ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခြင်းအတွက် ULA မှ ဝမ်းနည်းကြောင်းထုတ်ပြန်

ရခိုင်ရှိ အသိုင်းအဝိုင်းနှစ်ခုအကြား လူမှုရေးသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးတို့အတွက် လက်တွေ့ကျကျဆောင်ရွက်ခဲ့သည့် ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ယနေ့(မေလ ၁ ရက်)နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

01 May 2022

DMG ၊ မေ ၁

ရခိုင်ရှိ အသိုင်းအဝိုင်းနှစ်ခုအကြား လူမှုရေးသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးတို့အတွက် လက်တွေ့ကျကျဆောင်ရွက်ခဲ့သည့် ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ယနေ့(မေလ ၁ ရက်)နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ဒေါက်တာဝါကာအူဒင်သည် ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်(သောကြာနေ့) နံနက် ၁၁ နာရီ ၃ မိနစ်တွင် အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ် ဘော်တီမိုးမြို့ရှိ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားသည်။ ၎င်းကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီဖြစ်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ၁၉၅၄ ခုနှစ်ကမွေးဖွားခဲ့သော ပါမောက္ခဝါကာအူဒင်သည် ပင်ဆယ်ဗေးနီးယားပြည်နယ် အမျိုးသားတက္ကသိုလ် University Park တွင် ပညာသင်ကြားပို့ချပေးခဲ့သူ ဖြစ်သည်။

ဒေါက်တာဝါကာအူဒင် ကွယ်လွန်သည့်သတင်းကြောင့် ULA/AA အနေဖြင့် အထူးဝမ်းနည်းရပြီး ကျန်ရစ်သူမိသားစုနှင့် မိတ်ဆွေများအတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရခိုင်ရှိ အသိုင်းအဝိုင်းနှစ်ခုအကြား ပဋိပက္ခများကိုဖြေရှင်းရန် ဒေါက်တာဝါကာအူဒင်သည် ULA/AA နှင့်အတူ မနေမနားကြိုးစားဆောင်ရွက်ခဲ့သလို အသိုင်းအဝိုင်းနှစ်ခုအကြား လူမှုရေးသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးတို့အတွက် လက်တွေ့ကျကျဆောင်ရွက်ခဲ့သူဖြစ်သည်။

မွတ်ဆလင်ခေါင်းဆောင်များအကြားတွင် ပါမောက္ခဝါကာအူဒင်ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ် နိုင်သူအဖြစ်လက်ခံထားကြသလို သူသည်လိုအပ်ချိန်၌ အဖိနှိပ်ခံများဘက်က ရပ်တည်ခဲ့သူဖြစ်သည်။ နိုင်ငံရေးမငြိမ်မသက်မှုများနှင့် မိမိတို့အသိုင်းအဝိုင်း မငြိမ်မသက်ဖြစ်အောင် မသမာသူများက ကြိုတင်ကြံစည် သွေးထိုးလှုံ့ဆော်မှုများအောက်တွင် သူသည်ငြိမ်းချမ်းသော အဖြေတစ်ရပ်ရရှိအောင် မမှိတ်မသုန်ကြိုးစားခဲ့သူ ဖြစ်သည်။

မိမိတို့အသိုင်းအဝိုင်းနှစ်ခုအကြား လူမှုရေးသဟဇာတဖြစ်မှုကိုထူထောင်ရန် အားထုတ်ကြိုးပမ်းနေကြချိန်၌ ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခြင်းသွားသည် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ကြောင်း ULA ကဆိုသည်။

ဒေါက်တာဝါကာအူဒင်သည် မိမိတို့အဖွဲ့အစည်းနှင့် အကြောင်းရင်းခံအပေါ် အထူးနားလည်သဘောပေါက်သူ ဖြစ်ကြောင်းနှင့် အလ္လာအရှင်မြတ်သည် သူ့အား Jannatul Firdaus(ဂျန္နသ်သုခဘုံ)တွင် လက်ခံပေးပါစေလို့ ULA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗီဒီယိုများ