ရိုဟင်ဂျာများအပေါ် ကျူးလွန်သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး အေအေဘက်မှ တုံ့ပြန်ဖြေကြားချက်

“လေ့လာသူတွေအနေနဲ့ အာရကန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေ ထိတ်လန့်ဖွယ်ရာ ဆုံးရှုံးရမှုအပေါ်မှာလည်း မျှမျှတတ သတိပြုစောင့်ကြည့်ကြဖို့ ကျနော်တို့ အကြံပြုပါတယ်”

By Admin 30 May 2024

အာရက္ခတပ်တော်(AA)၏ တပ်မှူးချုပ်ဖြစ်သလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ဥက္ကဌလည်းဖြစ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ ဓာတ်ပုံ - Reuters
အာရက္ခတပ်တော်(AA)၏ တပ်မှူးချုပ်ဖြစ်သလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ဥက္ကဌလည်းဖြစ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ ဓာတ်ပုံ - Reuters

[ယခုအင်တာဗျူးသည် The New Humanitarian သတင်းဌာန၏ ဝဘ်ဆိုက်ပေါ်တွင် ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့၌ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြချက်ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ဖော်ပြပါရှိသော အသုံးအနှုန်းများသည် မူရင်းသတင်းဌာနတွင် ဖော်ပြချက်အတိုင်း တိုက်ရိုက်ဘာသာပြန်ထားခြင်း ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ - DMG]

အာရက္ခတပ်တော် (Arakan Army) သည် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို ထိပ်တိုက်ရင်ဆိုင်နေသည့် အတိုက်အခံ လက်နက်ကိုင်အုပ်စုများအနက် ထင်ရှားသည့် အဖွဲ့တစ်ခုဖြစ်သည်။ အေအေသည် လူနည်းစု ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသလို (accused) ရိုဟင်ဂျာများအပေါ် အမုန်းပွားဖွယ် စကားများ ထုတ်ဖော်ပြောကြားမှုများ ရှိသည်ဟုလည်း စွပ်စွဲခံနေရသည်။

ဤကဲ့သို့ သက်သေအထောက်အထား မပါသည့် စွပ်စွဲမှုများ (allegations) ကို နိုင်ငံတကာ သတင်းမီဒီယာများ၏ သတင်းများတွင် တွေ့မြင်ရသလို ရိုဟင်ဂျာအရေး ဇောင်းပေးလှုပ်ရှားသည့် လူမှုကွန်ရက် အကောင့်များတွင်လည်း တွင်တွင်ကျယ်ကျယ် ဖော်ပြနေကြသည်ကို တွေ့ရသည်။

The New Humanitarian သည်လည်း ပုံစံတူ ပြောဆိုချက်များကို ကိုးကားပြီး ယခုသီတင်းပတ်အစောပိုင်းတွင် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သည်။ အဆိုပါ ဆောင်းပါး၌ မြန်မာစစ်ကောင်စီနှင့် အာရက္ခတပ်တော်ကဲ့သို့ လက်နက်ကိုင်အုပ်စုများအတွက် အရေးပါသည့် တိုက်ပွဲဧရိယာများအနက် တစ်ခုဖြစ်လာသည့် ရခိုင်ကမ်းခြေဒေသ မြောက်ပိုင်းရှိ မွတ်ဆလင်ရိုဟင်ဂျာ အများစုနေထိုင်ကြသည့် အသိုင်းအဝိုင်းမှ ဒေသခံအချို့၏ ပြောကြားချက်များကို ကိုးကားဖော်ပြခဲ့သည်။

အေအေ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan - ULA) ၏ အမြင်ကို မိမိတို့ ဆက်သွယ်တောင်းခံခဲ့သော်လည်း ULA/AA-HQ ဟု လက်မှတ်ရေးထိုးထားသည့် ၎င်းတို့၏ အကြောင်းပြန်စာသည် ဆောင်းပါးကို ဖော်ပြပြီးချိန်အထိ မရောက်ရှိခဲ့ပါ။

ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှု ရှိစေရန်အလို့ငှာ မိမိတို့အနေဖြင့် ယခုအခါ ULA/AA ၏ အကြောင်းပြန်စာကို အောက်တွင် ဖော်ပြလိုက်ပါသည်။ မိမိတို့၏ အာရှရေးရာ အယ်ဒီတာ အာလီ အမ် လာတီဖီ (Ali M. Latifi) ထံသို့ ပေးပို့သည့်အတိုင်း အပြည့်အစုံကို ဖော်ပြထားခြင်း ဖြစ်ပါသည်။

■ The New Humanitarian – မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူထုနဲ့ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးအတွက် အာရက္ခတပ်တော်ရဲ့ တရားဝင်မူဝါဒက ဘာလဲ။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ အေအေက ယူဆပါသလား။

■ ULA/AA - အခုလိုမျိုး စိန်ခေါ်မှုတွေ အထူးတလည် ကြုံနေရသလို မြေပြင်အခြေအနေတွေနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေနဲ့ အထင်လွဲမှားမှုတွေပါ ကြုံနေရတဲ့ အချိန်မျိုးမှာ အခုလိုမျိုး ဆက်သွယ်လာတဲ့အတွက် ကျနော်တို့အနေနဲ့ ကျေးဇူးတင်ရှိကြောင်း အရင်ပြောကြားလိုပါတယ်။

ကျနော်တို့ လှုပ်ရှားလာတဲ့ ကာလတလျှောက်လုံးမှာ ကျနော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အမှန်တရားတို့ကို တင်ပြရာမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို တောက်လျှောက်ပဲ အမွှန်းတင် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခါလည်းပဲ ခင်ဗျားတို့အနေနဲ့ ကျနော်တို့ရဲ့ ဖြေကြားချက်နဲ့ ရပ်တည်ချက်တွေကို သမာသမတ်ရှိရှိနဲ့ ထိထိရောက်ရောက် ဖော်ပြပေးဖို့ မျှော်လင့်ပါတယ်။

ခင်ဗျားရဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် အာရကန်ဒေသနဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ခုခံတော်လှန်ရေးနဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့ ကျနော်တို့ ULA/AA ဟာ ဒီဒေသမှာရှိတဲ့ အသိုင်းအဝိုင်းအားလုံးရဲ့ အခွင့်အရေးကို လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား မခွဲခြားဘဲ အမြဲတမ်း ဦးစားပေးကာကွယ်လာတာ ဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်းပိုင်းအရ ပြောရမယ်ဆိုရင် နိုင်ငံသားဖြစ်ခြင်း သဘောတရားဟာ နိုင်ငံတစ်ခု ဖြစ်တည်မှုနဲ့ တရားဝင် ဆက်စပ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာရကန်ဒေသမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ လူ့အခွင့်အရေးတို့ကို ကျနော်တို့ အသိအမှတ်ပြုတယ်လို့ ပြောရင် မမှားပါဘူး။  တကယ်လည်း ကျနော်တို့ဟာ ဒီဒေသမှာရှိတဲ့ အသိုင်းအဝိုင်း အားလုံးရဲ့ အခွင့်အရေးတွေကို တန်းတူညီမျှ အကာအကွယ်ပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် မွတ်ဆလင်ဒေသခံတွေဟာလည်း အာရက္ခနိုင်ငံသားတွေပဲ ဖြစ်တဲ့အတွက် ULA အစိုးရအောက်မှာ ရှိနေတဲ့ အခြားသူတွေလိုပဲ တူညီတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသားတာဝန်တွေ သေချာပေါက် ရရှိမှာ ဖြစ်ပါတယ်။

■ The New Humanitarian – အေအေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြစ်ဖြစ်၊ နိုင်ငံတွင်းမှာ အေအေက ပိုမိုကြီးမားတဲ့ ထိန်းချုပ်မှုတွေ ရလာခဲ့ရင် ဖြစ်ဖြစ် အေအေအနေနဲ့ ရိုဟင်ဂျာလူထုရဲ့ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ ပြန်ပေးမှာလား။

■ ULA/AA - ကျနော်တို့ ထိန်းချုပ်ထားတဲ့ အာရကန်ဒေသမှာ ရှိနေကြတဲ့ မွတ်ဆလင်တွေဟာ လူမျိုးရေး ဘာသာရေးကို အခြေခံပြီး ခွဲခြားဆက်ဆံခြင်းမျိုး မရှိတဲ့ လူ့အခွင့်အရေး ဒီဂရီအမျိုးမျိုးကို သိမြင်ခံစားနေကြပါပြီ။ အပေါ်မှာပြောခဲ့သလိုပဲ ဒီဒေသမှာရှိတဲ့ မွတ်ဆလင်ဒေသခံတွေအပေါ် ထားရှိတဲ့ ကျနော်တို့ရဲ့ မူဝါဒဟာ လုံခြုံရေး၊ တရားစီရင်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး အပါအဝင် အခြေခံ လူမှုဘဝ ကူညီစောင့်ရှောက်ရေးတွေပါ ပါဝင်တဲ့ တန်းတူညီမျှ အုပ်ချုပ်ရေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာသတင်း အများအပြားမှာ ထည့်သွင်း ဖော်ပြထားကြသလိုပဲ ကျနော်တို့ ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာ ရှိကြတဲ့ ဒေသခံအသိုင်းအဝိုင်းကြားမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ လူမှုရေး သဟဇာတဖြစ်မှုတွေဟာ ယခင်က မရှိခဲ့ဖူးတဲ့ တိုးတက်မှုအဆင့်တွေ ဖြစ်ထွန်းလျက်ရှိပါတယ်။

ဒါပေမဲ့ အထူးသဖြင့် မြန်မာစစ်တပ် (စစ်ကောင်စီ) ရဲ့ လုပ်ရပ်တွေ၊ နောက်ပြီးတော့ ARSA (အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်)၊ ARA (အာရကန်ရိုဟင်ဂျာ တပ်မတော်)၊ RSO (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့) လိုမျိုး မွတ်ဆလင်အစွန်းရောက်အဖွဲ့ တချို့ရဲ့ လုပ်ရပ်တွေလည်း ရှိနေတာကို တွေ့မြင်ရပါလိမ့်မယ်။ အေးချမ်းပြီး သဟဇာတဖြစ်တဲ့ အာရကန်အနာဂတ်ကို ထူထောင်ရာ လမ်းကြောင်းမှာ အမြဲတမ်းလိုလိုပဲ အဖျက်အမှောင့်တွေ ဆောင်ရွက်နေကြတဲ့ တခြားသူတွေလည်း ရှိနေပါသေးတယ်။

ကျနော်တို့အနေနဲ့ ကျနော်တို့အစိုးရလက်အောက်မှာ ရှိနေတဲ့ လူနည်းစုတွေ ဖြစ်တဲ့ မြို၊ သက်နဲ့ ခမီတို့ အပါအဝင် ဒီဒေသတွင်းက လူမှုအသိုင်းအဝိုင်း အားလုံးအတွက် ကာကွယ်စောင့်ရှောက်မှု ပေးနေခြင်းကို ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

■ The New Humanitarian - အေအေတပ်ဖွဲ့တွေဟာ ဒီလအစောပိုင်းမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို နေအိမ်တွေကနေ ထွက်ခွာကြဖို့ အတင်းအကြပ် စေခိုင်းခဲ့ပြီး ဒီအိမ်တွေကို မီးရှို့တာ၊ ပစ္စည်းတွေ လုယက်ယူငင်တာတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။ ဒီပြောဆိုချက်တွေကို အေအေဘက်က ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

■ ULA/AA – အမှန်တရားကို ထိန်းသိမ်းကာကွယ်ခြင်း၊ အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေကို ကိုင်စွဲခြင်းဟာ သတင်းမှားတွေ သတင်းတုတွေကို တုံ့ပြန်ဖြေရှင်းရာမှာ အဓိကသော့ချက်တွေ ဖြစ်ရပါမယ်။ အာရကန်ဒေသ မြောက်ဘက်အစွန်ဆုံးမှာ ရှိတဲ့ မောင်တောနဲ့ ဘူးသီးတောင် မြို့နှစ်မြို့ဟာ မွတ်ဆလင်တွေ အများအပြား နေထိုင်ကြတဲ့နေရာတွေ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စစ်ဆင်ရေးတွေဟာ ဒီနှစ်နေရာမှာ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်ချက်တွေနဲ့ တလွဲပုံဖော်မှုတွေ ရင်ဆိုင်နေရတယ် ဆိုတာကို ကျနော်တို့ သတိပြုမိပါတယ်။

ဥပမာတစ်ခု ပြောပြရရင် အရပ်သားပြည်သူတွေ ဘေးဒုက္ခ မရောက်အောင်၊ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေ မကြုံရအောင်လို့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ ကျနော်တို့က ကြိုတင်သတိပေးချက်တွေနဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပေမယ့်လည်း ပြည်ပရောက် မွတ်ဆလင်အုပ်စု အချို့က ကျနော်တို့ရဲ့ လုပ်ရပ်တွေကို နေအိမ်တွေက အတင်းနှင်ထုတ်ခြင်း၊ လူအများအပြားကို နေရာရွှေ့ပြောင်းခြင်းအဖြစ် တလွဲပုံဖော်ကြတာမျိုး ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေ ပူးပေါင်းပြီး မြို့ပေါ်က ရခိုင်နဲ့ မွတ်ဆလင်မဟုတ်သူတွေရဲ့ နေအိမ်အများအပြားကို မီးတင်ရှို့တာ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးရတာ၊ တပ်ဆုတ်သွားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေက ကျနော်တို့ရဲ့ ထိုးစစ်ကို ရပ်တန့်သွားအောင်ဆိုပြီး မီးတင်ရှို့မှုတွေ ပြုလုပ်တာ အစရှိတဲ့ ကိစ္စရပ်တွေမှာလည်း အလားတူ ယိုးစွပ်မှုတွေ ကျနော်တို့ ကြုံရပါတယ်။ ဒီလိုမျိုး အခြေအမြစ်မရှိတဲ့ တစ်ဘက်သတ် စွပ်စွဲချက်တွေကို ကျနော်တို့ ပြတ်ပြတ်သားသားပဲ ငြင်းဆိုပါတယ်။

ဒီထက်ပို အရေးကြီးတာက လက်နက်ကိုင်တိုက်ပွဲတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မြို့ပေါ်က နေအိမ်အများအပြား မီးလောင်ပျက်စီးရတာဟာ ဘူးသီးတောင် တစ်မြို့တည်း မဟုတ်ဘူးဆိုတာပါပဲ။  ပေါက်တောမြို့၊ ရမ်းဗြဲမြို့တွေမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့မှု၊ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ်တွေ၊ အရပ်ဘက် အဆောက်အအုံတွေ ပျက်စီးသွားရတာကို ခင်ဗျားတို့ တွေ့နိုင်ပါတယ်။

ဒါပေမဲ့လည်း ပြည်ပက မွတ်ဆလင် တက်ကြွလှုပ်ရှားသူတွေနဲ့ ကိုယ်ကျိုးစီးပွားဆိုင်ရာ အုပ်စုတွေက ဘူးသီးတောင် ဖြစ်ရပ်တစ်ခုတည်းကိုပဲ မီးမောင်းထိုးဖို့ ကြိုးစားလာတာကို တွေ့မြင်ရတာကတော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။

လေ့လာသူတွေအနေနဲ့ အာရကန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေ ထိတ်လန့်ဖွယ်ရာ ဆုံးရှုံးရမှုအပေါ်မှာလည်း မျှမျှတတ သတိပြုစောင့်ကြည့်ကြဖို့ ကျနောတို့ အကြံပြုပါတယ်။

ကျနော်တို့အနေနဲ့ ထပ်မံပြီး အာမခံပြောကြားလိုတာကတော့ ကျနော်တို့ဘက်က မည်သို့သော အလွဲအမှားမျိုးမဆို ကျူးလွန်မှုတွေရှိရင်ဖြစ်စေ၊ မည်သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူ မည်သူမဆိုဖြစ်စေ ထိုက်သင့်တဲ့ နောက်ဆက်တွဲအရေးယူမှုတွေကို ရင်ဆိုင်ရလိမ့်မယ် ဆိုတာပါပဲ။

AA က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည့် တပ်ဖွဲ့ဝင်များ။

■ The New Humanitarian - အေအေဟာ ရိုဟင်ဂျာအမျိုးသား ရာပေါင်းများစွာကို သူတို့ဆီမှာ အတင်းအကြပ် စစ်မှုထမ်းခိုင်းနေတယ် ဆိုပြီးတော့လည်း စွပ်စွဲခံထားရပါတယ်။ ဒီပြောဆိုချက်တွေကို အေအေ လက်ခံပါသလား။ ဒါမှမဟုတ်လည်း မမှန်ဘူးလို့ ယူဆပါသလား။

■ ULA/AA - အေအေဟာ လက်ရှိအချိန် မြန်မာနိုင်ငံမှာ လူအင်အားနဲ့ ပတ်သက်ရင် အကြီးမားဆုံး အာဏာပိုင် လက်နက်ကိုင် အဖွဲ့အစည်း (de facto state-armed organisation) ဖြစ်ပါတယ်။ အရင်က ပြောခဲ့ဖူးသလိုပဲ ကျနော်တို့မှာ ထောင်ပေါင်းများစွာသော အရန်အင်အားတွေကို ထည့်မတွက်ဘဲ လက်ရှိ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်အရေအတွက်ဟာ ၄၀,၀၀၀ နီးပါးရှိပါတယ်။ ကျနော်တို့မှာ စေတနာ့ဝန်ထမ်းနဲ့ အချိန်ပြည့် စစ်မှုထမ်းဖို့အတွက် လုံလောက်တဲ့ လူသားအရင်းအမြစ် ရှိထားတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ 

ဒါကြောင့် မွတ်ဆလင်ဒေသခံတွေ ဒါမှမဟုတ် အခြားသော အသိုင်းအဝိုင်းက ပြည်သူတွေကို အတင်းအကြပ် စစ်မှုထမ်းခိုင်းတယ် ဆိုတဲ့ သတင်းတွေဟာ ယုတ္တိမတန်သလို အခြေအမြစ်လည်း မရှိပါဘူး။ အပေါ်မှာ ရှင်းပြခဲ့သလိုပဲ ဒါဟာ ကျနော်တို့ အရာရှိတွေက မွတ်ဆလင်ဒုက္ခသည်စခန်းက လူတွေကို ပဋိပက္ခဖြစ်ပွားရာ နေရာတွေမှာရှိနေတဲ့  မြို့တွေနဲ့ ကျေးရွာတွေဆီ ပြန်မသွားကြဖို့ တိုက်တွန်းနေချိန်မှာ အဓိပ္ပာယ်ကောက်ယူမှု လွဲသွားတဲ့ ပြဿနာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။

အရပ်သားပြည်သူလူထုရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ အာဏာပိုင်တစ်ရပ် ဖြစ်သည်နှင့်အညီ ULA ဟာ ပြည်နယ်ရဲ့ အခြားနေရာတွေမှာပါ ရှိနေတဲ့ အသိုင်းအဝိုင်းအားလုံးကိုပါ ကျနော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ လုံခြုံတဲ့နေရာတွေမှာပဲ ခိုလှုံကြဖို့ အလားတူ ညွှန်ကြားချက်တွေကို ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။ သို့သော်လည်း အတင်းအကြပ် စစ်သားစုဆောင်းတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို သက်သေပြနိုင်တဲ့ ယုံကြည်ရတဲ့ အထောက်အထားတွေသာ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ဘက်က ဖြေရှင်းဖို့ အဆင်သင့် ရှိပါတယ်။ ကျနော်တို့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

နေရပ်စွန့်ခွာ မွတ်ဆလင်စစ်ဘေးရှောင်များအား AA တပ်ဖွဲ့ဝင်များက အကူအညီပေးနေစဉ်။

လက်ရှိ ကျနော်တို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူ မွတ်ဆလင် ၂ သိန်းကျော် ရှိပါတယ်။ သူတို့အတွက် ကျနော်တို့မှာရှိသမျှ လုံခြုံရေး၊ အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အစားတွေကို ထောက်ပံ့ပေးနေပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နေသူတွေအနေနဲ့ ဒီအရေးပေါ်ကိစ္စအတွက် ပိုမိုအလေးထားပေးကြဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

နောက်တစ်ချက် ထောက်ပြချင်တာက ကျနော်တို့ရဲ့ ရဲဌာန၊ တရားစီရင်ရေးနဲ့ အရပ်ဘက်အုပ်ချုပ်ရေးတွေမှာ မွတ်ဆလင်အဖွဲ့ဝင်တွေ ရှိနေတယ်ဆိုတာ အမှန်ပဲဖြစ်တယ် ဆိုတာပါ။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးမှာ ဒေသခံအသိုင်းအဝိုင်းရဲ့ ပူးပေါင်းပါဝင်မှုကို တိုးမြှင့်ပြီး ULA နဲ့ သက်ဆိုင်ရာ မွတ်ဆလင်အသိုင်းအဝိုင်း အကြားမှာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် ဒီမူဝါဒကို ကျနော်တို့ ကျင့်သုံးနေတာ ဖြစ်ပါတယ်။ လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား မခွဲခြားဘဲ သူတို့ရဲ့ အရည်အချင်းနဲ့ သစ္စာစောင့်သိမှုတို့အပေါ် မူတည်ပြီး နိုင်ငံသားတွေကို ကျနော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ရွေးချယ်ခန့်အပ်ရေးဟာလည်း ကျနော်တို့ရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

■ The New Humanitarian – မကြာသေးခင်ကမှ အေအေခေါင်းဆောင်တွေဟာ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေ၊  ဘင်္ဂါလီတွေဆိုပြီး အွန်လိုင်းပေါ်မှာ ထပ်တလဲလဲ ရည်ညွှန်းသုံးနှုန်းလာတာကို တွေ့ရပါတယ်။ ဒါဟာ မြန်မာအစိုးရ အဆက်ဆက်က ဆယ်စုနှစ်ပေါင်းများစွာ စွပ်စွဲလာခဲ့တဲ့ ‘ရိုဟင်ဂျာဆိုတာ ဘင်္ဂါလီတွေသာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့် ပြည့်မီသူတွေ မဟုတ်ဘူး’ ဆိုတဲ့ ပြောကြားချက်တွေအတိုင်း ပြုမူလာတာ ဖြစ်တယ်လို့ ရိုဟင်ဂျာတချို့က ရှုမြင်ကြပါတယ်။ ဒီပြောဆိုချက်တွေကို အေအေက ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။ ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ ဆိုပြီး အေအေခေါင်းဆောင်တွေနဲ့ အွန်လိုင်းမှာ သူတို့ကို ထောက်ခံအားပေးသူတွေက ကိုးကားပြောဆိုနေကြခြင်းရဲ့ နောက်ကွယ်မှာရှိတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

■ ULA/AA – အာရကန်ဒေသရဲ့ မွတ်ဆလင်ပုစ္ဆာကို ဖြေရှင်းဖို့ ကြိုးစားရာမှာ ကျနော်တို့ ကြုံတွေ့လာရတဲ့ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ရပ်ကတော့ ပုံသွင်းပြောကြားခြင်းနဲ့ ချဲ့ကားပြောဆိုခြင်း ဖြစ်ရပ်တွေပါ။ ‘ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ’ ဆိုတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ဆိုလိုမှန်း၊ နိုင်ငံရေးဆိုင်ရာ အမှတ်အသားသရုပ်တစ်ခုကို ဆိုလိုမှန်း သာမန်လူတစ်ယောက်တောင် နားလည်နိုင်ပါတယ်။ ‘ဘင်္ဂါလီတွေ’ လို့ပြောဆိုတာဟာလည်း လူမျိုးစု သို့မဟုတ် ဘင်္ဂါလီ ဘာသာစကားကို ပြောဆိုကြတဲ့ အသိုင်းအဝိုင်းက ပြည်သူတစ်ယောက်ကို ရည်ညွှန်းလိုရင်း၊ ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသား လက္ခဏာတစ်ခုကို ဆိုလိုရင်းဖြစ်ပါတယ်။

ဘင်္ဂါလီမျိုးနွယ်စုဝင်ဖြစ်ပြီး နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိနေကြတဲ့ အိန္ဒိယနိုင်ငံသားတွေလည်း သန်းပေါင်းများစွာ ရှိနေတာပါပဲ။ နောက်တစ်ဘက်မှာဆိုရင် ဘင်္ဂလားဒေ့ရှ်မှာလည်း သူ့နိုင်ငံသား ဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေ ရှိပါတယ်။

ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တစ်ရပ်ထဲမှာ ရခိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်သလို ဘင်္ဂါလီတွေဟာလည်း အာရကန်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်လို့ လူသိရှင်ကြား ထည့်သွင်းဖော်ပြခဲ့ပြီးသားပါ။ ဒါဟာ လေ့လာသူတိုင်း ရှင်းရှင်းလင်းလင်း နားလည်နိုင်တဲ့ အရိုးရှင်းဆုံး အမှန်တရားလို့ ကျနော်တို့ ယုံကြည်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဗမာစစ်တပ်နဲ့ အစိုးရဟာ မွတ်ဆလင်ဒေသခံတွေကို ‘ဘင်္ဂါလီတွေ’ လို့ ရည်ညွှန်းသုံးနှုန်းပြီး ဘယ်လိုဖိနှိပ်ခဲ့တယ် ဆိုတာကိုလည်း ကျနော်တို့ နားလည်ပါတယ်။

ကျနော်တို့အတွက်ကတော့ ဒါဟာ တော်တော်ကြီးကို ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ ဗြိတိသျှတွေ ဘင်္ဂလာ (Bengal) ကနေ အာရကန်ကို အုပ်ချုပ်တဲ့ ကာလတုန်းက လူအစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုတွေနဲ့ ပတ်သက်တဲ့ ပင်ရင်း သက်သေအထောက်အထား (Primary Evidence) တွေကို ဘယ်သူမဆို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ တစ်ချို့သော အထောက်အထားတွေမှာ ဆိုရင်လည်း ကိုလိုနီခေတ်လွန် ကာလတွေ၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲကာလအတွင်းမှာ အာရကန်ဒေသကို လူ သိန်းပေါင်းများစွာ ရွှေ့ပြောင်းဝင်ရောက်ခဲ့ကြတာကို ဖော်ပြထားတာတွေ ရှိပါတယ်။

ဒါကြောင့်ပဲ ဘာအတွက် လူတစ်စုက ‘ဘင်္ဂါလီ’ လို့မသုံးပဲ ‘ရိုဟင်ဂျာ’ ဆိုပြီး ရည်ညွှန်းသုံးနှုန်းနေကြတာလဲ ဆိုတာကို သဘောပေါက်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။

* [အောက်တွင် ဖော်ပြထားသည့် ဖြေကြားချက်များသည် ULA/AA-HQ က ၎င်းတို့၏ ဖြေကြားချက်များကို ဖော်ပြရာတွင် နောက်ဆုံးစာမျက်နှာ မပါဝင်သေးကြောင်း ထောက်ပြခဲ့ပြီးနောက်မှ မေလ ၃၀ ရက်နေ့တွင် The New Humanitarian က ဝဘ်ဆိုက်စာမျက်နှာတွင် ထပ်မံဖြည့်စွက် ဖော်ပြထားခြင်း ဖြစ်ပါသည်။]

သူတို့ကိုယ်သူတို့ နောက်နာမည်တစ်မျိုးနဲ့ ပုံဖော်ခြင်းအားဖြင့် ကိုလိုနီခေတ်က ရွှေ့ပြောင်းနေထိုင်မှု အထောက်အထားကို ပယ်ဖျက်ရာရောက်သလို ဌာနေတိုင်းရင်းသား လူမျိုးစုတစ်ခုအဖြစ်လည်း တောင်းဆိုနိုင်မယ်လို့ မရိုးဖြောင့်တဲ့ မွတ်ဆလင်အများအပြားက၊ အထူးသဖြင့် ပြည်ပရောက် မွတ်ဆလင်တွေနဲ့ ထိပ်ပိုင်း (Elite) အသိုင်းအဝိုင်းမှာရှိတဲ့ မွတ်ဆလင်တွေထဲက ယုံကြည်ကြပါတယ်။ ဒေသခံ ဌာနေတိုင်းရင်းသား လူထုရဲ့ အမြင်မှာကျတော့ ‘ရိုဟင်ဂျာ’ ဆိုတာ ကျနော်တို့ မျိုးရိုးစဉ်ဆက်သမိုင်းရဲ့ တည်တံ့ခိုင်မြဲမှုကို ဖျက်ဆီးပြီး အဖရခိုင်ပြည်ကနေ ခွဲထွက်မယ့် နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်သာ ဖြစ်ပါတယ်။

ဒါဟာ အလွန့်အလွန်ကို သစ္စာမဲ့ပြီး မရိုးသားတဲ့ လုပ်ရပ်လို့ ကျနော်တို့ မြင်ပါတယ်။ သို့သော်ငြားလည်း ‘ရိုဟင်ဂျာ’ ဆိုတဲ့ ဝေါဟာရကို ကျနော်တို့ ဘယ်တော့မှ အသိအမှတ်မပြုဘူးလို့ ဆိုလိုခြင်းတော့  မဟုတ်ပါဘူး။

သူတို့အနေနဲ့ ဒီဒေသတွင်းက အခြားသော လူမှုအသိုင်းအဝိုင်းတွေကို ထိခိုက်နစ်နာစေပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ကြံဖန်တီးထားတဲ့ သမိုင်းတွေကို ပယ်ဖျက်ပေးရမှာ ဖြစ်တဲ့အပြင် ကိုလိုနီခေတ် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ သမိုင်းအချက်အလက်တွေကိုပါ ဝန်ခံဖို့ ကျနော်တို့ လိုလားပါတယ်။ ဒါ့အပြင် တစ်ချိန်တည်းမှာပဲ အာရကန်မှာ လက်ရှိနေထိုင်နေကြတဲ့ မွတ်ဆလင်တွေ အနေနဲ့လည်း ကိုလိုနီခေတ်မှာ ရောက်လာကြသူတွေ ဒါမှမဟုတ်လည်း ကိုလိုနီခေတ်လွန်မှာ ပြောင်းရွှေ့အခြေချလာကြသူတွေရဲ့ မျိုးဆက်တွေ ဖြစ်နေခဲ့မယ် ဆိုရင်တောင် နိုင်ငံသားဖြစ်ခွင့် တောင်းခံနိုင်တဲ့ တရားဝင်အခွင့်အရေး ရရှိသင့်တယ် ဆိုတာကိုပါ ကျနော်တို့ နားလည်ပါတယ်။

အာရကန်ဒေသမှာ နေထိုင်ကြသူတွေ အားလုံးအတွက် နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို တန်းတူညီမျှ အကာအကွယ်ပေးမယ့် ULA အာဏာပိုင်အဖွဲ့ရဲ့ သန္နိဋ္ဌာန်ကတော့ ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး။

ဗီဒီယိုများ