ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံ အရပ်သားများမှာလည်း ထိခိုက်သေဆုံးခြင်းနှင့် ဖမ်းဆီးခံရခြင်းများလည်း ဆက်တိုက်မြင့်တက်လာနေသည်။

By Admin 02 Sep 2025

ဖားကန့်မြို့တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ- CJ
ဖားကန့်မြို့တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ- CJ

DMG ၊ စက်တင်ဘာ ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံ အရပ်သားများမှာလည်း ထိခိုက်သေဆုံးခြင်းနှင့် ဖမ်းဆီးခံရခြင်းများလည်း ဆက်တိုက်မြင့်တက်လာနေသည်။

ဒေသခံများ ပြောဆိုချက်အရ ဩဂုတ်လ နောက်ဆုံးအပတ်ကစပြီး နှစ်ဖက်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ပြီး မြို့တွင်းတိုက်ပွဲများ ရောက်ရှိလာနေခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁ ရက်ကလည်း ဖားကန့်မြို့ပေါ် မရှီကထောင်ရပ်ကွက်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အေးသာယာရပ်ကွက်က အမျိုးသား ၄ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

မြို့ခံအမျိုးသားတစ်ဦးက " ဖားကန့်မြို့ရဲ့ အခြေအနေက နေ့တိုင်းတိုက်ပွဲ ဖြစ်တာရှိတယ်။ အဓိကတော့ မရှီကထောင်ရပ်ကွက်ဖက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတာ။ အရပ်သားတွေ ထိခိုက်သေဆုံးမှုရော၊ ဖမ်းဆီးခံရမှုပါ ဆက်တိုက်ရှိနေတယ်။ အရင်က နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကနေ အခုမြို့ပေါ်အထိ ရောက်ရှိလာတော့ စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်" ဟု ပြောသည်။

မြို့ခံများ၏ ပြောဆိုချက်အရ ဖားကန့်မြို့တွင် ဩဂုတ် (၂၈ ရက်တွင် ၁၀ ဦး၊ ၂၉ ရက်တွင် ၇ ဦး၊ ၃၀ ရက်တွင် ၁၀ ဦး၊ ၃၁ ရက်တွင် ၄ ဦး) နှင့် စက်တင်ဘာ ၁ ရက်တွင် ၄ ဦး စုစုပေါင်း စစ်ကောင်စီ ဖမ်းဆီးသွားသူ ၃၅ ဦး အထိရှိလာကြောင်း သိရသည်။

ယင်းအပြင် စက်တင်ဘာလ ၁ ရက်ကလည်း စစ်ကောင်စီရဲ့ ဗျူဟာကုန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်သို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

ထိုသို့ တိုက်ပွဲများပြင်းထန်နေသဖြင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများကိုလည်း ယနေ့က စပြီး ပိတ်ထားလိုက်ကြောင်း သိရသည်။

နောက်ထပ် ဖားကန့်မြို့ခံ အမျိုးသမီးတစ်ဦးက " ဒီနေ့ကစပြီး ကျောင်းတွေ၊ အစိုးရရုံးတွေကို ပိတ်ထားလိုက်ပြီ။ ကျမတို့ သတင်းကြားရတာကတော့ တစ်ပတ်ပိတ်တယ်လို့ သိထားရတယ်။ အဓိကတော့ မြို့တွင်းမှာ ထိတွေ့ တိုက်ပွဲဖြစ်လာတာကြောင့် ပိတ်လိုက်တာ။ တိုက်ပွဲပြင်းထန်လာရင်တော့ ဒီထက်ပိုပြီး ကြာနိုင်တယ် " ဟု ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်နေသည့် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်က ဒေသခံများကိုလည်း ကြိုတင်ပြောင်းရွှေ့ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မေလစပြီး နှစ်ဖက်တိုက်ပွဲများပြင်းထန်နေကြခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုး သတ်ဖြတ်မှုများကြောင့် ဖားကန့်မြို့အတွင်း အရပ်သားသေဆုံးသူ ၇၀ ကျော်အထိ ရှိလာနေကြောင်း ဒေသတွင်းလူမှုကူညီရေးလုပ်နေသူများထံက သိရသည်။