မွတ်ဆလင်အရေး ကုလအစီရင်ခံစာ အစွန်းရောက် စွပ်စွဲချက်များကိုသာ အလေးထားနေဟု ULA တုံ့ပြန်

ရခိုင်ပြည်အတွင်း မွတ်ဆလင်အရေးနှင့် ပတ်သက်၍ ကုလလူ့အခွင့်အရေးကောင်စီ အစီရင်ခံစာသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများကြား ယုံကြည်မှုနှင့် ညီညွတ်မှုတည်ဆောက်ရေးအတွက် အကျိုးပြုရန် မဟုတ်ဘဲ အစွန်းရောက် စွပ်စွဲချက်များကိုသာ အလေးထားနေကြောင်း ULA က ပြောဆိုလိုက်သည်။

By Admin 05 Sep 2025

တိုက်ပွဲကြောင့် AA ထိန်းချုပ်ရာ နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်များကို ၂၀၂၄ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - APM
တိုက်ပွဲကြောင့် AA ထိန်းချုပ်ရာ နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်များကို ၂၀၂၄ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - APM

DMG ၊ စက်တင်ဘာ ၅

ရခိုင်ပြည်အတွင်း မွတ်ဆလင်အရေးနှင့် ပတ်သက်၍ ကုလလူ့အခွင့်အရေးကောင်စီ အစီရင်ခံစာသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများကြား ယုံကြည်မှုနှင့် ညီညွတ်မှုတည်ဆောက်ရေးအတွက် အကျိုးပြုရန် မဟုတ်ဘဲ အစွန်းရောက် စွပ်စွဲချက်များကိုသာ အလေးထားနေကြောင်း ULA က ပြောဆိုလိုက်သည်။

ကုလလူ့အခွင့်ရေးကောင်စီထံသို့ မေးခွန်းများအတွက် အဖြေများ ပေးပို့ခဲ့သော်လည်း အစီရင်ခံစာတွင် အချက်အလက်များ အစစ်အမှန်ရမသုံးသပ်ဘဲ တစ်ဖက်သက်အမြင်များကိုသာ ထည့်သွင်းထားကြောင်း ULA က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၂ ရက်က "မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူမျိုးစုများ၏ လူ့အခွင့်အရေးအခြေအနေ" ခေါင်းစဉ်ဖြင့် ကုလလူ့အခွင့်အရေးကောင်စီက အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် AA က မွတ်ဆလင်များအပေါ် လူ့ခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဆိုထားပြီး ထိုစွပ်စွဲချက်အပေါ် ULA အနေဖြင့် လက်မခံဘဲ AA သည် စည်းကမ်းချက်ပြဋ္ဌာန်းထားပြီး စည်းကမ်းချိုးဖောက်သူများကို အရေးယူလျက်ကာ မွတ်ဆလင်များကိုပါ အုပ်ချုပ်ရေးနယ်မယ်များတွင် ပါဝင်ခွင့်ပေးထားသည်ဟု ဆိုသည်။

ယင်းအပြင် ဘူးသီးတောင်တွင် နေအိမ်များ မီးရှို့ခံရမှုမှာလည်း AA အပေါ် တစ်ဖက်တည်း ပြစ်တင်တာ ဝန်ပေးချမှတ်ထားခြင်းမှာ သင့်လျော်မှုမရှိဘဲ ဘူးသီးတောင်တိုက်ပွဲတွင် စစ်ကောင်စီ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA) တို့ ပါဝင်နေကြောင်း ULA ထုတ်ပြန်ချက်က ဖော်ပြသည်။

တိုက်ပွဲကြောင့် မွတ်ဆလင် ၃၅၀,၀၀၀ နေရပ်စွန့်ခွာနေရသည်ဆိုသည့် ကုလအစီရင်ခံစာ ကိန်းဂဏန်းအပေါ် အမှန်မပြောနိုင်သော်လည်း ULA ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇွန်အထိ ရခိုင်ပြည်အတွင်း နေရပ်စွန့်ခွာ သူ ၆ သိန်းကျော်ရှိပြီး ယင်းထဲတွင် မွတ်ဆလင် ၂၀ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း ULA က ဆိုထားသည်။

ဘူးသီးတောင်၊ ထန်းရှောက်ခံရွာကိစ္စတွင်လည်း မြေပြင်အခြေအနေနှင့် ကိုက်ညီမှုမရှိဘဲ AA က မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်းခြင်းမရှိကြောင်းကိုလည်း သက်သေပြထားပြီဖြစ်ကြောင်း ပြောဆိုထားသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆ ရက်တွင် မောင်တောမြို့အနောက်ဘက်ရှိ နတ်မြစ်ဘေးအတွင်း AA က မွတ်ဆလင်များအား မွတ်ဆလင်လက်နက်ကိုင်အုပ်စုဟုဆိုကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ ကလေးငယ် ၄ ဦးအပါအဝင် ၃၈ ဦးသေဆုံးခဲ့ကြောင်း ဖြစ်စဉ်ဖြစ်ပွားချိန် အဆိုပါနေရာတွင် စစ်ကောင်စီတပ်များမရှိဘဲ AA သာရှိသည်ဟု အင်တာဗျူးဖြေဆိုသူများက ထွက်ဆိုထားကြောင်း ကုလအစီရင်ခံစာတွင် ပါရှိသည်။

AA ၏ ဒရုန်းနည်းပညာသည် စစ်ကောင်စီနှင့် နှိုင်းရမည့် အဆင့်မရောက်သေးသဖြင့် ထိုထွက်ဆိုချက်များမှာ မှားယွင်းသည့် စွပ်စွဲချက်သာဖြစ်ကြောင်း ULA က တုံ့ပြန်ထားသည်။

ကုလ၏ စွပ်စွဲချက်များသည် အမှန်တကယ် စစ်ဆေးချက်မရှိဘဲ အတည်မပြုနိုင်သော သက်သေများအပေါ် အခြေခံထားပြီး တရားမျှတမှု ချိုးဖောက်ခြင်းဖြစ်ကြောင်း ULA က ဆိုသည်။

ULA အနေဖြင့် OHCHR မြန်မာအဖွဲ့၏ အင်တာဗျူးမေးခွန်းများအတွက် တုန့်ပြန်ချက်များပေးခဲ့သော်လည်း အစီရင်ခံစာနောက်ဆုံးထွက်လာချိန်တွင် သူ့တို တုန့်ပြန်ချက်များ မပါဝင်ခြင်းကြောင့် ကုလသမဂ္ဂအပေါ် ယုံကြည်မှု လျော့နည်းလာသည်ဟု ဆိုသည်။

လက်ရှိ ရခိုင်ဒေသတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားလာနေသဖြင့် ကုလအစီရင်ခံစာများသည် မှန်ကုန်မှုမရှိပါက ဒေသအတွင်း တင်းမာမှုနှင့် မတည်ငြိမ်မှု ပိုမိုဖြစ်စေနိုင်ကြောင်း ULA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။