မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တစ်နေ့တည်းတွင် တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့

ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ယနေ့(သြဂုတ်လ ၂ ရက်) နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

02 Aug 2022

DMG ၊ ဩဂုတ် ၂

ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ယနေ့(သြဂုတ်လ ၂ ရက်) နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝမြို့၊ အရှေ့ဘက် ကင်းချောင်းရွာနှင့် သူဌေးကုန်းတောင်(နွားတောင်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပေါက်ကွဲသံများ၊ လက်နက်ငယ်ပစ်ခတ်သံများကြားရကြောင်း ပလက်ဝဒေသခံတစ်ဦးက ဆိုသည်။

“ဒီနေ့မနက် ၁၀ နာရီကတည်းက ကင်းချောင်းရွာနားကနေ လက်နက်ကြီးရော လက်နက်ငယ်ရော ဆက်တိုက်ပစ်နေပါတယ်။ မနက်ကတည်းနေ ပစ်နေကြတာ၊ အခုထိ တိုက်ပွဲကမပြီးသေး ပါဘူး။ အခုချိန်ထိ အချက် ၆၀ လောက်ရှိပါပြီ”ဟု ၎င်းက ညနေ သုံးနာရီခန့်တွင်ပြောသည်။

ထို့ပြင် ယနေ့နံနက် ၁၀ နာရီနှင့် ၁၁ နာရီကြားတွင်လည်း မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင်အမှတ် ၄၀ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားလိုက်ရကြောင်း မီးတိုက်ကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

“တိုက်ပွဲဖြစ်တာက ၁၀ နာရီ ၁၁ နာရီကြားမှာဖြစ်ကြတာ။ လက်နက်ကြီးအသံ ၆ ချက်လောက်ကြားလိုက်တယ်။ ၅ မိနစ်ခြားတခါ လက်နက်ကြီးတွေပစ်တယ်။ နာရီဝက်လောက်ပစ်ခဲ့တယ်။ မိုင်တိုင် ၄၀ ဘက်ကိုပစ်တာပါ“ဟု သူကပြောသည်။

မိုင်တိုင် ၄၀ နှင့် အနီးစပ်ဆုံးကျေးရွာများမှာ မီးတိုက်ကျေးရွာ၊ သင်္ဘောလှကျေးရွာ၊ မင်းခမောင်း၊ မင်္ဂလာညွန့်ကျေးရွာ၊ တမန်းသားကျေးရွာတို့ရှိပြီး မီးတိုက်ကျေးရွာနှင့် အနီးဆုံးဖြစ်ကာ ၄ မိုင်ခန့်သာ ကွာဝေးသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG ဆက်သွယ်နေဆဲဖြစ်ပြီး ပြည်နယ်စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လ(၁၈)ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း(ရခိုင်)ရွာအကြား၌ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တို့ပူးပေါင်းထားသော တပ်ဖွဲ့အား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ကာ မြန်မာစစ်တပ်ဘက်က ကျဆုံးမှုရှိခဲ့ကာ နယ်ခြားစောင့်ရဲ ၁၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

ရက္ခိုင်ဒေသအတွင်း၌ မြန်မာစစ်တပ်သည် စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်၍ မိဘပြည်သူများအနေဖြင့် သတိထားသွားလာကြရန်နှင့် စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော်က ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ