ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ

ကျောက်ဖြူအကျဉ်းထောင်မှ ချုပ်ရက်စေ့၍ ပြန်လွတ်လာပြီးနောက် ထောင်ဗူးဝတွင် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်ထံမှ သိရသည်။

By Admin 02 Sep 2025

ကျောက်ဖြူအကျဉ်းထောင်ရှေ့ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ်။
ကျောက်ဖြူအကျဉ်းထောင်ရှေ့ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂

ကျောက်ဖြူအကျဉ်းထောင်မှ ချုပ်ရက်စေ့၍ ပြန်လွတ်လာပြီးနောက် ထောင်ဗူးဝတွင် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်ထံမှ သိရသည်။

ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ အသက် (၃၁) နှစ်အရွယ် ဦးတင်ထွန်းမှာ ယမန်နေ့ (စက်တင်ဘာ ၁ ရက်)က ကျောက်ဖြူမြို့နယ်တရားရုံးမှ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင် တစ်ဦးက ပြောသည်။

"ဘာအပြစ်မှ မရှိဘဲ ဖမ်းပြီးတော့ ထောင်ချတယ်။ ထောင်က လွတ်ရက်စေ့လို့ လွတ်လာတာကို ထပ်ဖမ်းပြီး ထောင်ဒဏ်နှစ်ရှည်ချတယ်။ ဒါက လုံးဝ မတရားဘူး။ သူတို့ (စစ်ကောင်စီ) လက်ထဲမှာ အာဏာရှိလို့ ပြည်သူကို အနိုင်ကျင့်တာလို့ ခံစားရတယ်" ဟု ၎င်းက ပြောသည်။

ဦးတင်ထွန်းမှာ ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာတွင် နေအိမ်အတွင်း ရှိနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် ကျောက်ဖြူမြို့နယ်တရားရုံးမှ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသည်။

ယင်းနောက် ယခုနှစ် ဩဂုတ် ၁ ရက်တွင် ချုပ်ရစေ့၍ ပြန်လွတ်လာသော်လည်း စစ်ကောင်စီက ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခဲ့ရကာ စက်တင်ဘာ ၁ ရက်တွင် ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ကျောက်ဖြူထောင်မှ ချုပ်ရက်စေ့၍ လွတ်မြောက်ပြီး ထောင်ဘူးဝတွင် ဖမ်းဆီးခံရသည့် နိုင်/ကျဉ်းများ ရှိနေကာ ယမန်နေ့ စက်တင်ဘာ ၁ ရက်ကလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊(၂) တို့ဖြင့် လွတ်မြောက်လာသူ ၄ ဦး ထောင်ဗူးဝတွင် ပြန်ဖမ်းခံရသည်။

"လွတ်ရက်စေ့လို့ ထောင်က လွှတ်လိုက်ပြီ၊ အဲဒါကို ထောင်ဗူးဝကနေ အသင့်စောင့်ပြီး ဖမ်းသွားတယ်။ အဲဒီ ၄ ယောက်ထဲမှာ တစ်ယောက်ကတော့ ကုလာဘာကျေးရွာက ဖြစ်ပြီး ကျန်တဲ့ ၃ ယောက်ကတော့ အခြား ကျေးရွာတွေကလို့ သိရတယ်" ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

DMG မှ ပြုစုထားသည့် စာရင်းအရ ကျောက်ဖြူထောင်မှ လွတ်မြောက်ပြီးနောက် ထောင်ဗူးဝမှာပင် ပြန်လည်ဖမ်းဆီးခံရသူ ၁၀ ကျော်ထိ ရှိနေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်စောပိုင်းမှ စ၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လထိ အာရက္ခတပ်တော် (AA) နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဒေသခံ ၁၁၀ ဦးထက်မနည်းရှိပြီး ယင်းထဲမှ အများစုမှာ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၇ (၁)၊(၂) တို့ဖြင့် ထောင်ဒဏ် ၆ လမှ ၁၀ နှစ်ထိ ချမှတ်ခံထားရ သည်ဟု DMG ၏ အချက်အလက်အရ သိရသည်။