ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ

"ICG ရဲ့အစီရင်ခံစာဟာ မှန်ကန်နိုင်တယ်လို့ သုံးသပ်ရတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက မွတ်ဆလင် လက်နက်ကိုင်တွေကို တိုက်ရိုက်မပံ့ပိုးရင်တောင် မသိသလိုနေပြီး ခွင့်ပြုပေးထားတာမျိုးက ဒေသနှစ်ခုလုံးအတွက် အန္တရာယ်ကြီးတယ်" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ လူငယ်အမျိုးသားတစ်ဦးက ရှုမြင်သည်။

By Admin 03 Jul 2025

၂၀၂၅ ခုနှစ် မတ်လအတွင်းက ထွက်ပေါ်ခဲ့သည့် ARSA အဖွဲ့ပုံ။
၂၀၂၅ ခုနှစ် မတ်လအတွင်းက ထွက်ပေါ်ခဲ့သည့် ARSA အဖွဲ့ပုံ။

DMG ၊ ဇူလိုင် ၃

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ တပ်သားသစ်စုဆောင်းနေကြောင်း နိုင်ငံတကာ အကျပ်အတည်းများစောင့်ကြည့်ရေးအဖွဲ့ (ICG)က သတိပေးပြီးနောက်တွင် ရခိုင်နယ်စပ် မောင်တောမြို့နယ်အတွင်း အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)က အာရက္ခတပ်တော် (AA)ကို တိုက်ခိုက်မှုများ ထပ်မံပေါ်ပေါက်လာသည်။

မောင်တောမြို့နယ်မြောက်ပိုင်း ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဗန္ဓုလကျေးရွာအနီးတွင် ဇွန်လ ၂၈ ရက်က ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မောင်တော-ခမောင်းဆိပ်လမ်းပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ဗန္ဓုလကျေးရွာအနီးရှိ အာရက္ခတပ်တော်၏ တပ်စခန်းကို ARSA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း AA နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက အာရက္ခတပ်တော် တပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ဇွန် ၃၀ ရက်တွင် ARSA အဖွဲ့ လူမှုကွန်ယက်စာမျက်နှာမှ ရုပ်သံဖိုင် ထုတ်ပြန်ခဲ့သည်။

"ICG ရဲ့အစီရင်ခံစာဟာ မှန်ကန်နိုင်တယ်လို့ သုံးသပ်ရတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက မွတ်ဆလင် လက်နက်ကိုင်တွေကို တိုက်ရိုက်မပံ့ပိုးရင်တောင် မသိသလိုနေပြီး ခွင့်ပြုပေးထားတာမျိုးက ဒေသနှစ်ခုလုံးအတွက် အန္တရာယ်ကြီးတယ်" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ လူငယ်အမျိုးသားတစ်ဦးက ရှုမြင်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် မွတ်ဆလင်လက်နက်ကိုင်များကို စိတ်ကြိုက်လုပ်ပိုင်ခွင့် ပြုထားမည်ဆိုပါက AA အတွက်သာမက ဘင်္ဂလားဒေ့ရှ်အတွက်လည်း အန္တရာယ်ကြီးမားသော အခြေအနေတစ်ရပ်ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ အများအပြားသည် အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းနေကြောင်း ICG က ဇွန် ၁၈ မှာ အစီရင်ခံစာထုတ်ပြန် သတိပေးထားသည်။

ဒုက္ခသည်စခန်းများတွင် ဗိုလ်ကျစိုးမိုးနေသည့် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့အစည်းများသည် အချင်းချင်း ပူးပေါင်းထားကြပြီး ထိုပူးပေါင်းမှုကို ဘင်္ဂလားဒေ့ရှ် အေဂျင်စီများကလည်း ထောက်ခံကြကြောင်း ICG က စွပ်စွဲထားသည်။ ယင်းစွပ်စွဲချက်အပေါ် ဘင်္ဂလားဒေ့ရှ်က ငြင်းဆိုထားသည်။

မွတ်ဆလင်လက်နက်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ICG ၏ ဘင်္ဂလားဒေ့ရှ်-မြန်မာအရေး စောင့်ကြည့်သူ မစ္စတာ သောမက်စ်ကိန်းကို DMG က မေးမြန်းခဲ့တဲ့အပေါ် "မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေက AA ကို စိန်ခေါ်ဖို့ အားကောင်းတယ်လို့ ကျနော် မထင်ပါဘူး။ ARSA ဟာ ရံဖန်ရံခါ တိုက်ခိုက်မှုများကိုပဲ လုပ်ဆောင်နေတာပါ။ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဒုက္ခသည်တွေဆီက ထောက်ပံ့မှုရဖို့ ကြိုးပမ်းနေရပြီး လက်နက်အများအပြားကို မသုံးစွဲနိုင်ပါဘူး။ တိုက်ခိုက်ရေးသမားတွေကိုလည်း လေ့ကျင့်ပေးနိုင်စွမ်းလည်း မရှိပါဘူး။ ဒါပေမဲ့ သူတို့မရပ်တန့်ရင် မွတ်ဆလင်အရပ်သားတွေ၊ ဘင်္ဂလားဒေ့ရှ်၊ AA အတွက်ပါ နစ်နာမယ်။ အမြတ်ရမှာကတော့ မြန်မာစစ်တပ်ပဲ ဖြစ်လိမ့်မယ်" ဟု ပြောသည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တကြောမှာ အာရက္ခတပ်တော် လက်တွင်းသို့ အားလုံးကျရောက်နေပြီးဖြစ်ရာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ နောက်ကွယ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရအေဂျင်စီများ ရှိနေခြင်းက ဘင်္ဂလားဒေ့ရှ်နှင့် AA အကြား ဆက်ဆံမှုအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း ICG အစီရင်ခံစာက ထောက်ပြထားသည်။

လက်ရှိလှုပ်ရှားနေသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA)နှင့် Rohingya Islamic Mahaz အဖွဲ့တို့ ဖြစ်ကြသည်။

ARSA အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ရခိုင်ပြည်ထဲသို့ ဝင်ရောက်လှုပ်ရှားပြီး နယ်စပ်ဒေသ လုံခြုံရေးကို အန္တရာယ်ပြုနေသဖြင့် မောင်တောဒေသလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေကြောင်း ဒေသခံများက ပြောသည်။