော်၊ အိုးတိန်တွင်းနှင့် ထွန်းရဝေဖြစ်စဉ်များမှာ အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။ ထိုဖြစ်စဉ် သုံးခုအတွင်း ကလေးငယ်အပါအဝင် ၅၀ ကျော် သေဆုံးပြီး ၁၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီက ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်လာသည်နှင့် ပတ်သက်၍ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ဒေသခံများ၏ သဘောထားအမြင်များကို DMG မှ မေးမြန်းဖော်ပြလိုက်သည်။
ဝေဟင်အောင် (စာရေးဆရာ)
"စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဘာကျင့်ဝတ်မှ မရှိဘူး။ ဘာလူ့အခွင့်အရေးမှ ဂရုစိုက်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ သူတို့ တစ်ဘဝလုံး ကျင့်သုံးလာတာက အကြမ်းဖက်တဲ့ နည်းလမ်းပဲ။ မထင်ရင် မထင်သလို ပြည်သူတွေကိုလည်း သတ်မယ်။ သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ သူတွေကိုလည်း သတ်မယ်၊ ဖြတ်မယ်ဆိုတဲ့ တကယ့်အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အစုလိုက်အပြုံ လိုက်သတ်လာတာလည်း ရှေ့မှာ အများကြီးပဲ။ နောက်ထပ်လည်း သတ်ပြအုံးမယ်။ ဘာလို့လည်းဆိုတော့ တော်လှန်ရေးအဖွဲ့တွေမှာ သူတို့ လေကြောင်းရန်ကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေ မရှိဘူးဆိုတဲ့ အမြင်မျိုး သူတို့အပေါ်မှာ ရသွားတော့ ဒီလေယာဉ်နဲ့ အလွယ်တကူ သတ်ဖြတ်လို့ရတယ်ဆိုတဲ့ အတွေးအခေါ် ဝင်သွားတဲ့အတွက် ဒီလေယာဉ်ကို သုံးပြီး သတ်ပြနေတာဖြစ်တယ်"
နန်းအွမ်ခမ်း (အမျိုးသမီးအခွင့်အရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူ)
"လူမဆန်တဲ့လုပ်ရပ်ကို ကျူးလွန်နေတဲ့သူတွေက အပြည်ပြည်ဆိုင်ရာကလည်း ၀ိုင်း၀န်းပြစ်ဒဏ်ပေးသင့်တယ်။ စစ်တပ်ကို Targeted Senction လုပ်ဖို့၊ စစ်တပ်ကို လက်နက်တွေ မရောင်းဖို့၊ လေယဥ်ဆီဖြတ်တောက်ဖို့ နွေဦးတော်လှန်ရေး အစကတည်းက တော်လှန်ရေးအဖွဲ့တွေက တစိုက်မတ်မတ် တောင်းဆိုလာခဲ့တဲ့ အသံကို နိုင်ငံတကာက ကြားဖို့ ကောင်းပြီ။ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဘယ်လောက်ထပ်ဆုံးရှုံးမှ ဒီအော်သံတွေကို ကြားမလဲလို့ပဲ စိတ်နာနာနဲ့ မေးချင်ပါတယ်။ စစ်တပ်ဟာ အရပ်သားပြည်သူကို ကာကွယ်ရမယ့်အစား ပြည်သူတွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေတာမို့ သူတို့ကို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ နိုင်ငံတကာရော၊ အာဆီယံကပါ အရေးယူပေးဖို့ လိုပါတယ်။ စစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေး၊ ဖြော်ဖြေရေးလုပ်ငန်းတွေ မှန်သမျှ သွေးစွန်းငွေကို ဖြတ်တောက်ကြဖို့ Boycott သေချာလေးလုပ်ဖို့လဲ လိုပါတယ်။"
ဦးမြတ်ထွန်း (ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့)
"အခုလို ဗုံးကြဲသတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်ပါတယ်။ ကျနော်တို့ ရခိုင်ပြည်ကို လူမျိုးတုံးသတ်ဖြတ်တာတွေ လုပ်နေတာပါ။ ဒါက ဂျီနိုဆိုက်လို့ ခေါ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာပဲ။ နောက်တစ်ခါ ရခိုင်က အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာဟာ မြန်မာစစ်ကောင်စီက ဂျနီဗာကွန်ဗေးရှင်းကို ချိုးဖောက်ပြီး အကြမ်းဖက်မှု ကျူးလွန်ရာရောက်ပါတယ်။ ဂျနီဗာကွန်ဗေးရှင်းမှာ အပြစ်မဲ့ပြည်သူတွေကို စစ်ရေးအတွင်းမှာ မသတ်ဖြတ်ရဘူး၊ ပြည်သူတွေ နစ်နာအောင်မလုပ်ရဘူးဆိုပြီး ပါဝင်ပါတယ်။ ဒါကို စစ်ကောင်စီက သတ်ဖြတ်နေတော့ ဂျနီဗာကွန်ဗေးရှင်းကို ချိုးဖောက်တာပဲ။ ဒါကို ရခိုင်လူ့အခွင့်အရေးအဖွဲ့အနေနဲ့လည်း လုံးဝမလိုလားဘူး၊ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ နောက်လည်း အဲလိုလုပ်မယ်ဆိုရင် ကျနော်တို့ ရှုတ်ချရမယ့်အပြင် ဒီစစ်ရာဇဝတ်ကောင်တွေကို အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးတွေမှာ တင်နိုင်ဖို့အတွက် အမြဲတမ်း ကြိုးစားနေပါတယ်"
မကျော့ကျော့သန်း (ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦး)
" လေကြောင်းရန်ကိုပဲ ကြောက်နေရတဲ့အတွက် တခြားသော ကဏ္ဍတွေကို အချိန်ပေးရမယ့်အချိန် လေကြောင်းရန်ကို အာရုံစိုက်နေရတော့၊ လေယာဉ်အသံကြားတာနဲ့ သွေးရူးသွေးတန်း ဖြစ်ပြီးတော့ ကြောက်နေကြရတယ်။ ဒီတော့ နေ့စဉ်နဲ့အမျှ လေယာဉ်ကြောင့် "ငါပဲ သေသွားမလား၊ ငါ့ယောကျ်ား သေသွားမလား၊ ငါသားသမီး၊ ငါ့ဆွေးမျိုးတွေပဲ သေဆုံးသွားမလား" ဆိုတဲ့ စိတ်တွေနဲ့ ကြောက်နေရတယ်။ ညဆိုလည်း ကြောက်ရ၊ နေ့ဆိုလည်း ကြောက်နေရဆိုတော့ ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက တော်တော်လေး ဆိုးရွားလာတယ်။ ဒီတော့ အမျိုးသမီးတွေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာရော လုံခြုံမှုမရှိတော့တဲ့ အခြေအနေဖြစ်နေတာပေါ့။ လေယာဉ်ဘယ်အချိန်လာမှာလဲ ဘယ်ချိန် ဗုံးခိုကျင်းထဲဝင်ရမလဲဆိုတဲ့ စိတ်တွေက စိတ်ပိုင်းဆိုင်ရာ တော်တော်လေးထိခိုက်တယ်။ အမျိုးသမီးငယ်တွေဆိုရင်လည်း အနာဂတ် ရည်မှန်းထားတဲ့အတွက် ရှေ့ဆက်ဖို့ ခွန်အားအစား နေ့တိုင်း ဂျက်ဘယ်ချိန်လာမလဲ ဆိုတဲ့ စိတ်နဲ့ နေ့စဉ်ဖြတ်သန်းနေကြရတယ်။"
ပြည့်ဖြိုးနိုင် (ဥက္ကဌ) ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး
"စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေက ဘာနဲ့မှ နှိုင်းပြလိုမရတဲ့ အနေအထားဖြစ်သွားပြီ။ ဒီလောက်ထိ ပြည်သူအပေါ် ရက်စက်တာက လူ့အခွင့်အရေးတွေကို ဆိုးဆိုးရွားချိုးဖောက်ပြီးတော့ လူကို လူလို မမြင်တော့ဘူးပေါ့။ စစ်ကောင်စီက စစ်ကို စစ်နဲ့တူအောင် မတိုက်တော့ဘူး။ အာရက္ခပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး ယန္တရားတွေကို မလည်ပတ်နိုင်အောင် ဖျက်ဆီးနိုင်တာကို ပြချင်တာ။ ဒီလိုမျိုးလုပ်ရပ်တွေက လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ ကလေးတွေ အစုလိုက်အပြုံလိုက်သေဆုံးမှုအပေါ်မှာ ပြောချင်တာက ပြည်သူတွေမှာ ဘာအပြစ်ရှိလို့လဲ။ ကျနော်တို့ ပြည်သူတွေက စစ်ရေးနဲ့ပတ်သတ်ပြီး ဘာမှ မသိဘူး။ အဲလိုလုပ်ရပ်တွေက နှိုင်းစရာ မရှိလောက်အောင် ဆိုးရွားပါတယ်"