စကခ ၁၅ ဧရိယာတဝိုက်က မွတ်ဆလင် ၂၀၀ ကျော်ထိ စစ်ကောင်စီ စစ်သင်တန်းပေးခဲ့

ဘူးသီးတောင်မြို့ အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ် ဧရိယာတဝိုက်က မွတ်ဆလင် ၂၀၀ ကျော်ထိ စစ်မှုထမ်းခေါ်ယူကာ အခြေခံစစ်သင်တန်းပေးခဲ့ကြောင်း AA ထံ လက်နက်ချခဲ့သည့် စကခ (၁၅) ဒုတပ်မမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောသည်။

By Admin 26 Aug 2025

စကခ (၁၅) က AA ထံ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
စကခ (၁၅) က AA ထံ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဩဂုတ် ၂၆

ဘူးသီးတောင်မြို့ အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ် ဧရိယာတဝိုက်က မွတ်ဆလင် ၂၀၀ ကျော်ထိ စစ်မှုထမ်းခေါ်ယူကာ အခြေခံစစ်သင်တန်းပေးခဲ့ကြောင်း AA ထံ လက်နက်ချခဲ့သည့် စကခ (၁၅) ဒုတပ်မမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောသည်။

စစ်သင်တန်းပေးထားသည့် မွတ်ဆလင် ၂၀၀ ကျော်ကို အာရက္ခတပ်တော် (AA)နှင့် ရင်ဆိုင်နေရသော ရှေ့တန်းစစ်မြေပြင်တွင် ၎င်းကိုယ်တိုင်နေရာချပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောသည်။

"ဒီဒေသမှာ မင်းတို့ကျေးရွာတွေရှိတယ်၊ မင်းတို့လူမျိုးတွေရှိတယ်။ ဒါကြောင့်မို့ မင်းတို့ကျေးရွာတွေကို ကာကွယ်ဖို့ ငါတို့နဲ့အတူ စစ်မှုထမ်းပါ။ ငါတို့ဆီက စစ်သင်တန်းပေးမယ် စစ်မှုထမ်းပါ၊ ငါတို့ဆီမှာ စစ်မှုထမ်းရင် မင်းတို့ကို အသိအမှတ်မယ်လို့ ပြောဆိုစည်းရုံးပြီး‌တော့ စစ်မှုထမ်းသင်တန်းပေးခဲ့တာပါ" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်တွင် စကခ (၁၅) ကျပြီးနောက် ဆုတ်ခွာထွက်ပြေးလာစဉ် စစ်သင်တန်းဆင်း မွတ်ဆလင် ၂၀၀ ကျော်လည်း လိုက်ပါလာပြီး ခမရ ၅၅၁ တပ်ရင်းအနီး ထန်းရှောက်ခံရွာ၌ ခံစစ်အထိုင်ချခဲ့ကြသည်။

စကခ (၁၅) မှ ဆုတ်ခွာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခမရ ၅၅၁ မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ ထန်းရှောက်ခံတွင် တပ်ပေါင်းကာ ခံစစ်ပြင်ဆင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်တွင် ထို စစ်ကောင်စီ တပ်ပေါင်းစုကို အာရက္ခတပ်တော်က တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီး မေလ ၄ ရက်တွင် စကခ (၁၅) ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ထောင်နှင့်ချီ AA ထံ လက်နက်ချခဲ့ခြင်းဖြစ်သည်။ ထန်းရှောက်ခံရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အပါအဝင် စစ်သင်တန်းဆင်းမွတ်ဆလင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူလည်း အများအပြားရှိသည်ဟု ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောသည်။

"ထန်းရှောက်ခံကျေးရွာကနေပြီး ဘူးသီးတောင်ကိုဆုတ်ခွာနိုင်ဖို့ ထိုးဖောက်တဲ့ အခါရော လမ်းဘေးဖက်တွေနဲ့ လယ်ကွက်တွေမှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေ၊ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင် တွေ တော်တော်များများကျဆုံးခဲ့ပါတယ်။ ကျနော်တောင်မှ ဒဏ်ရာနှစ်ချက်ရပါတယ်" ဟု ၎င်းက ပြောသည်။

ကျဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ များလွန်း၍ လယ်ကွင်း၊ လမ်းဘေးစသည့် ရွာအနီးဝန်းကျင်နေရာများတွင် အစုလိုက်မြှုပ်နှံ့ခဲ့ရကြောင်းလည်း ဗိုလ်မှူးကြီး ကောင်းမြတ်က ဆက်လက်ပြောသည်။

လက်ရှိတွင် စကခ ၁၅ အပါအဝင် ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို AA က ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်။