ကော်မရှင်သစ်၏ဖိတ်ခေါ်မှုကို ရခိုင်မှ ANP နှင့် AFP ပါတီတို့ တက်ရောက်မည်၊ ALD ပါတီမှ တက်ရန် အစီအစဉ်မရှိ

လက်ရှိအသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုင်ငံရေးပါတီများနှင့် ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်)တွင် နေပြည်တော်၌တွေ့ဆုံရန် ကမ်းလှမ်းထားသည်။

26 Feb 2021

DMG | ဖေဖော်ဝါရီ ၂၆

လက်ရှိအသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုင်ငံရေးပါတီများနှင့် ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်)တွင် နေပြည်တော်၌တွေ့ဆုံရန် ကမ်းလှမ်းထားသည်။

ယင်းတွေ့ဆုံပွဲကို ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့မှာ တက်ရောက်မည်ဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကမူ တက်ရောက်မည်မဟုတ်ပေ။

ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက “နေပြည်တော်မှာရှိတဲ့ လူတစ်ယောက်ကို တာဝန်ပေး ထားတယ်။ ဘာကြောင့်လဲတော့မဟုတ်ဘူး၊ သူတို့ဖိတ်တာကြောင့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ပါဝင်နားထောင် သွားမယ်။ ဆွေးနွေးတာတွေ၊ ဆုံးဖြတ်ချက်ချမယ်ဟာတွေကတော့ နောက်မှပေါ့၊ ဖိတ်တာကြောင့် သွားတက်မယ်”ဟု ဆိုသည်။

အလားတူ ရခိုင့်ဦဆောင်ပါတီအနေဖြင့်လည်း ဆွေးနွေးပွဲကိုတက်ရောက်မည်ဖြစ်ကြောင်း AFP ပါတီဒုဥက္ကဋ္ဌ ဦးကျော်ဇော်ဦးကပြောသည်။

“ကျနော်တို့ပါတီကတော့ တက်မှာပါ၊ အဲဒီမှာ ဘာအကြောင်းအရာတွေကို ဆွေးနွေးမလဲဆိုတာတော့ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)အနေဖြင့် ပါတီမူဝါဒအရ တက်ရောက်ရန်မရှိကြောင်း ယင်းပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးလှမြင့်ကပြောသည်။

“ကျနော်တို့ဖွဲ့စည်းပုံကြောင့်ဖြစ်တယ်။ ကျနော်တို့ဖွဲ့စည်းပုံမှာ မည့်သည့်အာဏာရှင်အစိုးရမှ ထပ်မံမပေါ် ပေါက်ရေးဆိုတာက ကျနော်တို့ဖွဲ့စည်းပုံလေ၊ သိမ်းလိုက်တယ်ဆိုကတည်းက အာဏာသိမ်းတာပေါ့” ဟု ဦးလှမြင့်က ဆိုသည်။

တပ်မတော်အစိုးရမှ ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဆိုပါက ရခိုင်ပြည်နယ်မှ ရခိုင့်ဦးဆောင်ပါတီနှင့် ရခိုင် အမျိုးသားပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ပါတီတာဝန်ရှိသူများက DMG ကို ပြောဆိုထားသည်။

အဆိုပါပါတီသုံးခုသည် ရခိုင်ပြည်နယ်အတွင်းမှ အင်အားကြီးပါတီများလည်း ဖြစ်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကြေညာချက်အမှတ် (၁/၂၀၂၁)တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေးရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီဒီယိုများ