- AA ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦး ပြန်လည်လွတ်မြောက်
- ဂွတွင် စစ်ကောင်စီက လက်နက်အင်အား ဆက်တိုက်ဖြည့်တင်းနေ
- အမ်းမြို့နယ်ရှိ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်တို့ကို AA ထပ်သိမ်း
- ညီနောင်သုံးဖွဲ့က ငြိမ်းချမ်းရေး လိုလားကြောင်းပြမှ ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ပြော
- သံတွဲနှင့် တောင်ကုတ်ရှိ ကျေးရွာသုံးရွာ လေကြောင်းဗုံးကြဲခံရ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်ဟု ကုလအထူးကိုယ်စားလှယ်ပြော
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဘစ်ရှော့က ပြောသည်။
30 Oct 2024
DMG ၊ အောက်တိုဘာ ၃၀
မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး စစ်တပ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က အင်္ဂါနေ့ကျင်းပသည့် အစည်းအဝေးတစ်ရပ်တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
"နေပြည်တော်ကို သွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်မ ထပ်သွားဦးမှာပါ" ဟု ကုလသမဂ္ဂ အစည်းအဝေးတွင် ဂျူလီဘစ်ရှော့က ပြောကြားကြောင်း သတင်းတွင် ဖော်ပြသည်။
တွေ့ဆုံမှုနှင့် ပတ်သက်၍မူ သူမက အသေးစိတ် ရှင်းပြခြင်း မရှိသလို မည်သည့်အချိန်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်ကိုလည်း ရှင်းရှင်းလင်းလင်း မပြောပေ။
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဘစ်ရှော့က ပြောသည်။ သက်ဆိုင်သူအားလုံးနှင့် သမာသမတ်ကျကျ ချိတ်ဆက်ဆောင်ရွက်နေသည်ဟုလည်း သူမက ပြောသည်။
"မတူကွဲပြားပြီး အချင်းချင်း ပဋိပက္ခဖြစ်လေ့ရှိတဲ့ ရှုထောင့်အမြင်တွေကို နားလည်နိုင်ဖို့ ကျွန်မ ကြိုးစားနေပါတယ်။ ဒါမှလည်း အမြင်တူတဲ့ ဖြေရှင်းချက်တစ်ရပ် ရရှိရေးအတွက် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်အောင် ကျွန်မရဲ့ အခန်းကဏ္ဍကတစ်ဆင့် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်" ဟု ဘစ်ရှော့က ပြောသည်။
မြန်မာ့အရေးတွင် ဆက်နွယ်ပတ်သက်နေသည့် အင်အားစုများအနေဖြင့် နိုင်ငံ၏ အကျပ်အတည်းကြီး ပြေလည်ပြီး ရှေ့ဆက်သွားနိုင်ရန်အတွက် " အနိုင်အရှုံး တွက်ချက်သည့် စိတ်ထား (zero-sum mentality)" ကို ထားခဲ့ရန်လိုအပ်သည်ဟု လည်းဂျူလီဘစ်ရှော့က ပြောကြားကြောင်း သတင်းတွင် ဖော်ပြသည်။
"မြန်မာ့အရေးမှာ ပတ်သက်နေသူတွေအနေနဲ့ အနိုင်-အရှုံး တွက်ချက်တဲ့စိတ်ထားကို ကျော်လွှားရပါမယ်။ တစ်နိုင်ငံလုံးမှာ စစ်ရေးပဋိပက္ခတွေ ဆက်ဖြစ်နေရင် ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြေရှင်းရာမှာ တိုးတက်မှု မရနိုင်သလောက်ပါပဲ" ဟုလည်း ဘစ်ရှော့က ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြချက်အရ သိရသည်။
ယခင်က သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဂျူလီဘစ်ရှော့သည် ပြီးခဲ့သော ဧပြီလမှ စတင်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။
မည်ကဲ့သို့သော ပြန်လည်ရင်ကြားစေ့ရေးမျိုး အတွက်မဆို အကြမ်းဖက်မှု ရပ်တန့်ရန်၊ တာဝန်ခံမှုရှိရန်၊ ကုလသမဂ္ဂနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်သွားလာခွင့် ပြုရန် လိုအပ်သည်ဟု ဂျူလီဘစ်ရှော့က ဆိုသည်။
မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တော်လှန်ရေးအုပ်စုများအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၃.၁ သန်းကျော် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။