မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံများအားကို လူသားချင်းစာနာထောက်ထားလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းနိုင်ငံကို မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

By Admin 02 Jul 2025

ဘန်ကောက်မြို့လယ်တစ်နေရာတွင် ပြီးခဲ့သည့် ဧပြီလအတွင်း သင်္ကြန်ပွဲတော်ကာလ မြင်ကွင်း။
ဘန်ကောက်မြို့လယ်တစ်နေရာတွင် ပြီးခဲ့သည့် ဧပြီလအတွင်း သင်္ကြန်ပွဲတော်ကာလ မြင်ကွင်း။

DMG ၊ ဇူလိုင် ၂

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံများအားကို လူသားချင်းစာနာထောက်ထားလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းနိုင်ငံကို မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် မြန်မာများသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများမဟုတ်ဘဲ စစ်ကောင်စီ၏ ဖိနှိပ်ရက်စက်မှုတို့ကြောင့် လာရောက်ခိုလှုံသူများဖြစ်ပြီး အာဏာရှင်စနစ် ဖယ်ရှားနိုင်သည့်အချိန် မြန်မာသို့ပြန်ကြမည့်သူများဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

NUG အနေဖြင့် ယာယီကာလအတွင်း မြန်မာနိုင်ငံသားများက ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစားလိုက်နာကာ သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေး ကြိုးစားနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအား လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန်နှင့် ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်နှင့် ထိုင်းပြည်သူလူထုတို့ကို ထိုင်းရောက် မြန်မာများကိုယ်စား ကျေးဇူးတင်ကြောင်း NUG က ဆိုသည်။

မြန်မာနိုင်ငံသားများအနေဖြင့်လည်း ထိုင်းနိုင်ငံသားများစုဝေးဆန္ဒပြသည့်နေရာများအား ရှောင်ရှားကြရန်နှင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ကြရန်လည်း NUG က တိုက်တွန်းထားသည်။

NUG အနေဖြင့် ထိုင်းရောက်မြန်မာများ ထိရောက်သော အကူအညီများရရှိရန်နှင့် ထိုင်းနိုင်ငံက လက်ခံနိုင်မည့် နိုင်ငံရေးအရ ချည်းကပ်မှုများကိုလုပ်သင့်ကြောင်း ထိုင်းရောက်မြန်မာများက ထောက်ပြကြသည်။

"NUG ကိုယ်တိုင်က ထိုင်းမှာရောက်နေတဲ့ မြန်မာတွေကို အကူအညီပေးနိုင်အောင် နိုင်ငံရေးအရ ထိုင်းကို ရအောင်စည်းရုံးဖို့ လိုတယ်။ ဒါပေမဲ့ သူတို့ မလုပ်နိုင်ဘူး။ သူတို့ကိုယ်တိုင်တောင်မှ ထိုင်းက ခွင့်မပြုလို့ ထိုင်းမှာ ပုန်းပြီးနေရတဲ့ အဆင့်ဖြစ်နေတယ်။ သူတို့ကိုယ်တိုင်တောင်မှ မြန်မာတွေအတွက် ဘာမှ မလုပ်ပေးနိုင်တဲ့အတွက် သူတို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာလည်း ထိုင်းအတွက် ဘာမှ အသုံးမဝင်ဘူး" ဟု ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် CDM ဝန်ထမ်း ကိုကျော်ဝဏ္ဏက ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါထရာသည် ကမ္ဘောဒီးယားနယ်စပ်ပြဿနာနှင့်ပတ်သက်၍ ဖုန်းပြော ဆိုထားသည့် အသံဖိုင်ပေါက်ကြားမှုကြောင့် လွှတ်တော်နှင့် လူထုဆန္ဒပြမှုများကို ခံခဲ့ရပြီးနောက် ၎င်းကို စုံစမ်းစစ် ဆေးမှုများပြုလုပ်ရန် ယမန်နေ့ (ဇူလိုင် ၁ရက်) တွင် ရာထူးမှ ရပ်စဲခံခဲ့ရသည်။

ပေတုန်တန်ရှင်နာဝါထရာ၏ စုံစမ်းစစ်ဆေးမှုမှာ အချိန်ကြာမြင့်မှုများရှိနိုင်သဖြင့် လက်ရှိတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရာထူးကို ပို့ဆောင်ရေးဝန်ကြီးအဖြစ်ဆောင်ရွက်နေသူ ဆူရီယာဂျန်းရန်ဂရီယန်ကစ်က ယာယီ တာဝန်ယူမည်ဖြစ်ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်မှုကြောင့် ရွှေပြောင်းနေထိုင်သည့် မြန်မာများအပေါ် တိုက်ခိုက်သက်ရောက် မှုမရှိသေးသော်လည်း နယ်စပ်တွင် နေထိုင်သည့် မြန်မာများကို ဖမ်းဆီးမှုများရှိလာနိုင်ကြောင်း ရှုမြင်မှုများရှိနေသည်။

"ဒီဘက်မှာ ရောက်လာတဲ့လူတွေက လူဦးရေများလာတော့ အလုပ်အကိုင်တွေလည်း အရမ်းရှားပါးလာတယ်။ လူတွေက ဥပဒေအရ ခွင့်ပြုတာ ခွင့်မပြုတာကို ထားပေါ့နော်။ အလုပ်ရရေး ဒို့အရေး၊ စားဝတ်နေရေး အဆင်ပြေ‌ရေး ဒို့အရေးဆိုတော့ ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းခွင်မှာလည်း မြန်မာရွှေ့ ပြောင်းလုပ်သားတွေဝင်ပြီးတော့ လုပ်နေကြတာလည်းရှိတယ်။ ဆိုတော့ အဲဒီအပေါ်မှာလည်း အဖမ်းခံရတာတွေ အများကြီးရှိတယ်" ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သူ မြန်မာအမျိုးသားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် (တရားဝင်) မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်နှင့် အထောက်အထားမဲ့ နေထိုင်သူ ၂ သန်းခန့် စုစုပေါင်း ၄ သန်းကျော်ရှိကြောင်း ရွှေပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM)၏ စာရင်းအရ သိရသည်။

နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်အားခလစာ မလုံလောက်မှု၊ နိုင်ငံရေး မငြိမ်သက်မှု စသည့် အ ကြောင်းအရင်းများကြောင့် မြန်မာနိုင်ငံသားများမှာ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ခွာမှုများရှိနေပြီး အာဏာသိမ်းပြီးနောက်တွင် ရွှေ့ပြောင်းနေထိုင်သူ ပိုများပြားလာခဲ့သည်။