တပ်မတော်နှင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်း AA ထုတ်ပြော

တိုက်ပွဲကြောင့် အခြေခံစားသောက်ကုန်၊ ရိက္ခာနှင့် ဆေးဝါးပြတ်လပ်၍ သယ်ယူပို့ဆောင်ရန်အခက်အခဲ ဖြစ်နေသည့်ကျေးရွာများကို ဘေးကင်းစွာဖြင့် အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေးအပါအဝင် အချက် ၃ ချက်ကို တပ်မတော်နှင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)၏ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

By အောင်ထိန် 02 Dec 2020

Photo: Tribal Action Group / Courtesy

အောင်ထိန် | DMG
ဒီဇင်ဘာ ၂ ၊ စစ်တွေ

တိုက်ပွဲကြောင့် အခြေခံစားသောက်ကုန်၊ ရိက္ခာနှင့် ဆေးဝါးပြတ်လပ်၍ သယ်ယူပို့ဆောင်ရန်အခက်အခဲ ဖြစ်နေသည့်ကျေးရွာများကို ဘေးကင်းစွာဖြင့် အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေးအပါအဝင် အချက် ၃ ချက်ကို တပ်မတော်နှင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)၏ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထားထည့်သွင်းစဉ်းစားကာ ဆောင်ရွက်လျက်ရှိပြီး ကနဦးခြေလှမ်းအားဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့က နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ Online မှတစ်ဆင့် အဆိုပါအချက်များကို မိနစ် ၃၀ အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ဆွေးနွေးရာ၌ ရခိုင်ပြည်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်မြို့နယ်များ၌ ပြည်သူများ၏ မဲပေးပိုင်ခွင့် မရှုံးဆုံးစေရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲ၏ စံချိန်စံညွှန်းနှင့်ပြည့်စုံရန်အတွက် ဆက်စပ်ရွေးကောက်ပွဲများကို အချိန်မီပြန်လည်ကျင်းပနိုင်ရန် ဆွေးနွေး ခဲ့ကြောင်း AA ကဆိုထားသည်။

ဆက်လက်၍ နှစ်ဖက်စလုံးအနေဖြင့် ရရှိထားပြီးသော အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများကို ဆက်လက် ထိန်းသိမ်းသွားကြရန် စသည့်အချက်များကို အကြမ်းအားဖြင့် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့အပြင် တိုက်ပွဲကာလအတွင်း ပိတ်ဆို့နေသော ကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်မှုကင်းမဲ့စွာဖြင့် ခရီးသွားလာနိုင်ရန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို လုံခြုံစွာသယ်ယူရန်၊ တိုက်ပွဲဖြစ်ပွားရာဒေသများအားလုံးမှ ပြည်သူလူထုများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှုအတွက် နည်းလမ်းများ ရှာဖွေပြီးဆောင်ရွက်သွားရန် စသည်ဖြင့် အချက် ၂ ချက်ကိုလည်း တပ်မတော်ကို အကြံပြုပြောဆိုခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

“တပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြား တစ်နှစ်နီးပါးကြာ ရပ်တန့်နေခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ ပြန်လည်စတင်နိုင်မယ်လို့ မြောက်ပိုင်းအဖွဲ့တွေက ယုံကြည်မျှော်လင့်နေတယ်” ဟု ထုတ်ပြန်ချက်မှာ ဆိုထားသည်။

လက်ရှိအချိန်၌ တပ်မတော်နှင့် AA တို့ Online မှ နှစ်ဖက်ဆွေးနွေးခြင်းများဖြစ်ကာ တစ်ပြိုင်နက်တည်းတွင် နှစ်ဖက်လူချင်းတွေ့နိုင်မည့် အခြေအနေတစ်ရပ်ကိုပါ ဆက်လက်ဆွေးနွေးညှိနှိုင်းနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများမှာ ရပ်တန့်လျက်ရှိနေသည်။

လက်တလောအချိန်၌ နယ်မြေဒေသတည်ငြိမ်နေသဖြင့် နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် စစ်ဘေးရှောင် အချို့နေရပ်ပြန်ကာ မိမိတို့၏လယ်ယာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိနေကြသည်။

တပ်မတော်မှ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တစ်လတာ ထပ်တိုး ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် နိုင်ငံတော်မှအကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသည့် အဖွဲ့အစည်းများရှိနေသည့် နေရာများကို ချန်လှပ်ခဲ့သဖြင့် ရက္ခိုင့်တပ်မတော်(AA)ရှိနေသည့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ တပ်မတော်၏ထုတ်ပြန်ချက်၌ အကျုံးမဝင်ပေ။

ယင်းကြောင့် နေရပ်ပြန်ရန်စီစဉ်နေကြသည့် ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

ဗီဒီယိုများ