တစ်ပတ်အတွင်း ရခိုင်သတင်းများ

ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့ရှိသူ မြင့်တက်လာနေသည့်အပြင် အိမ်နီးချင်းနိုင်များငံများတွင်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းအား ခေတ္တပိတ်ထားနိုင်ရန် ပြည်နယ်စစ်ကောင်စီအနေဖြင့် ဆောင်ရွက်သွားမည်ဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောဆိုခဲ့သည်။

08 Jul 2021


(၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှ ၇ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု)
DEVELOPMENT MEDIA GROUP

ဇူလိုင် ၁
■ မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ဆရာမလေးဦး တာဝန်ကျရာ စာသင်ကျောင်း ၂ ကျောင်းနှင့် စာသင်ခန်း ၂ ခန်းတို့ကို ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားလိုက်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
■ ရခိုင်ပြည်၊ မင်းပြားမြို့မှ အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည်။
■ ရခိုင်ပြည်၊ မောင်တောမြို့ရှိ ကညင်ချောင်းစီးပွါးရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိလာသဖြင့် ကုန်သွယ်မှုပြုရာ၌ အခက်အခဲများစွာကြုံတွေ့နေကြရကြောင်း ကူးသန်းရောင်းဝယ်ရေး ပြုလုပ်နေကြသူများက ဝေဖန်နေကြသည်။
■ ရခိုင်ပြည် မောင်တောမြို့တွင် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ ရောက်ရှိလာသည့် လဝက၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း လူ ၉၃ ဦးတို့တွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်။
ဇူလိုင် ၂
■ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ နယ်ခြားစောင့်ရဲဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း ၁၆၀ ဦးထံ၌ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သည်။
■ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့ လေးဦးကို ဇူလိုင်လ ၂ ရက်နေ့က ကိုဗစ်ကြောင့် ရုံးမထုတ်ခဲ့သော်လည်း ဘေး/စီမံ အမှုမှ လိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့သည်။
■ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာမှ ဦးမောင်ခင်သန်းနှင့် ဦးဇော်ထွန်းတို့နှစ်ဦးမှာ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၄ နာရီခန့်က ဆားသည်မချောင်းတွင် ပိုက်ချ၍ ငါးရှာနေစဉ် ဓားပြတိုက်ခံခဲ့ရပြီး ဟွန်ဒါစက်တစ်လုံး၊ ဖုန်းတစ်လုံးနှင့် ပစ္စည်းတချို့ လုယက် ယူဆောင်သွားခြင်း ခံခဲ့ရသည်။
■ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင်  အမှိုက်ပစ်မည့်နေရာ မရှိသည့်အတွက် အမှိုက်များကို ကမ်းထောင်းကြီးချောင်းတလျှောက် စည်းကမ်းမဲ့ ပစ်နေကြရကြောင်း ဒေသခံများက ပြောသည်။
■ ရခိုင်ပြည်အတွင်း အဝေးပြေးလမ်းမအချို့ကို ပြုပြင်ရန်နှင့် လမ်းများပျက်စီးနေခြင်း၊ တံတားများ ခိုင်ခံ့မှုအားနည်းခြင်းတို့ကြောင့် မိုးရာသီကာလအတွင်း ရခိုင်ပြည်သို့ ဝင်ရောက်လာမည့် ကားများကို ယာဉ်နှင့်ကုန်ပစ္စည်းပေါင်း၍ ၁၆ တန်အထိသာ ခွင့်ပြုတော့မည်ဟု သံတွဲခရိုင် လမ်းတံတားဦးစီးဌာနမှ သိရသည်။
■ တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနှင့် မင်းပြားမြို့နယ် ဖားပြိုကျေးရွာရှိ နေအိမ်များကို ပြည်နယ်စစ်ကောင်စီ၏ အကူညီဖြင့် ပြန်လည်ဆောက်လုပ်နေသည်။
■ ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ ဆင်ခေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးဦး ၄၂ နှစ်မှာ နေအိမ်၌အိပ်နေစဉ် ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် လူ ၈ ဦးပါဝင်သည့် လူတစ်စုမှ လာရောက်ကာ ၎င်းတို့နှင့်လိုက်ရန် ခေါ်ဆောင်ရာမှ အချင်းများကြပြီး ဓါးဒဏ်ရာ ၈ ချက်ဖြင့် သေဆုံးသွားခဲ့သည်။
■ အမ်းမြို့နယ်တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄  အား ဇူလိုင်လ ၂ ရက်နေ့မှစ၍ နှစ်လကြာ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် Covid-19 ကူးစက်မှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးတို့အတွက် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် အကြောင်းကြားသည့်စာအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၃
■ ရခိုင်ပြည်၊ မောင်တောမြို့၌ ဇူလိုင်လ ၃ ရက်နေ့က ကိုဗစ်အတည်ပြုလူနာသစ် ၂၀ ဦး ထပ်တိုး ခဲ့ပြီး ယင်းအထဲမှ ဆီးချို၊သွေးတိုး ရောဂါအခံရှိသူတစ်ဦးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးတို့  သေဆုံးသွားခဲ့ကြောင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံမှ သိရသည်။
ဇူလိုင် ၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၅ ဦးနှင့် ကွာရန်တင်းထားရှိသူ ၂၇ ဦးတို့မှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဇူလိုင်လ ၄ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။
■ ကျောက်ဖြူမြို့နယ် ဝါးတောပြင်ကျေးရွာ အ.မ.က ကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးနှင့် ယင်းဆရာမ၏ ညီမဖြစ်သူတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
စစ်ဘေးရှောင်ကျောင်းသူ/သားများကို ပညာသင်ကြားပေးနေသည့် တောင်ကုတ်မြို့မှ မဟာကရုဏာတော် ပညာရေးဖောင်ဒေးရှင်းတွင် စားသောက်ရေးနှင့် ကျောင်းသို့ သွားရေးလာရေး အခက်အခဲများရှိနေ၍ အလှူရှင်များလိုအပ်နေကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဇူလိုင် ၅
■ ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့ရှိသူ မြင့်တက်လာနေသည့်အပြင် အိမ်နီးချင်းနိုင်များငံများတွင်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းအား ခေတ္တပိတ်ထားနိုင်ရန် ပြည်နယ်စစ်ကောင်စီအနေဖြင့် ဆောင်ရွက်သွားမည်ဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောဆိုခဲ့သည်။
■ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ကိုလှိုင်မင်းထွန်း (ခ) သားကြီးနှင့် ကိုဇာနေထူးတို့ တောင်ကုတ်ဒေသခံသုံးဦးကို စွဲဆိုထားသည့် ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) အမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၅ ရက်နေ့က တရားလိုပြသက်သေနှစ်ဦးကို တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
■ ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က သံတွဲ-တောင်ကုတ်ကားလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မိုးပညာဒါန ပရဟိတကျောင်း ဥက္ကဌ ကိုအောင်လှိုင်ဝင်း အပါအဝင် လူငယ် ရ ဦးကိစ္စကို ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက သိရှိမှုမရှိဟု ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောဆိုခဲ့သည်။
■ မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူအရေအတွက်မှာ ယခင်ဖြစ်ပွားခဲ့သည့် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကာလများထက် အရေအတွက်များလာသည့်အတွက် မပေါ့ဆရန် ဇူလိုင် ၅ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ထုတ်ပြန်သည်။
■ ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဇူလိုင် ၅ ရက်နေ့က COVID-19 ရောဂါပိုးတွေ့ရှိသူ (၃) ဦးရှိခဲ့ပြီး ဇူလိုင် (၅)ရက်နေ့ ညနေပိုင်းအထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၅၀၉ ဦးအထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ သိရသည်။
■ မောင်တောမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်ရောဂါပိုးစစ်ဆေးခဲ့ရာ နယ်ခြားစောင့်ရဲဝန်ထမ်း ၃၀ ကျော်၌ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။
ဇူလိုင် ၆
■ တေးသံရှင် ထူးအယ်လင်းနှင့်အဖွဲ့သည် ရခိုင်စစ်ဘေးရှောင်များကို ကူညီရန်အတွက် ရခိုင်သို့ ဇူလိုင် ၆ ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့ဖြစ်ပြီး ရခိုင်ပြည်ရှိ ဆိုင်ကယ်ချစ်သူများအဖွဲ့နှင့် ချိတ်ဆက်ကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူကပြောခဲ့သည်။
■ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်က ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးမှာ ဇူလိုင်လ ၆ ရက်နေ့ ည ၉ နာရီအချိန်တွင် သေဆုံးသွားခဲ့သည်။
■ ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲတို့တွင် ဇူလိုင်လ ၆ ရက်နေ့၌ ကိုဗစ်အတည်ပြုလူနာ (၆) ဦး တွေ့ရှိကြောင်း ဂွမြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဂွပြည်သူ့ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စံက အတည်ပြုပြောကြားခဲ့သည်။
■ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာမှ ဦးကျော်သန်းမောင် အသက်(၄၃)နှစ်rSm ဇူလိုင်လ ၆ ရက် ညနေ ၅ နာရီအချိန်ခန့်က မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့သည်။
■ ရခိုင်ပြည် စစ်တွေမြို့ မင်းဂံအကွက် (၁၇) ဝိဘဇ္ဇွဝါဒီ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း အမှတ် (၁) တွင် နေထိုင်သည့် ကျောက်တော်မြို့နယ် အောက်မွန်ထောက်ကျေးရွာမှ အသက် (၄၀) အရွယ် ဦးနန်းဦးကျော်နှင့် အသက်( ၃၀ ) အရွယ် ဒေါ်သန်းနုစိန်တို့ ဇနီးမောင်နှံနှစ်ဦးမှာ ငါးပူတင်းကို စားမိရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး ဇူလိုင် (၆) ရက် ည ၁၀ နာရီကျော်ခန့်တွင် သေဆုံးခဲ့ကြသည်။ အလားတူ အဆိုပါ ငါးပူတင်းကို စားသောက်မိခဲ့ကြသည့် စစ်ဘေးရှောင် ကလေးငါးဦးနှင့် လူကြီးနှစ်ဦးမှာလည်း စစ်တွေမြို့ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူခဲ့ရသည်။
■ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားသည့် ရခိုင်ပြည်တွင် ဇူလိုင်လ ၆ ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ကျောင်းဆရာမ ၈ ဦးနှင့် ကျောင်းသားကျောင်းသူ ၁၃ ဦး စုစုပေါင်း ၂၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
■ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းတစ်ခုကို ဇူလိုင်လ ၆ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့သည်။
ဇူလိုင် ၇
■ မြောက်ဦးမြို့တွင် COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးရှိ ဟင်းသီး၊ ဟင်းရွက်ဈေးတန်းနှင့် အသားငါးဈေးတန်းကို ဇူလိုင် ၇ ရက်နေ့မှစတင်ပြီး ဆေးရုံအဟောင်းအနီးရှိ ဝရစ်တောကွင်းသို့ ပြောင်းရွေ့ခဲ့ကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
■ ရခိုင်ပြည်တွင် ယခုနှစ် ၂၀၂၁ ဇန်နဝါရီလမှ  ဇူလိုင် ၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၂၁၄) ဦးအထိ ရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
■ ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ရ ရက်နေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင် ၈ ဦး အပါအဝင် ၁၅ ဦး၌ ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့သည်။
■ ရခိုင်ပြည်၊ စစ်တွေမြို့၊ မြို့မ ဈေးကြီးတွင် ကိုဗစ်စည်းကမ်းနှင့်အညီ မရောင်းချပါက Lockdown ချမည်ဟု စစ်တွေမြို့ရှိ မြို့မဈေးကော်မတီနှင့် မြို့နယ်စည်ပင်တို့က ညှိနှိုင်းထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ