- ဂျာမနီမှာ အမျိုးသားများအတွက် စစ်မှုထမ်းဆိုင်ရာ ကြံ့ခိုင်ရေး စစ်ဆေးမည့် ဥပဒေ စီစဉ်
- ဒုက္ခသည်များ နေရပ်ပြန်ရေး မွတ်ဆလင်လက်နက်ကိုင်များကို ဘင်္ဂလားဒေ့ရှ် ထိန်းချုပ်ရမည်
- စစ်တွေတွင် စစ်ကောင်စီ စစ်ရေးပြင်ဆင်လာ
- ရာထူးက နုတ်ထွက်နိုင်သည်ဟု သတင်းများထွက်ပေါ်လာမှုကို ဂျပန်ဝန်ကြီးချုပ် အီရှီဘား ငြင်းဆို
- မြောက်ဦးက အခြေခံလက်လုပ်လက်စားများ မိုင်းအန္တရာယ်ကြား အသက်ကိုရင်း၍ ဝမ်းစာရှာဖွေနေကြ
Fortify Rights ၏ အစီရင်ခံစာကို အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်း ရှုတ်ချ
ရခိုင်တိုက်ပွဲများအတွင်း မွတ်ဆလင်များကို အာရက္ခတပ်တော်က စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Fortify Rights ၏ အစီရင်ခံစာမှာ သတင်းမှားနှင့် စွပ်စွဲထားသည့် လုပ်ကြံခြင်းဖြစ်ကြောင်း အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်း (AAC) က ထုတ်ပြန်သည်။
24 Jul 2025

DMG ၊ ဇူလိုင် ၂၄
ရခိုင်တိုက်ပွဲများအတွင်း မွတ်ဆလင်များကို အာရက္ခတပ်တော်က စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Fortify Rights ၏ အစီရင်ခံစာမှာ သတင်းမှားနှင့် စွပ်စွဲထားသည့် လုပ်ကြံခြင်းဖြစ်ကြောင်း အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်း (AAC) က ထုတ်ပြန်သည်။
ထို့အတူ မြေပြင်အချက်အလက်များနှင့် ကွဲလွဲမှုများကြောင့် ယင်းအစီရင်ခံစာကို ရှုတ်ချကြောင်း အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်း (AAC) က ယနေ့ ထုတ်ပြန်ပြောဆိုလိုက်သည်။
အစီရင်ခံစာအတွင်း လူ့အခွင့်အရေးဆိုင်ရာ အထူးကျွမ်းကျင်သူ Ejaz Min Khant ၏ အာရက္ခတပ်တော် အပေါ် စွပ်စွဲချက်သည် အာရက္ခတပ်တော်ကို ဆန့်ကျင်စွပ်စွဲထားသူများ၏ အင်တာဗျူးများကိုသာ အခြေပြုစွပ်စွဲထားခြင်းဖြစ်ကြောင်း AAC က ဆိုထားသည်။
“Fortify Rights ရဲ့အချက်အလက်တွေ လွဲတာက အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် တိုက်ပွဲအရှိုန်မြင့်နေတဲ့ အချိန်မှာ အချက်အလက်လွဲတာက ပဋိပက္ခကို ကြီးစေပါတယ်။ လူ့အခွင့်အရေးအဖွဲ့တစ်ခုအနေနဲ့ ဂရုပြုဖို့လိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးက ဘူးသီးတောင်ကိုသိမ်းတော့မှ Fortify Rights က အသံထွက်လာတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဇာတ်သာဖြစ်ပါတယ်။ ဒါက ပြည်သူတွေရဲ့ မျှော်လင့်ချက်အောင်ပွဲရခါနီးမှာ ဖျက်လိုဖျက်ဆီးလုပ်တယ်လို့ ယူဆပါတယ်။ ဒါကို AAC အနေနဲ့ လုံးဝရှုတ်ချပါတယ်” ဟု AAC ဥက္ကဌ ဦးစောဝေဇံ ကပြောသည်။
ထို့အတူ Fortify Rights ၏ စွပ်စွဲချက်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် ဦးဆောင်နေသည့် အာရက္ခတပ်တော်အပေါ် အပျက်သဘောဆောင်ပြီး မြန်မာပြည်သူများ၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ဟန့်တားရန်ကြိုးပမ်း ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA သည် မွတ်ဆလင်များအပေါ် ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းအပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုကာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights က ထောက်ပြထားသည်။
“မြန်မာက ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် တိုက်ရိုက်စွဲဆိုဖို့ မဖြစ်နိုင်တာက AA ကိုမထိရောက်နိုင်တဲ့ တစ်ချက်ပါ။ Fortify Rights ရဲ့ တိုင်ကြားချက်ကလည်း ညွှန်ကြားမှုတစ်ခုပဲဖြစ်ပါတယ်။ လူထုလည်းထောက်ခံတယ်၊ တရားလည်းမျှတတယ် စစ်အာဏာရှင်ကိုလည်း တော်လှန်နေတဲ့ AA ဟာ လူထုကို အကြမ်းဖက်တဲ့ သက်သေ အထောက်အထားတွေ မရှိပါဘူး။ Fortify Rights ရဲ့ အချက်အလက် သတင်းရင်းမြစ်တွေက ယုံကြည်စိတ်ချမှု မရှိတာကြောင့် ICC ကလည်း အရေးမယူနိုင်ပါဘူး” ဟု ဦးစောဝေဇံက ဆိုသည်။
Fortify Rights ၏ အစီရင်ခံစာတွင် AA သည် မွတ်ဆလင်ကျေးရွာများ၊ ယာယီထိန်းသိမ်းရေးစခန်းများတွင် စစ်ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့သည်ဟု စွပ်စွဲထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေးအင်အားစုများကို စောင့်ကြည့်အပစ်တင်ခြင်းထက် နိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် စစ်ကောင်စီကိုအရေးယူရန် ကြိုးပမ်းသင့်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကပြောသည်။
“ဒီအချိန်မှာ ဘယ်သူ့သွားမေးမေး တစ်နိုင်ငံလုံးပတ်ပြီး လူသတ်၊ ဗုံးကြဲနေတာ စစ်ကောင်စီပဲဖြေကြမှာလေ။ ဒါကို တော်လှန်ရေးအင်အားစုတွေကို ပစ်မှတ်ထားပြီး မရမက မခိုင်လုံဘဲ ဖော်ထုတ်တာက နောက်ကွယ်က အကျိုးတစ်ခုခုရှိလို့ဖြစ်မှာပါ။ တကယ့် လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေက စစ်ကောင်စီ အရေးယူခံရဖို့ပဲ လုပ်နေတာလေ” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
Fortify Rights ၏ စွပ်စွဲချက်နှင့်ပတ်သတ်၍ အာရက္ခတပ်တော်ဘက်မှ ပြတ်ပြတ်သားသားပယ်ချထားသည်။
ထို့အတူ အာရက္ခတပ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ရည်ရွယ်၍ တိုက်ခိုက်ကာ အစ္စလာမ္မစ်အစွန်းရောက် လူအချို့၏ နိုင်ငံရေးအမြတ်အတွက် လူ့အခွင့်အရေးကိစ္စများကို အမြတ်ထုတ်ရန် ကြံစည်သည့် နည်းဗျူဟာများသာဖြစ်ကြောင်း တုန့်ပြန်ထားသည်။