ရလဒ်မထွက်သည့် ကူမင်းဆွေးနွေးပွဲနှင့် TNLA ၏ စစ်ရေး၊ နိုင်ငံရေး အလားအလာ

စစ်ကောင်စီသည် TNLA ထံမှ ၅ မြို့နယ်အထိ ပြန်ပေးရန် တောင်းဆိုခြင်းသည် တရုတ်အားကိုးဖြင့် နိုင်ငံရေးဖိအားပေးနေခြင်းဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်စေရန် တရုတ်ကကူညီနေခြင်းဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

By Admin 03 May 2025

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရှေ့တန်းမြေပြင်တွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - TNLA 
၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရှေ့တန်းမြေပြင်တွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - TNLA 

DMG ၊ မေ ၃ 

စစ်ကောင်စီနှင့် တအာင်းတပ် (TNLA) တို့သည် တရုတ်၏ ကြားဝင်မှုဖြင့် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် စစ်ကောင်စီနှင့် TNLA တို့သည် အပြန်အလှန် တောင်းဆိုမှုများကို ပယ်ချခြင်းဖြင့် ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

စစ်ကောင်စီဘက်မှ TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်တောင်းခဲ့ပြီး TNLA ဘက်မှ စစ်ကောင်စီ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများရပ်တန့်ရန် တောင်းဆိုခဲ့ကြရာ အဆင်မပြေဘဲ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

ဆွေးနွေးပွဲကို တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်မှ ကမကထပြု ဆောင်ရွက်ခဲ့ပြီး လာမည့် ဩဂုတ်လအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြသည်ဟုလည်း TNLA မှ ထုတ်ပြန်ထားသည်။ 

ဆွေးနွေးပွဲနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

စစ်ကောင်စီသည် TNLA ထံမှ ၅ မြို့နယ်အထိ ပြန်ပေးရန် တောင်းဆိုခြင်းသည် တရုတ်အားကိုးဖြင့် နိုင်ငံရေးဖိအားပေးနေခြင်းဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်စေရန် တရုတ်ကကူညီနေခြင်းဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

“တရုတ်ကတော့ မူဆယ်-မန္တလေးလမ်းမ နှစ်ခုပေါ်က မြို့တွေဖြစ်တဲ့ နောင်ချို၊ သီပေါ၊ ကျောက်မဲနဲ့ မိုးကုတ်၊ မိုးမိတ်ကို စစ်ကောင်စီကို တောင်းခိုင်းတာ။ ဒီဆွေးနွေးပွဲမှာ တရုတ်လိုချင်တာကိုပဲ စစ်ကောင်စီ တောင်းပေးရတာလို့ မြင်တယ်။ လားရှိုးတုန်းကလည်း ကုန်သွယ်ရေးအတွက် လားရှိုးကို တောင်းခိုင်းတယ်လေ။ တအာင်းတပ် ဘက်ကတော့ ဒီတိုင်းတော့ ပေးမှာမဟုတ်ပေမယ့် အနည်းနဲ့ အများတော့ နယ်မြေတွေ ဆုံးရှုံးရဖို့ ရှိနေပါတယ်” ဟု ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဘာသာရပ်လေ့လာနေသူတစ်ဦးက သုံးသပ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် TNLA ထိန်းချုပ်ရာ မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းစသည့် လုပ်ရပ်များပြုလုပ်နေကြောင်း TNLA က မေလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။ 

TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် မိုးကုတ်မြို့ကို စစ်ကောင်စီက မေလ ၃ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှုကြောင်း အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

အလားတူ မေလ (၂)ရက်၊  ည  ၁၁ နာရီ ၄၅ မိနစ်တွင်လည်း မိုးကုတ်မြို့ကို စစ်ကောင်စီက ပေါင်(၂၅ဝ)ဗုံး (၂)လုံး လာရောက် ကြဲချခဲ့၍ အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံနှင့် ပြည်သူလူထုနေအိမ် (၆)လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

ယင်းအပြင် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီက မြေပြင်ထိုးစစ် စစ်ကြောင်း ၂ ကြောင်းဖြင့် တိုက်ခိုက်မှုများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

“တောင်ခမ်းမှာ စစ်ကောင်စီ မြေပြင်ထိုးစစ်အနေအထားကတော့ ရာပြင်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ နောင်လင်ဘက်မှာ စစ်ကြောင်းတစ်ကြောင်း စစ်ကြောင်း ၂ ကြောင်းနဲ့ မြောက်ဘက်က နောင်ချိုဘက်ကို တက်မယ်။ လားရှိုးပြည်ထောင်စုလမ်းမ လမ်းပိုင်းတစ်နေရာမှာ ဆုံမယ်၊ ဆုံပြီးတော့မှ နောင်ချိုမြို့ကို တိုက်စစ် လုပ်မယ်လို့မြင်မိတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ထိုစစ်ကြောင်း ၂ ကြောင်းမှာ စစ်ကောင်စီ တပ်မ ၁၁ နှင့် တပ်မ ၅၅ မှ ထုတ်နုတ်တပ်များဖြစ်ပြီး ရာပြင်ဘက်မှ ဖောက်ထွက်ရမည့် စစ်ကြောင်းမှာ TNLA နှင့် BPLA ခံတပ်များ ရှိခြင်းကြောင့် ခက်ခဲမည့်အနေအထားရှိကြောင်း စစ်ရေးလေ့လာသူများက ဆိုကြသည်။

တအာင်းတပ် (TNLA) သည် မြောက်ပိုင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး စစ်ကောင်စီကို တော်လှန်နေသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ကြားဝင်ဖိအားပေးခံရခြင်းကြောင့် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းနှင့် ကြုံနေရသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိတွင် TNLA သည် တရုတ်၏ ဖိအားနှင့် ရင်ဆိုင်နေရသော်လည်း အခြားသော တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီအား တိုက်ခိုက်မှုများကို ပို၍ အရှိန်မြှင့်လုပ်ဆောင်သင့်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ 

“တကယ်လို့ စစ်ကောင်စီကို ပြန်ပေးရရင်တောင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စိတ်ဓာတ်ကျစရာ အကြောင်း မရှိပါဘူး။ ကိုယ်တိုက်မှ ကိုယ်ရမယ်။ ကိုယ့်ရဲ့ အနီးဆုံးမှာရှိတဲ့ ရန်သူကို တိုက်နိုင်အောင်လုပ်ရမယ် လို့မြင်ပါတယ်။ TNLA ဘာလုပ်မလဲ စောင့်ကြည့်နေတာထက်၊ အနီးအနားက ရန်သူကို တိုက်ပြီး စစ်မျက်နှာဖွင့်နိုင် ဖို့ကိုပဲ အာရုံစိုက်သင့်တယ်လို့ မြင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေးဖြင့် မြို့နယ်အများအပြားကို သိမ်းပိုက်ခဲ့ကြသည့် MNDAA နှင့် TNLA တို့သည် တရုတ်နိုင်ငံ၏ ဖိအားကို ကြီးမားစွာခံနေရချိန်တွင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ဆင်ရေးများကို NUG မှ အရှိုန်မြှင့်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြမှုများ ရှိနေသည်။