- အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် အယ်လ်ဂျားဇီးရား သတင်းထောက် ၅ ဦး သေဆုံး
- ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်သွားမည်ဟု AA အာမခံချက် ထပ်ပေး
- ရခိုင်တွင် ခေတ်မီ ပညာရေးစနစ်ဖြစ်လာရေး အာရက္ခပညာရေးဌာန ကြိုးစားနေ
- ရခိုင်တွင် စစ်ကောင်စီ လက်ချက်ကြောင့် ဒေသခံ ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း AA ပြော
- စစ်ကောင်စီ ရွေးကောက်ပွဲ ရခိုင်ပြည်သူကို အကျိုးမပြုကြောင်း AA ပြော
ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်သွားမည်ဟု AA အာမခံချက် ထပ်ပေး
အာရက္ခတပ်တော်(AA) စတင်တည်ထောင်ချိန်မှ စ၍ အဓိက ရည်မှန်းချက်အတိုင်း ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ပြီး အာရက္ခပြည်သူလက်ထဲသို့ ထည့်ပေးမည်ဟု AA က အာမခံချက် ထပ်ပေးလိုက်သည်။
11 Aug 2025

DMG ၊ ဩဂုတ် ၁၁
အာရက္ခတပ်တော်(AA) စတင်တည်ထောင်ချိန်မှ စ၍ အဓိက ရည်မှန်းချက်အတိုင်း ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ပြီး အာရက္ခပြည်သူလက်ထဲသို့ ထည့်ပေးမည်ဟု AA က အာမခံချက် ထပ်ပေးလိုက်သည်။
ထိုသို့ ဖြစ်မြောက်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ အွန်လိုင်းက တစ်ဆင့်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
" ဒီနေ့အချိန်ခါလည်း အာရက္ခပြည် ကိုးဆယ်ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး ချမှတ်ထားတဲ့ ပန်းတိုင်ကို ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်နဲ့ အဆုံးထိ ဆက်လက်ချီတက်သွားမယ်လို့ ဖြေချင်ပါတယ်" ဟု ဦးခိုင်သုခက ပြောသည်။
AA အနေဖြင့် ချမှတ်ထားသည့် စစ်ရေးရည်မှန်းချက်အတိုင်း လမ်းစဉ်မပြောင်းဘဲ ဆက်လက်လုပ် ဆောင်နေကြောင်းလည်း ဦးခိုင်သုခက ဆက်လက်ပြောထားသည်။
ရခိုင်ပြည်တွင် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့တို့သာ AA က သိမ်းပိုက်ရန်ကျန်ရှိတော့ ပြီဖြစ်သည်။ လက်ရှိ ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြောင်းအမျိုးမျိုးတို့ကြောင့် တိုက်ပွဲအချိန်ကြန့်ကြာနေခြင်းဖြစ်ကြောင်း AA ဘက်က ဆိုထားသည်။
" AA အနေနဲ့ တိုက်မယ်ဆို မြန်မြန်တိုက်ပြီး မြန်မြန်တည်ငြိမ်အောင် လုပ်စေချင်ပါတယ်။ စစ်ပွဲရဲ့ အကျိုးဆက်ကတော့ သိတဲ့အတိုင်းပါ တော်တော်များများ ဒုက္ခရောက်ကြရတာပဲ။ အရိုးရှင်းဆုံး ပြောမယ်ဆို AA ကို စစ်ရေးအရတော့ ယုံပါတယ်။ လက်ကျန်မြို့တွေကို အမြန်တိုက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟု ပေါက်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲကာလ သိန်းနှင့်ချီသော ပြည်သူများမှာ အိုးအိမ်စွန့်ခွာကာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ခါးစည်းခံနေရသည်။ တိုက်ပွဲအတွင်း ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ဘူးသီးတောင်စသည့်မြို့တို့မှာ ပျက်စီးမှုများခဲ့ပြီး ပြည်သူများ နစ်နာဆုံးရှုံးမှုကြီးမားခဲ့သည်။
၁၀၂၇ ပဲ့ကိုင်ရှင် ညီနောင်သုံးဖွဲ့တွင် MNDAA နှင့် TNLA တို့သည် တရုတ်ဖိအားပေးမှုကို ခံနေကြရပြီး သိမ်းပိုက်ထားသည့် မြို့အချို့ကိုလည်း စစ်ကောင်စီထံ ပြန်ပေးထားကြရသည်။
အာရက္ခတပ်တော်အနေဖြင့် MNDAA နှင့် TNLA ကဲ့သို့ သိမ်းပိုက်ထားသည့် မြို့ များကို စစ်ကောင်စီထံ ပြန်ပေးရမည့် အခြေအနေမှာ အလွန်နည်းပါးကြောင်းလည်း ဦးခိုင်သုခက ပြောသည်။
"မြို့တချို့ကို ပြန်ပေးမှာ လားဆိုတဲ့ ကိစ္စတွေက ဟိုဘက်မှ ပြန်ပေးလိုက်လို့ ဒီဖက်မှာလည်း ပြန်ပေးရမှာလားဆိုတဲ့ အတွေးမျိုးက အကုန်ထပ်တူကျမှာ မဟုတ်ဘူး။ ကျနော်တို့ ညီနောင်မဟာမိတ် အဖွဲ့အစည်းတွေကြားမှာ မတူညီတဲ့ နောက်ခံအခြေအနေတချို့လည်း ရှိပါတယ်။ အဲဒါကြောင့် မြို့တွေကို ပြန်ပေးရမှာက ဖြစ်နိုင်ခြေနည်းတယ်လို့ ပြောချင်ပါတယ်" ဟု ဦးခိုင်သုခက ပြောသည်။
လက်ရှိ စစ်ကောင်စီသည့် အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအပါအဝင် နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၆၀ ကျော်ကို စစ်အုပ်ချုပ်ရေးကြေညာထားသည်။
ထိုနယ်မြေများကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး ရခိုင်တွင်လည်း စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ရေးအရ တိုက်ခိုက်မှုများလုပ်လာနေသည်။