စစ်ကောင်စီ၏လုပ်ရပ်များကို သည်းမခံနိုင်ပါက ရခိုင်တွင် စစ်ပွဲဖြစ်ပွားလာနိုင်ဟု AA ပြော

ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေး၊တရားစီရင်ရေးကိစ္စများကို စစ်ကောင်စီဘက်က အနှောင့်အယှက်ပေးလာနေသောကြောင့် သည်းမခံနိုင်သည့်အနေအထားရှိလာလျှင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာနိုင်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။

05 Apr 2022

DMG ၊ ဧပြီ ၅

ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေး၊တရားစီရင်ရေးကိစ္စများကို စစ်ကောင်စီဘက်က အနှောင့်အယှက်ပေးလာနေသောကြောင့် သည်းမခံနိုင်သည့်အနေအထားရှိလာလျှင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာနိုင်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။

ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်များတွင်ရှိသည့် နယ်မြေတရားရုံးအနီးအနားတို့တွင် မြန်မာစစ်တပ်ဘက်က ဝင်ရောက်ရှာဖွေစစ်ဆေးမှုများရှိနေသည့်အပြင် တရားရုံးအနီးအနားတို့တွင်လည်း စစ်ကြောင်းလှုပ်ရှားမှုများလည်းရှိသည်ဟု ဦးခိုင်သုခကဆိုသည်။

“ULA တရားရုံးမှာတိုင်ရင် ဥပဒေအရအရေးယူမယ်ဆိုပြီးတော့ ပြည်သူတွေကိုခြိမ်းခြောက်တာတွေ တွေ့နေရပါတယ်။ ကျနော်တို့အနေနဲ့ စကစဘက်က ဒီလိုမျိုးဆက်တိုက်လှုပ်ရှားနေတာကို အထူးသတိထားစောင့်ကြည့်နေပါတယ်။ သည်းမခံနိုင်တဲ့အနေအထားမှာ ထိပ်တိုက်တွေ့မှုတွေဖြစ်ပွားလာနိုင်ပြီးတော့ ရခိုင်မှာ စစ်ပွဲတွေဆက်တိုက်ဖြစ်သွားနိုင်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီဘက်က ထိုသို့ခြိမ်းခြောက်မှုများရှိနေသော်လည်း ပြည်သူများဘက်က အမှုများ ဆက်လက်တိုင်တန်းမှုများရှိနေပြီး တရားရေးဌာနလုပ်ငန်းများလည်း ပုံမှန်အတိုင်းလည်ပတ်လျက်ရှိနေကြောင်း ဦးခိုင်သုခကပြောသည်။

“ULA တရားရုံးမှာ ပြည်သူတွေတိုင်တာဟာ ပြည်သူတွေရဲ့ ရွေးချယ်မှုဖြစ်ပြီး ကျနော်တို့တရားရေးကိုယုံကြည်လို့ တိုင်ကြားလာတာဖြစ်ပါတယ်။ ပြည်သူတွေက ယုံကြည်လို့တိုင်ကြားလာတာကို စကစအနေနဲ့ အနှောင့်အယှက်၊ အဟန့်အတားလုပ်နေတာဟာ ပြည်သူတွေကိုခြိမ်းခြောက်တာဖြစ်သလို တည်ငြိမ်အေးချမ်းနေတဲ့ ရခိုင်ပြည်သူတွေရဲ့ လက်ရှိအခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်တာလည်းဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)သည် ၂၀၁၈ ခု နှစ်ကုန်ပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမပတ်တွင် တိုက်ပွဲရပ်တန့်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် မောင်တောဒေသ၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရုံမှလွဲပြီး နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ ယနေ့အထိဖြစ်သည်။

ထိုသို့ရပ်တန့်နေသည့်အခြေအနေတွင် စစ်ကောင်စီဘက်က ဟန့်တားမှုများရှိလာသည့်အပေါ် “နှစ်ဘက်ရရှိထားတဲ့ ယုံကြည်မှုတွေကိုလည်း ချိုးဖောက်ရာရောက်တဲ့အတွက် အထူးသတိထားဖို့လိုကြောင်း ပြောချင်ပါတယ်”ဟု ဦးခိုင်သုခက သတိပေးသည်။

အလားတူ ရခိုင်ပြည်အတွင်းရှိ မတူကွဲပြားသည့်လူမျိုးများကြားတွင် သဟဇာတဖြစ်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်နေမှုများအပေါ်တွင်လည်း စစ်ကောင်စီဘက်က ကန့်ကွက်မှုများရှိနေကြောင်း၊ ထိုသို့ကန့်ကွက်မှုများ လုပ်ဆောင်ခြင်းသည် စစ်ကောင်စီနှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပျက်ပြားစေသည်ဟုလည်း ၎င်းကဆက်လက်ပြောခဲ့သည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ တရားရေးဌာနသို့ ၂၀၂၁ ခုနှစ်တွင် အမှုပေါင်း ၃၈၃၈ မှုနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတွင် အမှုပေါင်း ၁၈၄၅ မှုရှိခဲ့သည်။ ယင်းအနက် ၂၀၂၁ ခုနှစ်တွင် အမှုပေါင်း ၁၉၀၀ ကိုဖြေရှင်းနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်သုံးလတာကာလတွင် အမှုပေါင်း ၁၀၂၆ မှု ဖြေရှင်းနိုင်ခဲ့သည်ဟု သိရသည်။

ဗီဒီယိုများ