အိစ်ဒ်နေ့အတွက် နွားဝယ်ယူမှုများကြောင့် မောင်တောတွင် လူစုလူဝေးဖြစ်

COVID-19 ကာလအတွင်း လူစုလူဝေးမပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော်လည်း အိစ်ဒ်နေ့အတွက် မောင်တောမြို့တွင် နွားဝယ်ယူသူများနှင့် လာရောက်ကြည်ရှုသူများကြောင့် ထောင်နှင့်ချီပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By ကျော်မျိုးအောင် 31 Jul 2020

ကျော်မျိုးအောင် | DMG
ဇူလိုင် ၃၁ ၊ မောင်တော

COVID-19 ကာလအတွင်း လူစုလူဝေးမပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော်လည်း အိစ်ဒ်နေ့အတွက် မောင်တောမြို့တွင် နွားဝယ်ယူသူများနှင့် လာရောက်ကြည်ရှုသူများကြောင့် ထောင်နှင့်ချီပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၁ ရက်နေ့တွင် ကျရောက်မည့် မွတ်ဆလင်ဘာသာဝင်များ၏ (ကုရ်မာနီအိစ်ဒ်နေ့) ပွဲတော်ကျင်းပရန်အတွက် မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ လယ်ကွင်းပြင်၌ ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ သုံးရက်ကြာ နွားအရောင်းအဝယ်များ ပြုလုပ်နေကြခြင်းဖြစ်သည်။

အဆိုပါနေရာသို့ နွားလာဝယ်သူများနှင့် လာရောက်ကြည့်ရှုသူ အများစုမှာ Mask တပ်ဆင်ထားခြင်းမရှိဘဲ လူစုလူဝေးဖြစ်ပေါ်နေသည့်အပေါ် မောင်တောမြို့ဒေသခံများက စိုးရိမ်မှုများရှိနေကြသည်။

“ကျန်းမာရေးဝန်ကြီးဌာနကလည်း COVID-19 ကာလကို နောက်ထပ် ၁၅ ရက် ထပ်တိုးထားတာဆိုတော့ အမှန်ဆို အခုလို လူထူထပ်တဲ့နွားဈေးကို မလုပ်သင့်ဘူးပေါ့ဗျာ။ ကျောင်းတွေတောင် အထက်တန်းကျောင်းတွေလောက်ပဲ ဖွင့်ရသေးတာလေ။ သူတို့က ကျေးရွာပေါင်းစုံက လာကြမှာ။ ဘင်္ဂလားဒေ့ရှ့်နိုင်ငံက ခိုးဝင်လာတဲ့ လူတွေလည်း ပါလာနိုင်တာပဲလေ” ဟု မောင်တောမြို့ဒေသခံ ကိုထွန်းသိန်းက ဆိုသည်။

အဆိုပါနွားဈေးသို့ လာရောက်သူများတွင် နွားဝယ်ယူရန်ထက် လာရောက်ကြည့်ရှုသူမှာ ပိုများသည့်အတွက် ယခုကဲ့သို့ လူစုလူဝေးဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် COVID-19 ကာကွယ်ရေးနှင့် ရံပုံငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းနိုင်က ဆိုသည်။

“အခုလို ဈေးလုပ်တာကတော့ စိုးရိမ်စရာရှိတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ခွင့်ပြုပေးထားတော့ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် နွားဈေးမှာ လူတွေ တစ်စုတဝေးတည်းမနေဖို့ ၊ နေရာခြားပြီးရောင်းဖို့၊ Mask တပ်ကြဖို့ကိုတော့ သူတို့ဘာသာစကားနဲ့ ကြေညာပေးတာတွေတော့ လုပ်ပေးပါတယ်။ နောက်ပြီး ကွင်းထဲမှာက နွားဝယ်တဲ့လူတစ်ယောက်ဆိုရင် လာကြည့်တဲ့လူက ၂၀ လောက်ရှိတယ် ”ဟု ၎င်းကပြောသည်။

ထိုသို့ လူစုလူဝေးပြုလုပ်သူများကို COVID–19 နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အညီ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုသည်။

“နွားဈေးကို COVID-19 ညွှန်ကြားချက်နဲ့အညီ ပြုလုပ်ဖို့ညွှန်ကြားထားတယ်။ နွားဈေးဆိုတာကလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တင်ဒါတရားဝင်ရယူထားရတာဆိုတော့ မကျင်းပလို့လည်း မရပါဘူး။ ဒီတော့ ကျနော်တို့အနေနဲ့ အခုလို လူစုလူဝေးဖြစ်စေတာကိုလည်း အရေးယူဖို့ အစီအစဉ်မရှိပါဘူး” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID -19 ကာလအတွင်း လူစုလူဝေးပြုလုပ်သူများကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုမှုများရှိနေသည်။

ရခိုင်ပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာ ၁၆ ဦးထိရှိခဲ့ပြီး ပြန်လည်သက်သာ၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၈ ဦး ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ