တစ်ပတ်အတွင်း ရခိုင်သတင်းများ

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု)

08 Sep 2021

Development Media Group (DMG)  

စက်တင်ဘာ ၁

■ သံတွဲမြို့တွင် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဓားဖြင့်ထိုးသတ်ခဲ့သည့် ဆယ်ကျော်သက်လူငယ် လေးဦးအပါအဝင် စုစုပေါင်းငါးဦးတို့ကို သံတွဲမြို့နယ်၊ ဂျိတ္တောနယ်မြေရဲစခန်းက ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
■ စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်မည့် (၈၂) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်အား အောက်မေ့ဖွယ်အခမ်းအနားကို စစ်တွေမြို့၌ အကျဉ်းရုံးပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့ ပန်းချီပညာရှင်များအသင်းထံမှ သိရသည်။
■ မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးကို စစ်ဆေးတွေ့ရှိရာတွင် ရခိုင်ပြည်က တစ်ဦးပါရှိခဲ့သည်။
■ ဂွမြို့နယ်တွင် သြဂုတ်လ ၂၅ ရက်နေ့က ဒေသန္တရအမိန့်တစ်ရပ်ထုတ်ပြန်ကာ ကိုဗစ်ကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းနေသော်လည်း တစ်ပတ်ခန့်ကြာသည့်တိုင် ပိုးတွေ့နှုန်းမှာ လျော့ကျမှုမရှိသေးကြောင်း သိရသည်။
■ ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် မိဘမဲ့ဖြစ်သွားရသော ကလေးငယ်များကို ကူညီစောင့်ရှောက်ပေးထားသည့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ “မေတ္တာရိပ်“ မိဘမဲ့ဂေဟာမှာ အကူအညီများ လိုအပ်နေလျက်ရှိသည်။

စက်တင်ဘာ ၂

■ မောင်တောမြို့နယ်၊ ပန်းတောပြင်မွတ်ဆလင်ကျးရွာတွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁ နာရီခန့်က လက်နက်ကိုင်ဆောင်ထားသူများ၏ တိုက်ခိုက်မှုကြောင့် ကျေးရွာသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကာ နှစ်ဦးမှာ ဓားဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရသည်။
■ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာအချို့တွင် နွားများ အရေပြားရောဂါ ဖြစ်ပွားမှုများရှိနေကြောင်း နွားမွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။
ဖမ်းဆီးတရားစွဲဆိုခံရပြီး တစ်နှစ်ခန့်ကြာသည်တိုင် အမိန့်မချနိုင်သေးသည့် ရခိုင်ကကျောင်းသားလေးဦးအတွက် ပညာသင်ကြားရေး နစ်နာမှုများရှိနေကြောင်း မိသားစုဝင်များနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများက ပြောဆိုသည်။
■ ဂွမြို့နယ်တွင်ထုတ်ပြန်ထားသော ဒေသန္တရအမိန့်ကိုမလိုက်နာဘဲ အပြင်ထွက်သူ ၂ ဦးအား ဖမ်းဆီးပြီး ထောင်ဒဏ် ၁ လစီချမှတ်ခဲ့သည်။

စက်တင်ဘာ ၃

■ ကျောက်တော်မြို့နယ်မှ ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေရသည့် တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးနှင့် နေအိမ်များအား ပြန်လည်တည်ဆောက်ပေးရေးတို့ကို ကြိုတင်ဆောင်ရွက်ပေးရန် တင်းမကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီက ပြည်နယ်စစ်ကောင်စီထံ တောင်းဆိုခဲ့သည်။
■ မောင်တောမြို့နယ်၊ ပဒင်း(မွတ်ဆလင်) ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ အဒူလာကိန်းဓါးမြအဖွဲ့ထံ ရက်ပေါင်း ၂၀ ခန့် ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်ငွေ ၃ သိန်း အာမခံဖြင့် စက်တင်ဘာလ ၃ ရက်နေ့ နံနက်အာရုဏ်တွင် လွတ်မြောက်လာကြောင်း သိရသည်။
■ စစ်တွေမြို့ပေါ်က ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု ၄၀၀ အတွက် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ပရဟိတလူငယ်အသင်း (Charity Youths Organization)နှင့် မရမာကြီးလူငယ်ကွန်ယက်(Maramagri Youth Network)တို့ပူးပေါင်းပြီး စက်တင်ဘာ ၃ ရက် နံနက်က ထောက်ပံ့ပေးအပ်ခဲ့သည်။
■ ဆေးဖက်ဝင်အပင်များမှတဆင့် တိုင်းရင်းဆေးဖော်စပ်ပြီး COVID-19 ကပ်ရောဂါအတွက် ဆေးဝါးအဖြစ်အသုံးပြုနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
■ သံတွဲမြို့၏ စက်တင်ဘာ ၃ ရက်နေ့ အပူချိန်သည် နှစ်ပေါင်း ရဝ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
■ ရခိုင်ပြည်မြို့တော် စစ်တွေမြို့ပေါ်နေရာအနှံ့အပြားတွင် ''ဖမ်းဆီးခံကျောင်းသားများနဲ့ အပြစ်မဲ့ ပြည်သူများကို ချက်ချင်းလွှတ်ပေး'' စာသားများအား ဆေးမှုတ်ကာ ကမ်ပိန်းတစ်ခုပြုခဲ့ကြသည်။
စက်တင်ဘာ ၄
■ အစိုးရမှဆောက်လုပ်ပေးထားသော ကျောက်တော်မြို့ပေါ်က နေပူခံစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအပြင် အဝတ်အထည် ပစ္စည်းများလည်း လိုအပ်နေကြောင်း ယင်းစခန်းရှိ ဒုက္ခသည်များက ပြောဆိုကြသည်။
■ ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ကာ ရက်အကန့်အသတ်မရှိ ရပ်ခဲ့ကြရပ်နားထားခဲ့သည့် ရခိုင်က ရေကြောင်းခရီးများကို တစ်ပတ်အတွင်း ခရီးစဉ်အားလုံး ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။
■ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော မျိုးရိုးဗီဇပြောင်း (Delta)ဒယ်လ်တာဗိုင်းရပ်စ်မှာ ကူးစက်နှုန်းမြန်ပြီး မိသားစုအတွင်း အစုလိုက်ကူးစက်ခြင်းဖြစ်ပွားစေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
■ ရခိုင်ပြည်၏ တစ်ခုတည်းသော ဆင်ဘေးမဲ့တောဖြစ်သည့် ရခိုင်ရိုးမဆင်ဘေးမဲ့တောရှိ တောဆင်ရိုင်းများကို ဆင်မုဆိုးများရန်မှ ကာကွယ်ရန်အတွက် ဘေးမဲ့တောအနီးတစ်ဝိုက်ရှိ ကျေးရွာ များမှဒေသခံများနှင့်ပူးပေါင်းကာ ကင်းလှည့်သွားမည်ဖြစ်ကြောင်း ဆင်နှင့်လူပဋိပက္ခလျှော့ချရေး စီမံကိန်းတာဝန်ခံ ဦးအောင်မျိုးနိုင်ကပြောခဲ့သည်။
■ မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ပြည်တွင်းစစ်မီးသည်လည်း ပိုမိုတောက်လောင်လာနေသည်ဟု တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA) မဟာမိတ်သုံးဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၅

■ ဂွမြို့နယ်၊ မကျေးငူကျေးရွာတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား ပထွေးဖြစ်သူမှ အဓ္ဓမပြုကျင့်သည့် သက်ငယ်မုဒိမ်းမှုအား အမှုပိတ်သိမ်းရာတွင် မပါဝင်စေရန် အကြောင်းကြားထားပြီး ဆက်လက် တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ကျူးလွန်ခံရသည့်ကလေး၏ မိခင်ကပြောခဲ့သည်။
■ စစ်တွေမြို့မှ ရန်ကုန်သို့သွားမည့် လေကြောင်းခရီးသည်များအား စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ကိုဗစ်ပိုးစတင်စစ်ဆေးရာ ၂ ဦးပိုးတွေ့ရှိကြောင်း သိရသည်။
■ ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်မှာ ပြီးခဲ့သည့်သြဂုတ်လအတွင်းက မိမိတို့အစီအစဉ်ဖြင့်နေရပ်ပြန်သွားကြကြောင်း သိရသည်။
■ စက်တင်ဘာလ ၅ ရက် ည ၆ နာရီခွဲတွင် မောင်တောမြို့၊ (၄)မိုင်ကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာအနီး၊ ကျီးကန်းပြင်သွားလမ်းတွင် လမ်းလျှောက်လာသူ ဒေါ်နုနု(ခ)ချေချေ (၃၃ နှစ်)နှင့် မောင်လှသိန်း (၄၁ နှစ်)တို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ ဒေါ်နုနု(ခ)ချေချေ လွယ်ထားသော လက်ကိုင်အိတ်အတွင်းမှ ကျပ်သိန်း ၂ဝဝ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
■ စစ်တွေမြို့တွင် ညအချိန် စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်ရောက် စစ်ဆေးရာမှ ကိုဗစ်စည်းကမ်းကိုမလိုက်နာသူ အမျိုးသား အမျိုးသမီး ၃၂ ဦးကို ဖမ်းဆီးပြီး အရေးယူထားသည်ဟု ပြည်နယ်စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၆

■ ရခိုင်ပြည်အတွင်းက ပြည်သူများထဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှု အခြေအနေကို သိရှိနိုင်ရန်အတွက် ကျပန်းအနေဖြင့် ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများပြုလုပ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
■ စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းကို မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြည်နယ်ကောင်စီမှ စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။
■ ကျောက်တော်မြို့နယ် ကျားနက်ကန်ကျေးရွာအုပ်စု လိပ်မ(ကံချေပြင်)ကျေးရွာ၌ စက်တင်ဘာလ ၆ ရက်နေ့ ရ နာရီခန့်တွင် သားက ဖခင်ကို ဓားဖြင့်ခုတ်၍ ဖခင်ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
■ ရခိုင်ရှေးဟောင်းသမိုင်းဝင် မင်းနေပြည်တော်တစ်ခုဖြစ်သည့် မြောက်ဦးမြို့ကို တည်ထောင်ခဲ့သော နှစ်ပေါင်း ၅၉၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ဦးမြို့ လေးမျက်နှာပုထိုးတွင် စက်တင်လာလ ၆ ရက်နေ့ညက ဆီမီးထွန်းပူဇော်ခဲ့ကြသည်။
■ စစ်တွေမြို့အဝင်ရှိ အဝေးပြေးကားဂိတ်ရှေ့မှ လမ်းဘေးဈေးဆိုင်တန်းများသည် မြို့အင်္ဂါရပ်နှင့်မညီဟုဆိုကာ စက်တင်ဘာလ ၆ ရက် ညနေ ၅ နာရီခန့်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဖြိုဖျက်ခဲ့သည်။

စက်တင်ဘာ ၇

■ ရခိုင်ပြည်တွင် ကိုဗစ်ရောဂါကူးစက်မှု လျော့နည်းလာသော်လည်း ရောဂါပိုးကူးစက်မှုများ တွေ့ရှိနေဆဲဖြစ်သည့်အတွက် ပြည်သူလူထုများအနေဖြင့် မပေါ့ဆရန်နှင့် မိမိအသိစိတ်ဖြင့်နေထိုင်ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က အသိပေးပြောကြားခဲ့သည်။
■ ရက္ခိုင့်တပ်တော်(AA)မှ ရဲသင်တန်း၊ အုပ်ချုပ်ရေးသင်တန်းများ ပေးမည့်ကိစ္စများကို လက်မခံကြရန် ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်၍ပြောကြားခဲ့ကြောင်း ယင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
■ မျိုးရိုးဗီဇကွဲ ကိုဗစ်တွေ့ရှိသူ ၁၅ ဦးထဲတွင် စစ်တွေမြို့နယ်မှတစ်ဦးပါဝင်ခဲ့ပြီး ၎င်းမှာကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောကြားခဲ့သည်။
■ ကိုဗစ်ရောဂါ ဒုတိယလှိုင်းနှင့် တတိယလှိုင်းနှစ်ခုလုံးတွင် လုပ်ငန်းရပ်နားထားရသည်အထိ ထိခိုက်မှုများခဲ့သော ရခိုင်ပြည်အတွင်းမှ ကျော့ပိုက် (ဝိုင်းပိုက်)လုပ်ငန်းများအနေဖြင့် စက်တင်ဘာလကုန်တွင်စတင်မည့် ကျော့ပိုက် လုပ်ငန်းရာသီတွင် လုပ်ငန်းစတင်နိုင်ရန် မျှော်လင့်နေကြသည်။
■ စက်တင်ဘာလ ၉ ရက်တွင် ကျရောက်မည့် ဆရာတော်ဦးဥတ္တမနေ့တွင် ပြည်သူများအနေဖြင့် ဆရာတော့်ရုပ်တုကို ကိုဗစ်စည်းကမ်းနှင့်အညီ ပန်းခွေချမည်ဆိုပါက ခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောခဲ့သည်။
■ မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်၌ အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၈ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။
■ စစ်တွေမြို့သို့ လေကြောင်းဖြင့်လာရောက်သည့် ခရီးသည်များကို ကိုဗစ်ပိုး ရှောင်တခင်စစ်ဆေးရာတွင် သံတွဲမှလိုက်ပါလာသည့် ခရီးသည်တစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
■ ဂွမြို့နယ်ဆေးရုံကြီးတွင် စက်တင်ဘာ ၇ ရက်နံနက် ၆ နာရီခွဲခန့်က ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးသွားခဲ့သဖြင့် လက်ရှိတွင် ရခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ကိုယ်ဝန်ဆောင် ၄ ဦး အထိရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
■ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဗိန္ဓောဆေးဆရာ ဦးလှကြာအောင်၏နေအိမ်အား စက်တင်ဘာ ၇ ရက်နေ့ နံနက် ၁ နာရီခန့်တွင် သေနတ်များကိုင်ဆောင်ထားသည့် လူ(၅)ဦးက ဓားပြတိုက်သွားခဲ့သည်။

ဗီဒီယိုများ