မင်းပြားမြို့နယ်တွင် မွတ်ဆလင်ကလေးတစ်ဦး လက်နက်ငယ်ကျည်ထိမှန်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စမ်းဘလေ(မွတ်ဆလင်)ကျေးရွာတွင် လက်နက်ငယ်ကျည်ဆံ ထိမှန်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးဒဏ်ရာရရှိသွားသည်ဟု ကျေးရွာတာဝန်ရှိသူထံမှ သိရသည်။

By နှင်းနွယ် 25 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စမ်းဘလေ(မွတ်ဆလင်)ကျေးရွာတွင် လက်နက်ငယ်ကျည်ဆံ ထိမှန်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးဒဏ်ရာရရှိသွားသည်ဟု ကျေးရွာတာဝန်ရှိသူထံမှ သိရသည်။

ယနေ့(အောက်တိုဘာ ၂၅ ရက်) နံနက် ၃ နာရီခွဲအချိန်တွင် မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးရှိ သချိုင်းတောင်မှ လက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီးနောက် နေအိမ်၌အိပ်နေသည့် ကလေးအား ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း စမ်းဘလေကျေးရွာတာဝန်ခံ ဦးရွှေမောင်က DMG သို့ ပြောသည်။

“ညဉ့်အချိန်ဆိုတော့ သူတို့သားအဖလည်း အိမ်ထဲမှာအိပ်နေကြတာ။ အဲဒီအချိန်မှာပဲ လက်နက်ငယ်ကျည်ဆံ တွေက ရွာထဲကိုကျလာပြီးတော့ ကလေးကိုသွားထိတာ” ဟု ၎င်းကဆိုသည်။

ထိုသို့လက်နက်ကျည်ထိမှန်မှုကြောင့် မောင်အူမိုဘာရို (၁၁)နှစ်တွင် ဘယ်ဘက်ပေါင်ရင်း၌ ဒဏ်ရာရရှိ သွားခဲ့ကာ ပြားချောင်းကျေးရွာရှိဆေးခန်း၌ သွားရောက်ဆေးကုသမှုခံယူခဲ့ရကြောင်း ရွာသားများထံမှ သိရသည်။

ပစ်ခတ်သံများထွက်ပေါ်ခဲ့သည့် သချိုင်းတောင်ပေါ်တွင် တပ်မတော်က တပ်စွဲနေထိုင်လျက်ရှိပြီး ယခု ကျည်ကျရောက်မှုရှိခဲ့သည့် စမ်းဘလေကျေးရွာနှင့် တစ်မိုင်ခန့်သာကွာဝေးကြောင်း ဒေသခံများကဆိုသည်။

စမ်းဘလေကျေးရွာသားများမှာ ယခုကဲ့သို့ပစ်ခတ်မှုများကို အမြဲလိုလိုခံရကြောင်းလည်း ကျေးရွာတာဝန်ခံ ဦးရွှေမောင်က ဆိုသည်။

“တပ်မတော်က နေ့အချိန်ဆိုလည်းပစ်တယ်၊ ညအချိန်ဆိုလည်း တစ်ညဉ့်လုံးပစ်တယ်။ တိုက်ပွဲမဖြစ်ရင်လည်း အမြဲပစ်တယ်။ ဒီလိုပစ်နေတဲ့အတွက် ကျည်တွေကရွာထဲကိုကျလာလိုက်၊ ရွာပြင်မှာကျလိုက်နဲ့ ကျနော်တို့ ရွာအတွက်အရမ်းစိုးရိမ်စရာကောင်းတယ်” ဟု သူကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း ကျည်ထိမှန်မှုကြောင့် စမ်းဘလေကျေးရွာမှ မွတ်ဆလင်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြသည်။

ရွာသားများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့ကို DMG ကဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာနှင့် ဖားပြို(ချင်း)ကျေးရွာအနီးတဝိုက်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

အောက်တိုဘာလ ၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့မှု အတွင်း ယင်းမြို့နယ် ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ကလေးနှစ်ဦးသေဆုံးမှုရှိခဲ့သည်။

ယင်းသို့သေဆုံးသွားသူများမှာ တပ်မတော်စစ်ကြောင်း၏ ခေါ်ဆောင်မှုကိုခံခဲ့ရသူများဖြစ်ကြောင်း ပြောဆို မှုများလည်းရှိနေပြီး ၎င်းတို့သေဆုံးမှုနှင့်ပတ်သက်၍ တပ်မတော်နှင့် AA တို့က နှစ်ဖက်အပြန်အလှန် စွပ်စွဲ ထားကြသည်။

တိုက်ပွဲအတွင်း ကလေးငယ်နှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး ယင်းကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှုများ လျင်မြန်စွာလုပ်ဆောင်ရန် အောက်တိုဘာ ၁၄ ရက်နေ့က ကုလသမဂ္ဂဦးဆောင်သော နိုင်ငံအဆင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေးအထူးတာဝန်အဖွဲ့(CTFMR)က တိုက်တွန်းထားသည်။

အဆိုပါ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ကလေးငယ်နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာလ ၂၄ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၏ ပထမသုံးလတွင် ပဋိပက္ခအတွင်း သေဆုံးသူ သို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရသူ ကလေးငယ် ၁၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၏ ထက်ဝက်ကျော်ရှိနေကြောင်းနှင့် ယင်းကိန်း ဂဏန်းမှာ ၂၀၁၈ ခုနှစ်တစ်နှစ်လုံးတွင် သေဆုံးဒဏ်ရာရခဲ့သည့် ကလေးသူငယ်စုစုပေါင်း အရေအတွက်ထက် သိသိသာသာကျော်လွန်နေကြောင်း CTFMR ၏ စာရင်းများအရသိရသည်။

ဗီဒီယိုများ