ထိုင်းတရားရုံးက ဝန်ကြီးချုပ်ပရာယုအား ရာထူးမှ ယာယီဆိုင်းငံ့

ထိုင်းနိုင်ငံ၏ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ် ပရာယုချန်အိုချာအား လုပ်ငန်းတာဝန်များမှ ယာယီဆိုင်းငံ့လိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

24 Aug 2022

အစိုးရအိမ်တော်၌ ကျင်းပသည့် အပတ်စဉ်အစည်းအဝေးသို့ တက်ရောက်လာသည့် ဝန်ကြီးချုပ် ပရာယုအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

DMG ၊ ဩဂုတ် ၂၄

ထိုင်းနိုင်ငံ၏ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ် ပရာယုချန်အိုချာအား လုပ်ငန်းတာဝန်များမှ ယာယီဆိုင်းငံ့လိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရားဝင် ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်ထက် ကျော်လွန်ပြီး ဆောင်ရွက်မှုအပေါ် စစ်ဆေးပေးရန် လျှောက်ထားမှုရှိလာပြီးနောက် တရားရုံးက ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

တရားရုံး၏ ယခုဆုံးဖြတ်ချက်အား ကြေညာချက်ထုတ်ပြန်ပြီး မီဒီယာများသို့ ပေးပို့ခဲ့သည်။ အဓိကအတိုက်အခံပါတီက တင်ပြတောင်းဆိုခဲ့သည့် ယခုလျှောက်ထားချက်က မည်သည့်အချိန်၌ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

လျှောက်ထားချက်နှင့် ပူးတွဲပါ အချက်အလက်များကို သုံးသပ်ပြီးနောက် ပါရှိသည့်အချက်အလက်များသည် ဆီလျော်မှုရှိကြောင်း ယူဆသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

တရားရုံးက ဆုံးဖြတ်ချက်တစ်ရပ် မချမှတ်မီအထိ ဝန်ကြီးချုပ်အား လုပ်ငန်းတာဝန်များမှ ဆိုင်းငံ့ထားရန် ၅ မဲ ၄ မဲဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု ကြေညာချက်က ဆိုသည်။

ဝန်ကြီးချုပ်ပရာယုသည် တရားရုံးကို ၁၅ ရက်အတွင်း ဖြေရှင်းချက် ပေးရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ၂၀၁၇ အခြေခံဥပဒေအရ ဝန်ကြီးချုပ်တစ်ဦးသည် စုစုပေါင်း ၈ နှစ်ထက်ပို၍ တာဝန်ထမ်းဆောင်ခွင့် မရှိပေ။ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြင့် အာဏာရလာသော ပရာယုသည် သက်တမ်းကန့်သတ်ချက်ကို ကျော်လွန်သွားပြီဟု အတိုက်အခံပါတီများက ပြောကြားသည်။

ယခင်က စစ်တပ်အကြီးအကဲ ဖြစ်သည့် ပရာယုသည် ဒီမိုကရေစီနည်းက ရွေးကောက်ခံထားရသည့် ယင်လပ်ရှင်နာဝပ်ထရာကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် စစ်အစိုးရအကြီးအကဲ အဖြစ် ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဗီဒီယိုများ