AA က ဖမ်းဆီးထားသူများအား လွှတ်ပေးရန် လွှတ်တော်တွင်အဆိုတင်

AA ၏လုပ်ရပ်သည့် နိုင်ငံတော်မှဆောင်ရွက်နေသည့် အမျိုးသားရင့်ကြားစေရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒဖြင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်း ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ...

By ခိုင်ရိုးလ 13 Nov 2019

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၁၃ ၊ စစ်တွေ

AA က ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ဝန်ထမ်းများ၊ အရပ်သားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည့် အရေးကြီးအဆိုတစ်ရပ်ကို ယနေ့နိုဝင်ဘာလ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့သည်။

ယင်းအဆိုကို မန္တလေးတိုင်း အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံသား ၉ ဦး နှင့်အတူ ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရသည်။ AA က အိန္ဒိယနိုင်ငံသားများကို ပြန်လည်လွှတ်ပေးလိုက်သော်လည်း ဦးဝှေ့တင်းအား စစ်ဆေးမေးမြန်စရာများရှိနေ၍ ဆက်လက်ထိန်းသိမ်းထားသည်။

“အများသူငါ ပုံမှန်သွားလာနေတဲ့ ခရီးလမ်းတွေအတွင်း ဦးဝှေ့တင်းကဲ့သို့ ဥပေဒမဲ့အကြမ်းဖက်ဖမ်းဆီးခြင်းခံရတဲ့ အရပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အရပ်သားများလည်း အမြောက်အများရှိခဲ့ပါတယ်။ ဒီလိုဖမ်းဆီးခြင်းခံရသူများအား လုံခြုံရေးအရ စစ်ဆေးနေပါတယ်ဆိုတဲ့ အကြောင်းပြချက်ကလည်း တရားမျှတမှု ကင်းမဲ့တဲ့အပြင် ယုတ္တိတန်ခြင်းလည်းမရှိလို့ မြင်မိပါတယ်” ဟု  ဒေါက်တာလှမိုးက ဆိုသည်။

ထို့ပြင် AA ၏လုပ်ရပ်သည့် နိုင်ငံတော်မှဆောင်ရွက်နေသည့် အမျိုးသားရင့်ကြားစေရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒဖြင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်း ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန် တောင်းဆိုကြောင်း ၎င်းက အဆိုတင်သွင်းခဲ့သည်။

ဦးဝှေ့တင်းသည် ရက္ခိုင့်တပ်တော်(AA)ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေခြင်း၊ AA ၏ စစ်ရေးကဏ္ဍများကို အနှောက်အယှက်ပြုရန်ကြိုးစားခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း AA က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဦးဝှေ့တင်းကိုဖမ်းဆီးထိန်းသိမ်းထားခြင်းသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်၍ ထိန်းသိမ်းစစ်ဆေးနေခြင်းမဟုတ်ဘဲ လိုအပ်ချက်အရသာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“ဦးဝှေ့တင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ ပါလီမန်မှာ အရေးကြီးအဆိုတင်ပြီးမှ လုပ်တယ်ဆိုလို့ရှိရင် ဒေါက်တာအေးမောင်တို့တုန်းကဆိုရင် အဲဒီလွှတ်တော်က မသိလိုက်ဘူးလား။ ဒေါက်တာအေးမောင်ကို ရခိုင်ဖြစ်လို့ လူမျိုးရေးအရခွဲခြားပြီးမှ နှိပ်ကွပ်တာလားဆိုတာကို ပြန်ပြီးမေးခွန်းထုတ်စရာရှိလာတယ် ” ဟု ခိုင်သုခက ပြောသည်။

ယခုလုပ်ရပ်မှာ ပြည်သူများတင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဥပဒေမဲ့ဖမ်းဆီးခြင်းဖြစ်ကာ ကောင်းကျိုးမဖြစ်သည့်အတွက် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း အဆိုကိုထောက်ခံဆွေးနွေးခဲ့သည့် စစ်ကိုင်းတိုင်းအမှတ် ၉ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးမောင်မောင်လတ်က ပြောသည်။

ယင်းအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်မည့်သူမရှိသဖြင့် လာမည့်နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆက်လက်ဆွေးနွေးရန် သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့သည်။

“သူတို့ ရှုံ့ချလည်း ကျနော်တို့ကတော့ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပဲ။ သူတို့ ရှုံ့ချတာ မရှုံ့ချတာတစ်ပိုင်း။ သူတို့ကိုကျနော်တို့က အသိမှတ်မပြုလို့ တိုက်နေတာပဲ။ ဒီဟာက ကျနော်တို့ ဘာမှထိခိုက်စရာ မရှိပါဘူး” ဟု ခိုင်သုခက ပြောသည်။

ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးရန် NLD ဗဟိုမှတိုက်တွန်းထားပြီး ချင်းအဖွဲ့အစည်း (၄၀) ကျော်ကလည်း ပူးတွဲထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားသည်။

ဗီဒီယိုများ