ကွန်ဂိုနယ်စပ် တာဝန်ကျရာနေရာတွင် အသေပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂတပ်ဖွဲ့ကဝန်ခံ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း၌ ဇူလိုင် ၃၁ ရက် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုအတွင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး အခြားအများအပြား ဒဏ်ရာရရှိသွားသည့်အတွက် တုန်လှုပ်ခြောက်ခြားခဲ့ရကြောင်း ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။

02 Aug 2022

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်။ ဓာတ်ပုံ - AFP

DMG ၊ ဩဂုတ် ၂

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း၌ ဇူလိုင် ၃၁ ရက် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုအတွင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး အခြားအများအပြား ဒဏ်ရာရရှိသွားသည့်အတွက် တုန်လှုပ်ခြောက်ခြားခဲ့ရကြောင်း ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။

ကုလသမဂ္ဂတပ်ဖွဲ့ MONUSCO က ၎င်း၏ ငြိမ်းချမ်းရေး အစောင့်တပ်ဖွဲ့ဝင်အချို့သည် “ရှင်းရှင်းလင်းလင်း မသိရသည့် အကြောင်းအရာများကြောင့်” စတင်ပစ်ခတ်ခဲ့သည်ကိုဝန်ခံခဲ့ပြီး ဖမ်းဆီးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ပစ်ခတ်မှုဖြစ်ပွားမှုကို သိရှိရသည့်အတွက် “ဝမ်းနည်းကြေကွဲ၍ တုန်လှုပ်ခြောက်ခြားခဲ့ရကြောင်း” ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

“အထွေထွေအတွင်းရေးမှူးချုပ်က ဒီဖြစ်ရပ်တွေအတွက် တာဝန်ခံမှုရှိဖို့ လိုအပ်ကြောင်းကို ပြင်းပြင်းထန်ထန် အလေးပေး ပြောကြားခဲ့သည်။ ဖြစ်ရပ်တွင် ပါဝင်သော MONUSCO ဝန်ထမ်းများကို ဖမ်းဆီး၍ စုံစမ်းစစ်ဆေးမှု ချက်ချင်းပြုလုပ်မည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ဆုံးဖြတ်ချက်ကို အထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုခဲ့သည်" ဟူ၍လည်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသည့် ဖြစ်စဉ်အားပြသထားသည့် ဗီဒီယိုဖိုင်တွင် အမျိုးသားများကိုတွေ့မြင်ရပြီး ရဲယူနီဖောင်းဝတ် အမျိုးသားတစ်ဦးနှင့် စစ်တပ်ယူနီဖောင်းဝတ် အမျိုးသားတစ်ဦးတို့သည် ကာစင်ဒီမြို့ရှိ အတားအဆီးတစ်ခု၏ နောက်ကွယ်တွင်  ရပ်ထားသည့် ကုလသမဂ္ဂယာဉ်တန်းဆီသို့ ချီတက်လာနေခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

ကာစင်ဒီမြို့သည် ယူဂန်ဒါနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော ကွန်ဂိုနိုင်ငံ အရှေ့ဘက် ဘန်နီနယ်မြေတွင် တည်ရှိသည်။

အပြန်အလှန် စကားပြောဆိုမှုများ ရှိခဲ့ပြီးနောက် ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့ဝင်များသည် အတားအဆီးကိုမဖွင့်မီ စတင်ပစ်ခတ်ခဲ့ပြီး လူများ လူစုကွဲ၍ ပုန်းအောင်းနေချိန်တွင် ဖြတ်ကျော်မောင်းနှင်လာခဲ့သည်ဟု ယူဆရသည်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံသည် “ယာယီစာရင်းအရ ပြည်သူ ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့သည့် ဤကံဆိုးမှုဖြစ်ရပ်ကို အံ့သြတုန်လှုပ်၍ ပြင်းထန်စွာရှုတ်ချသည်” ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် မူယာယာက ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ