စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်တို့ သံတမန်ဆက်ဆံရေး အားလျှော့လာခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နယ်စပ်ထိန်းချုပ်ထားနိုင်သည့် AA ကိုသာ အပြတ်အသတ် ရွေးချယ်သွားပြီး စစ်ကောင်စီနှင့် ဆက်ဆံရေးတည်ဆောက်ရန် မလိုသည့် ယူဆချက်ကို တွေ့ရပြီး AA အနေဖြင့် ပထမဆုံး သံတမန်ရေး အောင်ပွဲကိုရရှိခြင်းဖြစ်ကြောင်း ရခိုင့်နိုင်ငံရေး သုံးသပ်သူများက ဆိုသည်။

By Admin 31 May 2025

၂၀၂၃ ခုနှစ်အတွင်း နေပြည်တော်တွင် တွေ့ရသည့် စစ်ခေါင်းဆောင်နှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်။ ဓာတ်ပုံ - MOI
၂၀၂၃ ခုနှစ်အတွင်း နေပြည်တော်တွင် တွေ့ရသည့် စစ်ခေါင်းဆောင်နှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်။ ဓာတ်ပုံ - MOI

DMG ၊ ဇွန် ၁

ပြီးခဲ့သည့် မေ ၂၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မိုနိုဝါဟိုစိန်နှင့် စစ်သံမှူး ဗိုလ်မှူးချုပ် အက်ဖ်တက်ဟော့စိန်ကို နေပြည်တော်နှင့် ရန်ကုန်ကနေ ဒါကာမြို့ကို ပြန်ခေါ်ပြီး စစ်ကောင်စီနှင့် သံတမန် ဆက်ဆံရေးတင်းမာမှု အခြေအနေကို တရားဝင်ချပြလိုက်သည်။

၁၆၈ မိုင်ကျော်ရှည်လျှားသည့် ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်မျဉ်းတစ်လျှောက်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်မှ AA နှင့် ထိတွေ့ဆက်ဆံမှုများကို စစ်ကောင်စီက တရားဝင် ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်က ပယ်ချပြီးနောက် ယခုလို အခြေအနေသို့ရောက်ရှိလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ပထမအပတ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) အစည်းအဝေးတွင် စစ်ခေါင်းဆောင်နှင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် မိုဟာမတ်ယူနွတ်နှင့် တွေ့ဆုံပြီး မွတ်ဆလင် ဒုက္ခသည်များကို ပြန်လည်လက်ခံမည်ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နယ်စပ်ထိန်းချုပ်ထားနိုင်သည့် AA ကိုသာ အပြတ်အသတ် ရွေးချယ်သွားပြီး စစ်ကောင်စီနှင့် ဆက်ဆံရေးတည်ဆောက်ရန် မလိုသည့် ယူဆချက်ကို တွေ့ရပြီး AA အနေဖြင့် ပထမဆုံး သံတမန်ရေး အောင်ပွဲကိုရရှိခြင်းဖြစ်ကြောင်း ရခိုင့်နိုင်ငံရေး သုံးသပ်သူများက ဆိုသည်။

" ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေး သဘောသဘာဝအရဆိုရင် နိုင်မျဉ်းကို အပြတ်အသတ်ရွေးချယ်တာလို့ ပြောလို့ရတယ်။ အခုက အာရက္ခတပ်တော်နဲ့ မပြောဆိုလို့ မရတော့တဲ့ အခင်းအကျင်းကို ရောက်သွားတယ်။ စစ်ကောင်စီနဲ့ စကားပြော စရာမလိုတော့ဘူဆိုတဲ့ သဘောကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတာ ဖြစ်တယ်။ အာရက္ခတပ်တော်ဘက်က ပထမဆုံး သံတမန်ရေးစစ်ပွဲကို အောင်ပွဲရလိုက်တာလို့ ပြောနိုင်မယ်" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

ဆက်လက်၍ "ဘင်္ဂလားဒေ့ရှ်ဖက်က စစ်ကောင်စီကို နိုင်ဖဲတွေ ရှိပါတယ်။ စစ်ကောင်စီက ICJ မှာလဲ တရားစွဲတာ ခံထားရတယ်။ ICC မှာလည်း တရားစွဲဆိုခံရမယ့် အနေအထားရှိတယ်။ အဲဒီ ကိစ္စတွေရဲ့ သက်သေတွေက ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်နယ်စပ်မှာပဲ ရှိတာ။ ဒီတော့ ဘင်္ဂလားဒေ့ရှ်နဲ့ရော ရခိုင်နဲ့ရော ဆက်ဆံရေး အဆင်မပြေတော့ဘူးဆိုရင် စစ်ကောင်စီက သူ့သေတွင်းကို သူကိုယ် တိုင်တူးရမယ့် အနေအထားလို့ မြင်တယ် " စာရေးဆရာ ဝေဟင်အောင်က ဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် ဆက်ဆံရေး လျော့ကျလာချိန်တွင် AA နှင့် ဆက်ဆံရေး အားကောင်းလာသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ပြီးခဲ့သည့် မတ် ၁၃ ရက်က နယ်စပ်ရေးရာအပါအဝင် စစ်ဘက်ဆိုင်ရာကိစ္စများတွင် AA နှင့် ဆက်ဆံရေး အဆင်ပြေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်နှင့် ပတ်သက်ပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် အကြံပေးအရာရှိချုပ် Shafiqul Alam က ပြောကြားခဲ့သည်။

AA ဘက်ကလည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင်ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရာနှင့်ချီကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲပြောင်းပေးလေ့ရှိသည်။

ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း မတ် ၁၅ ရက်တွင် AA ပြောခွင့်ရ ဦးခိုင်သုခ က ဆိုထားသည်။

နယ်မြေချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နှင့် AA တို့သည် နယ်စပ်လုံခြုံရေး၊ နှစ်နိုင်ငံကူးလူးဆက်ဆံရေးနှင့် မွတ်ဆလင်ဒုက္ခသည်အရေးတို့အတွက် ဆက်ဆံရေးခိုင်မာအောင်တည်ဆောက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ ဂုဏ်သိက္ခာကျဆုံးမှုအတွက် စစ်ရေး၊ နိုင်ငံရေးလှည့်ကွက်များကို သတိထားသင့်သည်ဟု သုံးသပ်မှုများလည်း တွေ့ရသည်။

၈၈ မျိုးဆက်ကျောင်းသားဟောင်း တစ်ဦးက " ယူနွတ်အစိုးရကတော့ AA နဲ့ နယ်စပ်လုံခြုံရေး၊ နှစ်နိုင်ငံကူးလူး ဆက်ဆံရေးနဲ့ ဒုက္ခသည်အရေးတို့အပေါ် သူတို့ ပြောတဲ့ အကျိုးစီးပွားတွေအတွက် ဆက်ဆံရေး တည်ဆောက်သွားလိမ့်မယ်လို့ ယူဆပါတယ်။ စစ်ကောင်စီကတော့ ဂုဏ်သိက္ခာအရ ကျဆုံးရတာတွေအပေါ်မှာ နိုင်ငံရေး၊ စစ်ရေးအရ နည်းမျိုးစုံနဲ့ လုပ်ဆောင်လာမှာ ဖြစ်တာကြောင့် နည်းမျိုးစုံနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်ရမယ့် အနေအထားပါ" ဟု သုံးသပ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် စစ်ကောင်စီတို့ကြားထဲမှာ သံတမန်ရေး တင်းမာမှုများ ဖြစ်လာခြင်းသည် မြန်မာပြည်တွင် ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးအပါဝင် အထူးသဖြင့် AA ၏ လှုပ်ရှားဆောင်ရွက်မှုများထဲ အရေးကြီးသည့် အချိုးအကွေ့တစ်ခုဖြစ် နိုင်ကြောင်း နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က ရှုမြင်သည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိနှစ်ဦး ရောက်ရှိခဲ့ကြသည်။ ယင်ခရီးစဉ်တွင် AA ၊ CNF အပါဝင် မြန်မာ့နိုင်ငံတော်လှန်ရေးအတွက် အမေရိကန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကူညီထောက်ပံ့ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုကိစ္စကြောင့် စစ်ကောင်စီက ကြိုတင်တားဆီးခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်သည်။

" ဒီဖြစ်ရပ် မတိုင်ခင်မှာ အမေရိကန်တပ်မတော်က ဘင်္ဂလားဒေ့ရှ်လာပြီး မြန်မာပြည်မှာ စစ်ရေးအရ ကူညီဖို့ လမ်းရှာတဲ့အနေနဲ့ ဒုက္ခသည်တွေကို ကူညီပေးဖို့ဆိုတဲ့ ဆွေးနွေးချက်ရှိပါတယ်။ အမေရိကန်ဘက်က ဘင်္ဂလားဒေ့ရှ်က တဆင့် AA နဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းလာတယ်လို့ သိရပါတယ်။ ဒီလိုဖြစ် လာမယ်ဆိုလို့ရှိရင် AA ရဲ့ စစ်ဆင်ရေး အတွက် အရေးကြီးတဲ့ တွန်းအားတစ်ခုဖြစ်တဲ့အတွက် ဒါကို စစ်ကောင်စီက စိုးရိမ်လို့ တားဆီးတာ ဖြစ်တယ်လို့ ကျနော် သဘောပေါက်ပါတယ်။ ဒါကြောင့် အဲကိစ္စဟာ နွေဦးတော်လှန်ရေး အလှည့်အပြောင်းဖြစ်ဖို့အတွက် အရေးကြီးတဲ့ ဆုံချက်တစ်ခုဖြစ်တာကြောင့် အသေအချာ စောင့်ကြည့်သင့်တယ်လို့ မြင်ပါတယ်" ဟု ဦးသန်းစိုးနိုင် က ပြောသည်။

ဘင်္ဂလားဒေ့ရှ်၏ သံတမန်ရေး အလှည့်အပြောင်းသည် AA အတွက် ကောင်းမွန်သည့် အခြေအနေ ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသထိန်းချုပ်ထားခြင်းသည် ကမ္ဘာတဝန်းလုံးက စောင့်ကြည့်နေသည့် မွတ်ဆလင်ဒုက္ခသည်အရေးကို အဓိက ဖြေရှင်းရမည့် စိန်ခေါ်မှုနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။