နေရပ်စွန့်ခွာ မွတ်ဆလင် ၂၆ ဦး မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်

တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသူများထဲမှ မွတ်ဆင်လင် ၂၆ ဦးသည် မိမိသဘောဆန္ဒ အလျှောက် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

25 Sep 2019

ချလူးအောင် | DMG

စက်တင်ဘာ ၂၅ ၊ မောင်တော

တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသူများထဲမှ မွတ်ဆင်လင် ၂၆ ဦးသည် မိမိသဘောဆန္ဒ အလျှောက် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“ဟုတ်ပါတယ် မိမိဆန္ဒအလျှောက်ဝင်လာတာပါ။ ငါးခူရစခန်းက ဝင်ရောက်လာတာပါ” ဟု ၎င်းကဆိုသည်။

ယခု ပြန်ဝင်လာသူများမှာ ဦးရှည့်ကျကျေးရွာမှ ၁၃ ဦး၊ ကြက်ရိုးပြင်ကျေးရွာမှ ၁၁ ဦး၊ ကပ္ပကောင်းကျေးရွာမှ ၁ ဦးနှင့် မျှော့တောင်ကျေးရွာမှ ၁ ဦးတို့ဖြစ်ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်မောင်တောခရိုင်၌ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရု်နိုင်ငံသို့ လူဦးရေ ၇ သိန်းကျော် ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ထိုသို့ နေရပ်စွန့်ခွာသွားသူများကို နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၉ ခုနှစ် သြဂုတ်လတို့တွင် စီစဉ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ ပြန်လည် လက်ခံရေးအရ ပြန်လည်ဝင်ရောက်လာခြင်းမရှိခဲ့ပေ။

သို့သော် နေရပ်စွန့်ခွာသွားသူများထဲမှ မိမိဆန္ဒသဘောအလျှောက် ပြန်လည်ဝင်ရောက်လာသူများကို မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံထားရာ စုစုပေါင်း ၂၇၀ ကျော်ရှိပြီဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ယင်းသို့ ဝင်ရောက်လာသူများကို UEHRD လုပ်ငန်းစဉ်အရ စီစစ်လက်ခံခဲ့ပြီး ၎င်းတို့ဆန္ဒရှိက NV Card ထုတ်ပေးခြင်း၊ မူလနေထိုင်ရာနေရာများသို့ ပို့ဆောင်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ