- ရခိုင်အတွက် ကော်ရီဒိုဟာ ဘင်္ဂလားဒေ့ရှ်အတွက် လောင်းကြေးလား
- AA ထိန်းချုပ်နယ်မြေထဲ ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိလာ
- မေလအတွင်း လှေနစ်သေဆုံးသူ မွတ်ဆလင်ဒုက္ခသည် ၄၀၀ ကျော်အထိ ရှိနိုင်ကြောင်း ကုလပြော
- လေယာဉ်အန္တရာယ်ကြောင့် နေရာရွှေ့ပြောင်းနေရသည့် ကျောက်တော် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
- AA ၏ ရခိုင်ပြည် ပြင်ပထွက်ခွာခွင့် တားမြစ်ချက်အပေါ် အမြင် (Vox Pop)
AA ၏ ရခိုင်ပြည် ပြင်ပထွက်ခွာခွင့် တားမြစ်ချက်အပေါ် အမြင် (Vox Pop)
AA က ရခိုင်ပြည် ပြင်ပထွက်ခွာခွင့် တားမြစ်လိုက်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူများ၊ နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၏ သဘောထားအမြင်များကို DMG မှ မေးမြန်းတင်ဆက်ပေးလိုက်ရသည်။
24 May 2025

DMG ၊ မေ ၂၄
ရခိုင်က နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (ULA/AA ) သည် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) အရ အချက် (၄) ချက်ပါ စီမံချက်တစ်ရပ်ကို မေလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
NDEP ပြဋ္ဌာန်းချက်အရ စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များအား ရခိုင်ပြည် ပြင်ပသို့ထွက်ခွာခြင်းကို လက်ရှိ တိုက်ပွဲကြောင့်ဖြစ်ပေါ်နေသည့် အရေးပေါ်ကာလထိ တားမြစ်ထားသည်။
ထိုသို့ AA က ရခိုင်ပြည် ပြင်ပထွက်ခွာခွင့် တားမြစ်လိုက်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူများ၊ နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၏ သဘောထားအမြင်များကို DMG မှ မေးမြန်းတင်ဆက်ပေးလိုက်ရသည်။
ဒေသခံ အမျိုးသားတစ်ဦး
အခုက စစ်မှုထမ်းမှာ အကျုံးဝင်တဲ့ လူငယ်တွေထဲမှာ ပြည်ပကို မဖြစ်မနေထွက်ရမယ့် လူငယ်တွေ ဥပမာ ပြည်တွင်းမှာ မိသားစုတွေ စစ်ဘေးရှောင်ရင်း စားဝတ်နေရေး အဆင်မပြေတဲ့အချိန် မိသားစုတွေထဲက အလုပ်လုပ်နိုင်တဲ့ လူတစ်ယောက်က ပြင်ပထွက်ပြီး အလုပ်လုပ်ပြီး ထောက်ပံ့ပေးရမယ့် လူတွေ ရှိတယ်ပေါ့နော်။ နောက်ပြီး ပညာရေး တစ်ပိုင်းတစ်စနဲ့ လူတွေ၊ နိုင်ငံခြား ပညာတော်သင်ဆုတွေရထားတဲ့ သူတွေဆိုရင် မဖြစ်မနေထွက်ရမယ့် အခြေအနေရှိတာပေါ့။ အခုက ရခိုင်ပြည်တွင်းမှာ ဆေးမကုနိုင်တဲ့ သူတွေမှ ပြည်ပထွက်ခွင့်ပေးမယ်ဆိုတော့ ပြည်သူတွေဘက်ကကြည့်ရင် နည်းနည်းမမျှတဘူးလို့ မြင်တာပေါ့။ တစ်ဖက်မှာလည်း အမျိုးသားရေးဘက်က ကြည့်ရင် မျှတတယ်ပေါ့နော်။
အခုအချိန်က ရခိုင်တစ်မျိုးသားလုံးအတွက် အရေးကြီးဆုံးအချိန် နောက်ဆုံးအချိန်ကို ရောက်နေတာတောင် ဘာမှဝင်ပါကြတာမရှိကြတဲ့ သူတွေလည်း ရှိနေတယ်။ အမျိုးသားရေးမှာ ဘာမှမပါဝင် ချင်တဲ့သူတွေ တစ်ကိုယ်ကောင်းဆန်ချင်တဲ့ သူတွေအတွက်ကတော့ ဒီလို ဥပဒေမျိုးက လိုအပ်တယ်ပေါ့။ နောက်ဆုံးပြောချင်တာက ULA/AA အနေနဲ့ ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တော်တော်လေးကို သတိထားပြီး ပြောရဆိုရမယ်ပေါ့။ ပြည်သူကို အရမ်းကျပ်တည်းအောင်လုပ်လို့လည်း မရဘူးပေါ့။ ဘာလို့လည်းဆိုတော့ တော်လှန်ရေးမှာ ပြည်သူထောက်ခံမှု မရှိတော့ရင် လိုရာပန်းတိုင်ကိုရောက်ဖို့ ခက်တာပေါ့။
ဦးဖေသန်း၊ ဝါရင့်နိုင်ငံရေးသမား
အာရက္ခတပ်တော်ကတော့ နိုင်ငံရေး ရည်မှန်းချက်ပြည့်ဖို့အတွက် စစ်ရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေတာပေါ့။ ဒါကြောင့် ရခိုင်တစ်ပြည်လုံးမှာလည်း မြို့နယ်အများအပြားကို သိမ်းထားပြီးပြီ ဖြစ်ပါတယ်။ အာရက္ခတပ်တော်ကလည်း ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့် အင်အားသောင်းချီပြီးတော့ ရှိလာတယ်။ ဒီနိုင်ငံမှာ အင်အားအများဆုံး အဖွဲ့လို့တောင် ပြောလို့ရတယ်။ အဲလိုအောင်မြင်မှုဟာ ပြည်သူတွေက အာရက္ခတပ်တော်ကို ထောက်ခံခဲ့ကြလို့ ဖြစ်တယ်။ တချို့လူတွေလည်း စစ်မှုထမ်းမယ့်တာဝန် နိုင်ငံက ပေးအပ်မယ့် တာဝန်ကို မကြိုက်တဲ့သူတွေ ကိုယ်ရေးကိုယ်တာ အကျိုးကျေးဇူးအတွက် တိုင်းတပါးပြည်မကို ထွက်ခွာချင်တဲ့သူတွေလည်း ရှိမှာပေါ့။
ဒါပေမဲ့ စစ်ရေးရည်မှန်းချက် အကောင်အထည်ဖော်နေတဲ့အချိန်မှာ အဲလို လူတွေများလာရင် အာရက္ခတပ်တော်ရဲ့ အင်အားတွေ လျော့နည်းသွားလိမ့်မယ်။ အဲလိုဆိုရင် နိုင်ငံရေးရည်မှန်းချက် ပြည့်ဝဖို့ကြာနေမယ်။ ဒါကြောင့် အာရက္ခတပ်တော်ဘက်က ဒီလိုကြေညာချက်ကိုထုတ်ပြီး လူတိုင်း စစ်မှုထမ်းရမယ်၊ တစ်ဖက်ကလည်း စည်းရုံးတယ်၊ တစ်ဖက်ကလည်း မထွက်ခွာရအောင် ပိတ်ပင်တာပေါ့။ ဒါက တကယ်တမ်းလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲလိုမလုပ်ရင် နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ စစ်အင်အား လျော့နည်းသွားလိမ့်မယ်။ ဒါကြောင့် ပြည်သူတိုင်းဟာ အခွင့်အရေးကို လိုချင်သလို တာဝန်လည်းရှိတယ် ဆိုတဲ့ပုံစံမျိုးပေါ့။
ရခိုင်လူငယ် အမျိုးသမီးတစ်ဦး
ရခိုင်မှာက များသောအားဖြင့် ကျပ်တည်းမှုတွေ ပိုများကြတယ်။ ပြည်ပထွက်ခွာတဲ့ လူငယ်အများစုကလည်း မိသားစု စားဝတ်နေရေးကျပ်တည်းမှုတွေကြောင့်၊ အဆင်မပြေတာတွေ များတာကြောင့် အိမ်ပေါင်ယာပေါင် ပြီးတော့မှ နိုင်ငံခြားကို ထွက်သွားကြတာများပါတယ်။ ဒီတော့ လက်ရှိ ရခိုင်က ထွက်ဖို့ကြိုးပမ်းဖို့လုပ်နေတဲ့ သူတွေကို တားဆီးပစ်တာက ပိုပြီးတော့ အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ်။ အဲအခြေအနေတွေကို အစိုးရတစ်ရပ်အနေနဲ့ ဘယ်လိုဖြေရှင်းပေးမလဲ ဆိုတာစဉ်းစားသင့်တယ်။ သေချာတာကတော့ အိမ်တစ်အိမ်မှာ လူ ၅ ယောက်ရှိရင် ၅ ယောက်လုံးက စစ်မှုထမ်းလို့ အဆင်မပြေဘူး။ စားဝတ်နေရေး ကိစ္စကလည်း ရှိနေတယ်လေ။ အဲဒါတွေကို အာရက္ခတပ်တော်ဘက်က ဘယ်လို ပုံစံမျိုးတွေနဲ့ လုပ်ပေးသွားမလဲ ဆိုတာကို ချပြသင့်တယ်၊ အဲဒါက အရေးကြီးပါတယ်။
လူငယ် အမျိုးသားတစ်ဦး
ပြည်မ ထွက်တယ် တခြားနေရာတခုခုကို သွားတယ်ဆိုတာ စစ်ဖြစ်တဲ့နိုင်ငံ သို့မဟုတ် အလုပ်အကိုင်အခွင့် အလမ်းရှားပါးတဲ့ နိုင်ငံတွေမှာအဖြစ်များပါတယ်။ ဒီလူတွေကို ထိန်းချုပ်ထားလို့မရပါဘူး။ ရေကာတာကျိုးတာ နဲ့တူပါတယ်။ ရခိုင်မှာ နှစ်စဉ် အနည်းဆုံး သိန်းဂဏန်းကျော်လောက်ဟာ ဒီအလုပ်အကိုင်အခွင့်အလမ်း ပြဿနာကိုဖြေရှင်းဖို့ ထွက်သွားကြတာ များမယ်ထင်ပါတယ်။ နောက် ပညာရေးအခွင့်အလမ်း နည်းပါးတဲ့ ပြဿနာပါ။ ဘယ်လောက်ပဲ နယ်မြေလွတ်လပ်တယ်ဆိုပေမယ့် ပညားရေး အခွင့်အလမ်းမရှိရင်တော့ ပညာသည်တွေအတွက် တက်လမ်းပိတ်တယ်လို့ ခံယူကြပါတယ်။ ဒီတော့ ဒီအသိုင်းအဝိုင်းဟာ သူတို့ရဲ့ ကံကြမ္မာကို ဖန်တီးဖို့ ထွက်လမ်း ရှာကြပါတယ်။
နောက်အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားချင်တဲ့လူတွေရှိပါတယ်။ ဒီလူတွေကို ပိတ်ဆို့ထားလို့ မရပါဘူး။ ဒီလူတွေဟာ စီးလာတဲ့ ရေစီးကြောင်းနဲ့ တူပါတယ်။ ဘယ်နည်းနဲ့မှ ပိတ်ဆို့လို့ရမယ် မထင်ပါဘူး။ ဆိုတော့ ဒီလူတွေကို တရားဝင်လမ်းကြောင်း တစ်ခုကနေ အန္တရာယ်ကင်းတဲ့ လမ်းကြောင်းတွေကနေ ပို့ပေးသင့်ပါတယ်။ တကယ်လို့ စစ်ကောင်စီဘက်က ပိတ်ဆို့ထားရင်တောင် contingency path (အဆင်ပြေနိုင်မယ့် လမ်းကြောင်း) တွေကိုတောင် လုပ်ပေးသင့်ပါတယ်။ ဒါဟာ ပြည်သူတွေကို အလေးထားတဲ့ အစိုးရတစ်ရပ်ဆိုတာ သက်သေပြခြင်းပါပဲ။ ဒါမှမဟုတ် ပိတ်ဆို့ထားရင်တော့ သူတို့ဟာ ကြီးမားတဲ့အန္တရာယ်ကို ရင်ဆိုင်ရဖို့ များပါတယ်။ ဥပမာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကြားက ဖြတ်သန်းနိုင်တဲ့နေရာတွေကို ခြံစည်းရိုးကာခဲ့ကြတယ်။ အဲဒီအကျိုးဆက်ဟာ လုံခြုံရေး တင်းကျပ်လာမှုကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော်ဟာ အသက်အန္တရာယ်များတဲ့ တရားမဝင် ထွက်ပေါက်တွေက ထွက်တဲ့ ဖြစ်စဉ်ရှိခဲ့တယ်၊ တားလို့မရခဲ့ဘူး။ အဲဒီထွက်ပေါက်က နေ့စဉ်လူပေါင်း ထောင်ချီ ထွက်ခဲ့ကြတယ်။
ပြောချင်တာကတော့ ဒီလူတွေဟာ ဒီပြည်အတွက် ကောင်းမွန်လာမယ့် လူတွေလို့ ထင်မှတ်ပြီး လွတ်ပေးရင်တော့ ပိုကောင်းပါတယ်။ နိုင်ငံတိုင်းမှာ ဒိုင်ယာစပိုရာတွေရဲ့ ပြန်ပို့ငွေ (သို့မဟုတ်) ပြန်လာတဲ့သူရဲ့ သင်ယူရခဲ့တဲ့ ပညာရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာရှိကြပါတယ်။ ဥပမာ အစ္စရေးဆိုရင် ဒီလူတွေကြောင့် အများကြီးကောင်းကျိုးသက် ရောက်ခဲ့ပါတယ်။ ဒါမှမဟုတ် ပေးမထွက်ပေးဘူး။ ဒီပြည်အတွက် အရေးကြီးတယ်ဆိုရင်တော့ သူတို့ ဘဝလုံခြုံဖို့ အခွင့်အလမ်းကောင်းတစ်ခုခုကတော့ ပေးကို ပေးရပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ဒီ immigration rate (ပြည်ပထွက်ခွာနှုန်း) ကို ထိန်းချုပ်ထားဖို့ မလွယ်ပါဘူး။ ထိန်းချုပ်ထားရင်တော့ လက်ရှိအစိုးရအပေါ် အမုန်းတရားတွေ အများကြီးသက်ရောက်လာနိုင်ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသားတစ်ဦး
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မေလ (၂၂) ရက်နေ့ ရက်စွဲနဲ့ အာရက္ခဒေသမှာ နေထိုင်တဲ့ ပြည်သူတွေကို ရခိုင်ပြည် ပြင်ပထွက်ခွာမှုကို အသိပေးတားမြစ်တာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအရ ပြောရင် လွတ်လပ်စွာသွားလာခွင့်ကို တားမြစ်ကန့်သတ်ရာ ရောက်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကို တာဝန်ရှိတဲ့ အဖွဲ့တွေအနေနဲ့ တားမြစ်ကန့်သတ်လို့ရတဲ့ ခြွင်းချက်အခြေအနေတွေတော့ ရှိပါတယ်။ အများပြည်သူတွေရဲ့လုံခြုံရေးကို ထိခိုက်စေမယ့် အန္တရာယ်ရှိတဲ့နေရာတွေနဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့နေရာတွေကို သွားလာခွင့်တွေကိုကတော့ အများပြည်သူအကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တာဆီးပိတ်ပင်ခွင့်ရှိပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ NDEP ကို ရှောင်လွှဲပြီး စစ်မှုမထမ်းလိုပဲ အာရက္ခဒေသရဲ့ပြင်ပသို့ ထွက်ပြေးဖို့ ကြိုးစားနေကြသူတွေကို တားမြစ်တာတွေ့ ရပါတယ်။
အဓိကတော့ NDEP ရဲ့ ပြဌာန်းချက်ပါ အသက်အရွယ်အရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူတွေကို ဦးတည် ကန့်သတ်တာတွေ့ရပါတယ်။ အကြောင်းပြချက်ပေးတာကတော့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခဒေသကလာတဲ့ သူတွေ ဖမ်းဆီးခံရတာတွေ၊ ပြန်ပေးဆွဲတာတွေ၊ ငွေညှစ်တာတွေ၊ လူသတ်အလောင်း ဖျောက်တာတွေ၊ စစ်မှုထမ်း စုဆောင်းခံရတာတွေ အဲတာတွေက ကင်းလွတ်ဖို့နဲ့ ရက္ခိုင်ရိုးမနယ်စပ်တလျှောက် တိုက်ပွဲတွေဆက်ရှိနေသေးတဲ့အတွက် တိုက်ပွဲကြား ညှပ်မပါစေရေးအပြင် မိုင်းအန္တရာယ်တွေက ကင်းလွတ်ဖို့ ဆိုပြီး အကြောင်းပြထားတာ တွေ့ရပါတယ်။ ဆိုတော့ ပေးထားတဲ့အကြောင်းပြချက်တွေကကော မှန်ကန်ရဲ့လားဆိုတာ ကျနော်တို့ ပြန်စဉ်းစားဖို့လိုတယ်။ ဒါမှမဟုတ် NDEP ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒီအကြောင်းပြချက်တွေကို သုံးပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူတွေကို ဦးတည်ကန့်သတ်လိုက်ပြီး ပိတ်လှောင်ဖို့ ကြိုးစားနေတာလားဆိုတာကိုလည်း ပြန်သုံးသပ်ရပါမယ်။
ဒီလိုသာဆိုရင်တော့ လွတ်လပ်စွာသွားလာခွင့်ထဲက သူတို့လုပ်ပိုင်ခွင့်ကို အသုံးချပြီး စစ်မှုထမ်းဥပဒေကို အတင်းအကျပ်အကောင်အထည် ဖော်တာဖြစ်တဲ့အတွက် လွတ်လပ်စွာသွားလာခွင့်ကို ချိုးဖောက်ရုံသာမက အတင်းအဓမ္မ စစ်သားစုဆောင်းရာ ရောက်တဲ့အတွက် ဒါလည်း ချိုးဖောက်မှု တစ်ခုပါပဲ။ ဒီလိုအတင်းအကျပ်လုပ်တဲ့အခါ နောက်ဆက်တွဲ ချိုးဖောက်မှုတွေလည်း အများကြီးရှိ လာနိုင်ပါသေးတယ်။ အတင်းအကျပ်လုပ်ဆောင်ရာကျတဲ့အတွက် မတရားအလွန်အကျွံ ရိုက်နှက်တာတို့၊ နှိပ်စက်တာတို့၊ လူမဆန်စွာ ဆက်ဆံတာတို့၊ နောက်ဆုံး လူသတ်အလောင်းဖျောက်တဲ့ ကျူးလွန်မှုတွေအထိ ဖြစ်လာနိုင်ပါတယ်။