တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု

 မြန်မာစစ်တပ်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ)၊ ၅၀(ည) တို့နှင့် တရားစွဲဆိုထားသည့် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ကမာကျေးရွာမှ ကိုအောင်နိုင်စိုး၊ ချက်ဖေါက်ကျေးရွာမှ ကိုဌေးမောင်၊ ကိုနေရဲဝင်း(ခ)ငမော့၊ ကိုကျော်တင်အောင်၊ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်၊ လမူးကျေးရွာမှ ကိုစံချစ်အောင်၊ ကိုလှသန်းမောင်တို့၏ အမှုအား ပြန်လည်ရုပ်သိမ်းပေးရန် မိသားစုဝင်များက တောင်းဆိုခဲ့ကြသည်။

08 Jun 2021

(၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)

ဇွန် ၁
 သံတွဲမြို့၏ ကျေးလက်ဒေသများတွင် ညအိပ်ဧည့်သည်ရောက်ရှိပါက ဧည့်စာရင်းတိုင်ကြားရမည်ဟု မြို့နယ်စစ်ကောင်စီမှ စာစောင်များကပ်ကာ အသိပေးကြေညာခဲ့သည်။
 ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို ပြီးခဲ့သည့် မေလ အတွင်းက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောခဲ့သည်။
 ဘင်္ဂလားဒေ့ရှ်မှ စစ်တွေသို့ပြန်လာသည့် အမျိုးသား ၃ ဦးတွင် ဇွန်လ ၁ ရက်နေ့က ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့သဖြင့် ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ကူးစက်ခံရသူ ၁၆ ဦးထိ ရှိလာသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
 အခြေံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့သည့် ဇွန်လ(၁)ရက် နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ကျောင်းတက်ခဲ့သည့် ကျောင်းသား/ကျောင်းသူ ဦးရေမှာ ၃၅၈,၉၃၁ ဦးရှိကြောင်း သိရသည်။
 ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ဓမ္မာစာရိယစာမေးပွဲကို ဇွန်လ ၁ ရက်နေ့က စတင်ကျင်းပနေရာ သံဃာတော်နှင့်သီလရှင် အပါး၄ဝဝကျော်ဝင်ရောက်ဖြေဆိုနေကြောင်း သိရသည်။
ဇွန် ၂
 ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၈ ဦးအမှုအား တရားလိုဖြစ်သူက အမှုကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း လွှတ်ပေးခဲ့ခြင်းမရှိဘဲ ဇွန်လ ၉ ရက်နေ့သို့ ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့သည်။
 ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ နဂါရာကျေးရွာအုပ်စု ပေါက်တော (မွတ်ဆလင်) ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ် ၉ ဦးသေဆုံးပြီး လူပေါင်း ၂၀၀ ကျော်ထိ ကူးစက်ခံခဲ့ရကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
 ဘဏ်မှ ငွေကြေးထုတ်ယူရာတွင် အဆင်မပြေမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်း မြင့်တက်လာမှုကြောင့် ရခိုင်ပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်တွေ့နေကြရကြောင်း ရခိုင်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။
 ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ညမထွက်ရအမိန့်ကို နောက်ထပ် နှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း (၁၄) ကြိမ်မြောက်အဖြစ် ဇွန်လ ၂ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
ဇွန် ၃
 စစ်တွေမြို့တွင် ကုန်တင်ယာဉ်ကြီးများကို ရွှေပြည်သာရပ်ကွက်ရှိ တည်ဆောက်ဆဲ ရွှေပြည်သာကားကြီးဝင်းသို့ ယာယီပြောင်းရွှေ့ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။
 ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ရခိုင်ပြည်၊ မောင်တောမြို့မှ ပြန်ပေးဆွဲမှုဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးအား ဖမ်းဆီးရမိထားကြောင်း ဒေသအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။
 ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် အမှုများအား ပြန်လည်ရုပ်သိမ်းပေးရန် အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ တရားလိုများဘက်မှ ရုပ်သိမ်းလွှာတင်ထားကြောင်း သိရသည်။
ဇွန် ၄
 ရခိုင်ပြည် မောင်တောမြို့နယ် အောင်ဇေယျကျေးရွာရှိ ရေကန်၌ တောဆင်ရိုင်း ၄ ကောင်မှာ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရွံ့များဖြင့်နှစ်မြုပ်ခဲ့ရာ ဒေသခံပြည်သူများ ဝန်းဝိုင်းကယ်တင်ခဲ့မှုကြောင့် လွတ်မြောက်သွားခဲ့ကြသည်။
 မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် အသက် ကိုးနှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဇွန်လ ၄ ရက်နေ့က အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည်။ ပြုကျင့်သူမှာ ယင်းစခန်းတွင်နေထိုင်သည့် ဦးကျော်နိုင်မိုးဆိုသူဖြစ်ပြီး မုန့်ဝယ်ကျွေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် အဓမ္မ ပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
 ဇွန်လ ၄ရက်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ပတ်လမ်းက တံတားပေါ်တွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုဖြစ်ပွားပြီး စံပြရပ်ကွက်မှ မောင်စိုးဝင်းနိုင် (၂၂)နှစ်၊ မောင်နိုင်နိုင်ထွန်း (၂၂) နှစ်၊ မောင်ဦးကျော်ညွှန့် (၂၅) နှစ်နှင့် မောင်မောင်ချေ (၂၇) နှစ်တို့ လေးဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသည်။
ဇွန် ၅
 ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါန ပရဟိတအသင်း ဥက္ကဌ ကိုအောင်လှိုင်ဝင်းအပါအဝင် (၇) ဦးကို ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်မှ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များကပြောဆိုသည်။
 ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် မွတ်ဆလင်မိသားစု (၆)ဦးအား ဖမ်းဆီးရမိခဲ့သည်။
 ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်တွင် မိုးစပါးစိုက်ပျိုးသည့် လယ်ဧက ဆယ်သိန်းကျော်ရှိသည့်အနက် လယ်ဧက ခြောက်သောင်းကျော်မှာ မစိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။
 ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်ကျေးရွာအုပ်စု၊ ရမ်းပေါက်ကုန်ဘောင်ကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် အမျိုးအဆွေရွာလည်ပွဲကို ဇွန်လ ၅ ရက်နေ့က စတင်ကျင်းပခဲ့ရာ လူပေါင်း ငါးထောင်ခန့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
 ဇွန်လ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) နေ့ အထိမ်းအမှတ်ဖြစ် Green Sittwe အဖွဲ့ကဦးဆောင်ပြီး စစ်တွေမြို့ ကိုးရီယားဆိပ်ကမ်း(BXT)တစ်လျှောက်တွင် အမှိုက်ကောက်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
ဇွန် ၆
 မြန်မာစစ်တပ်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ)၊ ၅၀(ည) တို့နှင့် တရားစွဲဆိုထားသည့် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ကမာကျေးရွာမှ ကိုအောင်နိုင်စိုး၊ ချက်ဖေါက်ကျေးရွာမှ ကိုဌေးမောင်၊ ကိုနေရဲဝင်း(ခ)ငမော့၊ ကိုကျော်တင်အောင်၊ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်၊ လမူးကျေးရွာမှ ကိုစံချစ်အောင်၊ ကိုလှသန်းမောင်တို့၏ အမှုအား ပြန်လည်ရုပ်သိမ်းပေးရန် မိသားစုဝင်များက တောင်းဆိုခဲ့ကြသည်။
 အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဆလင်အရေးဆောင်ရွက်ရန် စီစဉ်နေမှုအား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေဖြင့် လက်မခံနိုင်ကြောင်း ဇွန်လ ၆ ရက်နေ့က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဇွန် ၇
 ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ယာစ်မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် ကိုယ်ထူကိုယ်ထစိုက်ပျိုးထားသည့် ဒီရေပင်တစ်သိန်းကျော်ထဲမှ တစ်ထောင်ကျော်ပျက်စီးသွားကြောင်း ဒီရေပင်စိုက်ပျိုးနေသူများထံမှ သိရသည်။
 ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ကျပ်သန်းပေါင်း ၁၂,၀၀၀ ခန့် အကုန်အကျခံ ဆောက်လုပ်ထားသည့် ရာမောင်မြစ်ကူးတံတားသစ်အား ဇွန်လ ၇ ရက်နေ့ ညနေ ၃ နာရီခန့်မှစတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုခဲ့သည်။
 ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ နိုင်ငံရေးသိပ္ပံနှင့် အခြားလူ့အခွင့်အရေးဆိုင်ရာ၊ အမျိုးသမီးအခွင့်အရေးနှင့် ဖက်ဒရယ်ရေးရာတို့ကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပရဟိတလူငယ်အသင်းအဖွဲ့များက သင်ကြားပေးနေကြောင်း သိရသည်။

ဗီဒီယိုများ