ဥပဒေရေးဆွဲပြီးဖြစ်သဖြင့် တရားရေးဌာနကို ဖွင့်ခြင်းဖြစ်ကြောင်း AA ပြော

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)မှာ တရားစီရင်ရေးနှင့်ပတ်သက်၍ ဥပဒေရေးဆွဲထားပြီးဖြစ်သဖြင့် တရားရေးဌာနကိုဖွင့်ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

03 Aug 2021

DMG ၊ သြဂုတ် ၃

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)မှာ တရားစီရင်ရေးနှင့်ပတ်သက်၍ ဥပဒေရေးဆွဲထားပြီးဖြစ်သဖြင့် တရားရေးဌာနကိုဖွင့်ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

ရခိုင်ပြည်အတွင်းနေထိုင်ကြသော ပြည်သူလူထုအနေဖြင့် ဖြစ်ပွားသည့် အမှုအခင်းများနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ကို တိုင်ကြားနိုင်ပြီး တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။

လက်ရှိမှာ တရားစီရင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကျေးရွာအုပ်စုအဆင့်၊ တိုက်နယ်အဆင့်၊ ခရိုင်အဆင့် စသည့် သတ်မှတ်နေရာများ၌ တရားရုံးများကိုဖွင့်ထားပြီးဖြစ်ကာ ပြစ်မှုကျူးလွန်သူများအား ULA/AA မှ ရေးဆွဲထားသည့်ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု ဦးခိုင်သုခက ဆိုသည်။

“တရားရုံးဖွင့်တယ်ဆိုမှ ဥပဒေရှိလို့ တရားရုံးဖွင့်တာပဲ။ ဒါတွေကို ပြောစရာတောင်မလိုတော့ဘူးလု့ိထင်တယ်”ဟု ပြောသည်။

မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿာနာများအပြင် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် အမှုအခင်းများအားလုံးကိုအီးမေး(လ်)၊ တယ်လီဂရမ်၊ VK စသည့် လိပ်စာများမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း၊ ထိုသို့တိုင်ကြားမည်ဆိုပါက တိုင်ကြားသူများအနေဖြင့် နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ အခင်းဖြစ်စဉ် စသည့်အကြောင်းအရာများပါရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်ကြားစာကို ကျူးလွန်ခံရသူဖြစ်စေ၊ ဆွေမျိုးတော်စပ်သူ တစ်ဦးမှဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားမှု၊ စုံစမ်းစစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှု ဖြစ်စဉ်ပြီးမြောက်သည်အထိ တိုင်တန်းသူ၏ ကိုယ်ရေးအချက်များကို မည်သူတစ်ဦးမျှမသိအောင် ထိန်းသိမ်းကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ULA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်တွင်နေထိုင်သည့် ပြည်သူများအတွက် ဥပဒေအရ တရားမျှတမှုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဆိုသည်။

ရခိုင်ပြည်တွင် ULA/AA က တရားစီရင်ရေးဆောင်သွားမည့် ကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က “အမှုအခင်းတွေနဲ့ပတ်သက်လို့ လက်ရှိမှာလည်း ရုံးတွေဖွင့်ပြီးစီရင်နေတာကိုတွေ့ရတယ်။ တဖက်မှာလည်း စစ်ကောင်စီရဲ့ တရားဥပဒေစိုးမှုအပိုင်းက ထိရောက်မှုအားနည်းတာကိုတွေ့ရတယ်။ အခုလို ULA/AA က ဝင်ရောက်ထိန်းညှိတဲ့အတွက် ရပ်ရွာတည်ငြိမ်အေးချမ်းမယ်။ နောက်ပြီး ခိုးမှု၊ မုဒိမ်းမှု၊ လူသတ်မှု အဲဒါတွေလည်း အထိုက်အလျှောက် လျော့ကျသွားမယ်လို့ယူဆတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့

၂ နှစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း လက်ရှိ တိုက်ပွဲများရပ်တန့်နေသည်မှာ ၈ လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်၌ နှစ်ဖက်လုံးမှလည်း အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည်အတွင်း လူထုထောက်ခံမှုကိုရရှိထားပြီး တိုက်ပွဲရပ်တန့်သည့်နောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ဆောင်ရွက်လာသည်ကို တွေ့ရသည်။

ဗီဒီယိုများ