KNDF ကို AA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က ကူညီပေးသွာမည်ဟုဆို

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ကို ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်ကြသော ရက္ခိုင့်တပ်တော်(AA)၊ တအဲာန်း(TNLA)နှင့် ကိုးကန့်(MNDAA)တို့က တတ်နိုင်သလောက်အကူအညီများ ပံ့ပိုးပေးသွားမည်ဟု ယနေ့(မေလ ၃၁ ရက်)နေ့တွင် ထုတ်ပြန်လိုက်သည်။

31 May 2022

DMG ၊ မေ ၃၁

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ကို ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်ကြသော ရက္ခိုင့်တပ်တော်(AA)၊ တအဲာန်း(TNLA)နှင့် ကိုးကန့်(MNDAA)တို့က တတ်နိုင်သလောက်အကူအညီများ ပံ့ပိုးပေးသွားမည်ဟု ယနေ့(မေလ ၃၁ ရက်)နေ့တွင် ထုတ်ပြန်လိုက်သည်။

“စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖြုတ်ချဖို့ နွေဦးတော်လှန်ရေးထဲတွင်ပေါက်ဖွားလာသည့် အဖွဲ့များထဲမှ တစ်ခုဖြစ်သော KNDF အဖွဲ့သည် ကရင်နီလူမျိုးသားများ၏ ဒေသကာကွယ်ရေးကို စောင့်ရှောက်နေသည့်အဖွဲ့ဖြစ်ကြောင်း”နှင့် ယနေ့ မေလ ၃၁ ရက်နေ့မှာကျရောက်သော KNDF ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာတွင် ဖော်ပြထားသည်။

KNDF သည် ကရင်နီလူမျိုးများ၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့အပါအဝင် အခြားသောလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ယုံကြည်မှု၊ အားပေးမှု၊ ပံ့ပိုးကူညီမှုများရရှိထားကာ တစ်နှစ်တာကာလအတွင်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်တွင် ရှိသင့်ရှိထိုက်သည့် လက်နက်၊ လူအင်အားဖြင့်တည်ဆောက်နိုင်ခြင်း၊ စုဖွဲ့မှုကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခြင်း၊ ရန်သူများကိုဒချေမှုန်းတိုက်ပွဲဝင်နိုင်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများ တည်ထောင်နိုင်ခြင်းအပါအဝင် ထိုက်သင့်သည့် စစ်ရေးအတွေ့အကြုံရရှိထားသော အဖွဲ့အစည်းလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်ကောင်စီကအာဏာသိမ်းခြင်းကို တုံ့ပြန်သည့် အနေဖြင့် ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် စစ်အစိုးရနှင့် KNDF အကြား တိုက်ပွဲအရှိန်ပြင်းထန်နေကြသည်။

အလားတူ စစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကိုလည်း ဝန်းရံကာ အကူအညီများပေးသွားမည်ဟု ဧပြီလ ၁၇ ရက်နေ့တွင်ကျရောက်သော BPLA တစ်နှစ်ပြည့်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့မှ သဝဏ်လွှာပေးပို့ထားသည်။

ညီနောင်သုံးဖွဲ့မှာ လက်ရှိစစ်ကောင်စီမှ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခြင်းမရှိဘဲ ၎င်းတို့၏ဒေသများတွင်လည်း စစ်ရေးတင်းမာလျက်ရှိကြသည်။

ဗီဒီယိုများ