တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု(၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)

ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းသားနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားခဲ့သည်။

08 Aug 2022

သြဂုတ် ၁

-    ရခိုင်ပြည်အတွင်း မှုခင်းများ ထူပြောလာနေခြင်းမှာ တရားဥပဒေစိုးမိုးရေး အားနည်းချက်ကြောင့်ဟု ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက ဝေဖန်ထောက်ပြနေကြသည်။
-    ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းအသီးသီးတွင် နေထိုင်နေကြသည့် စစ်ဘေးဒုက္ခသည်များမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အကျပ်အတည်းများကို ယခင်ထက်ပို၍ ကြုံတွေ့လာရသည့်အတွက် ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်သူ များပြားလာနေသည်ဟု စစ်ဘေးရှောင်များထံမှသိရသည်။
-    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား ကားလမ်းတွင် သရက်တပင်ကျေးရွာသား အသက်(၅၃)နှစ်အရွယ် ဦးမောင်စောသာနှင့် အခြားကျေးရွာ(စုံစမ်းဆဲ)မှ ဒေသခံနှစ်ဦး တို့ကို ဘုရားတွင် တပ်စွဲနေထိုင်ကြသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက မွန်းလွဲ ၁၂ ကျော်အချိန်က ဖမ်းဆီးသွားခဲ့သည်။
-    ရက္ခိုင့်တပ်တော်(AA)နှင့် ပက်သက်ဆက်နွယ်မှုမပြုလုပ်ရန်နှင့် မထောက်ပံ့ရန် မာန်အောင်ဒေသခံများကို မြန်မာစစ်တပ်က အစည်းအဝေးခေါ်ယူပြီး သတိပေးခဲ့သည်။
-    မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည် မဖော်ဆောင်နိုင်ခဲ့ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံပြောဆိုခဲ့သည်။
-    တောင်ကုတ်မြို့နယ်၊ မအီမြို့ရဲစခန်းမှ အသက်(၅၀)အရွယ် ရဲတပ်ကြပ်ကြီး ထွန်းရွှေမောင်ကို သြဂုတ်လ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် နေအိမ်မှ ရဲစခန်းသို့အသွား မအီမြို့အမှတ်(၂)ရပ်ကွက်၊ မှုကြိုကျောင်းရှေ့တွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

သြဂုတ် ၂

-    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို ဖမ်းဆီးခံရပြီး ရက်ပေါင်း ၁၀ ကျော်သည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များကပြောကြသည်။
-    ဂွမြို့နယ်၊ ရှားဖြူကွင်းကျေးရွာအနီး ကားလမ်းပေါ်တွင် ဒဏ်ရာများဖြင့်သေဆုံးနေသော အမည်မသိ အမျိုးသမီးတစ်ဦးအလောင်းနှင့် ဒဏ်ရာများဖြင့်လဲကျနေသော အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိခဲ့သည်။
-    မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ကြရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတိယအကြိမ်မြောက် ထပ်မံ ဖိတ်ခေါ်ခဲ့သည်။
-    ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
-    ရခိုင်ပြည်အတွင်းမှ မြို့နယ်အချို့တွင် မွေးမြူထုတ်လုပ်နေကြသည့် ကယု၊ ကမာကောင်များကို ပြည်မဘက်မှ ဝယ်ယူမှုများလာသောကြောင့် ဈေးကောင်းရရှိနေသည်ဟု ကမာကောင်မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။
-    ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းသားနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားခဲ့သည်။
-    ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်အုပ်စု ကူတို့ဆိပ်ကျေးရွာတွင် သြဂုတ်လ ၂ ရက်နေ့ နေလယ်ပိုင်းက မိုးကြိုးပစ်ခံရ၍ ပဉ္စမတန်းကျောင်းသားတစ်ဦးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်သားစေ့ကေမှာ သေဆုံးခဲ့ရပြီး မောင်ဝေယံစိုးနှင့် မောင်သက်ဝေယံ တို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။
-    ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA တပ်ဖွဲ့ဝင်များက သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့ရှိ ၎င်းတို့၏နေအိမ်မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ALP မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

သြဂုတ် ၃

-    ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ခူးတိုက်နယ် ကမ်းဒေးအုပ်စု လက်ျာစတိုင်ကျေးရွာအတွင်း မွေးဖွားသော ဆင်ငယ်အထီးအား ဆင်ဖြူတော်အဖြစ်သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
-    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကုလားတန်မြစ်အတွင်း ကျောင်းကြို/ပို့လုပ်နေသည့် စက်လှေတစ်စီးကို မြန်မာစစ်တပ်က စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား(၂)ဦးသေဆုံးပြီး အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
-    မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများကို အကူအညီပေးရေးတွင် ကန့်သတ်ချက်များရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး United Nations OCHA Myanmar (UNOCHA)က သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
-    ထိုင်းနိုင်ငံသို့ တရားဝင်လမ်း‌ကြောင်းဖြင့် ပို့ဆောင်ပေးမည်ဟု ပွဲစားတစ်‌ဦးက လိမ်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော် ရနောင်းမြို့တွင် ပိတ်မိနေကြောင်း သိရသည်။
-    ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စက်ရုံစုရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးအပါအဝင် ၃ ဦးကို သြဂုတ်လ ၂ ရက်နှင့် ၃ ရက်တို့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် စစ်ကောင်စီတို့ ပူးပေါင်းဖမ်းဆီးခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ရေးသားခဲ့သည်။
-    ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်အပန်းဖြေစခန်းအတွင်းတွင် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉နာရီအချိန်ခန့်က ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်မရှိဘဲ သေဆုံးနေသည့် သံဃာတော်ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့သည်။

သြဂုတ် ၄

-    ထိုင်း-မလေးရှားနယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ လက်ဗွေရာတွေ့ရှိသည်ဟုဆိုကာ လူသတ်မှုဖြင့်တရားစွဲဆိုခံထားရသည့် စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာမှ ကိုအောင်ဝင်းကို၏အမှုကို လာမည့်သြဂုတ်လ(၉)ရက် (အင်္ဂါနေ့)တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
-    ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန် စစ်ရေးတင်းမာလာနေပြီး AA နှင့်ဆက်စပ်၍ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူ ၁၉ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ထားသည်။
-    ချင်ပြည်နယ်၊ ပလက်ဝမြို့နယ်တွင် သြဂုတ်လ ၂ ရက်နေ့က ကျောင်းသားများစီးနင်းလာသည့် စက်လှေတစ်စီးပစ်ခတ်ခံရမှုအတွင်း နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စစ်သည် မိမိတို့၏လက်ချက်မဟုတ်ကြောင်း မြန်မာစစ်တပ်က ထုတ်ပြန်ခဲ့သည်။
-    ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှုစသော ဒုစရိုက်ကျူးလွန်မှုများသည် ယခုနောက်ပိုင်းတွင် တစ်နေ့ထက်တစ်နေ့ပိုမို များပြားလာနေသည့်အတွက် ပြည်သူလူထုကြားတွင် စိုးရိမ်မှု မြင့်တက်လာနေကြသည်။

သြဂုတ် ၅

-    ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/စရိုင်းချောင်း(မင်းရွာ)မှ အသက်(၇၀)နှစ်ရှိသည့် ဦးရွှေစိန်မောင်မှာ သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းကကျေးရွာနှင့်တစ်မိုင်ကျော်ဝေးသည့် မြောင်းကြီးဆည်ဖက်သို့သွားစဉ် မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
-    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာများတွင် မြန်မာစစ်တပ်က ကျေးရွာအတွင်းနေထိုင်သူများကို ညစဉ် အလှည့်ကျ ကင်းစောင့်ခိုင်းထားသဖြင့် လက်လုပ်လက်စားများမှာ အခက်အခဲဖြစ်နေရသည်ဟု ပြောဆိုကြသည်။
-    မြန်မာနိုင်ငံတွင် ပြည်ထောင်စုရေရှည်တည်တံ့နိုင်ရေး၊ နိုင်ငံတော် အဓွန့်ရှည်ကြာရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားရေးအတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို အကောင်အထည်ဖော်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်အပေါ် ရွေးကောက်ပွဲစနစ်ပြောင်းလဲရုံနှင့် တည်ငြိမ်အေးချမ်းမှုကို မတည်ဆောက်နိုင်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြ ဝေဖန်ခဲ့ကြသည်။
-    ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေမှုကြောင့် ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားသိမ်တော်တိုင်များကို မွမ်းမံဆောက်လုပ်ရာတွင် ကြန့်ကြာမှုများရှိနေကြောင်း သိမ်တိုင်မွမ်းမံပြုပြင်ရေးဆောင်ရွက်နေသည့် တာဝန်ရှိသူများက ပြောခဲ့သည်။
-    ရခိုင်ပြည်အတွင်းက စစ်တွေမြို့နယ်အပါအဝင် မြို့နယ်အချို့တွင် မြန်မာစစ်တပ်မှ ဧည့်စာရင်းစစ်ဆေးမှုများကြောင့် ဒေသခံများမှာ စိုးရိမ်စိတ်နှင့်နေထိုင်နေကြရသည်ဟု ပြောဆိုကြသည်။
-    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအတွင်းသို့ သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်သောင်းကျန်းခဲ့မှုကြောင့်  နေအိမ် ၅ ဆောင် ပျက်စီးခဲ့ရသည်။
-    စစ်တပ်ကဖမ်းဆီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံသုံးဦးဖြစ်သည့် ဦးမောင်ရွှေသိန်း(၄၄)နှစ်နှင့် ကိုမောင်မောင်မျိုးဦး(၂၄)နှစ်တို့ကို သြဂုတ်လ ၅ ရက် နေ့တွင် မှောင်ရိပ်ခိုမှု ဥပဒေပုဒ်မ- ၆၁(ခ)ဖြင့် ထောင်ဒဏ်တစ်လချမှတ်ခဲ့ပြီး မောင်ဖြိုးငွေစိုး(၁၇)နှစ်ကို အသက်မပြည့်သေး၍ ဒဏ်ငွေတစ်သိန်းဆောင်ခိုင်းခဲ့သည်။

သြဂုတ် ၆

-    မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် ရခိုင်ပြည်နယ်၊ စနဲမြို့၊ စံပယ်ချောင်းကျေးရွာမှ ကိုတင်မျိုးထွန်း(၂၄ နှစ်)ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များကပြောသည်။
-    စစ်ကောင်စီမှ အသစ်ပြင်ဆင်သတ်မှတ်လိုက်သည့် ဒေါ်လာဈေးကြောင့် ပြည်ပမှသွင်းရသည့် ကုန်ပစ္စည်းဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြပြောဆိုကြသည်။
-    ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုတစ်စုံတစ်ရာ မပြသရွေ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားရန် အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က သြဂုတ်လ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
-    စစ်ကောင်စီက ကျောက်တော်-ပလက်ဝ ရေကြောင်းကို ပိတ်ထားသောကြောင့် ဆန်အပါအဝင် ကုန်ပစ္စည်းအားလုံးနီးပါး ဈေးတက်နေပြီး ကုန်စည်ပြတ်တောက်မှုများ ဖြစ်လာနိုင်ကြောင်း ပလက်ဝဒေသခံများ စိုးရိမ်နေကြသည်။
-    နီပွန်ဖောင်ဒေးရှင်းမှ လူသားချင်းစာနာထောက်ထားမှုဖြင့် ရခိုင်မှ စစ်ဘေးရှောင်များအတွက် ဆန်အိတ်များကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကစ၍ သက်ဆိုင်ရာကိုယ်စားလှယ်များမှတစ်ဆင့် လှူဒါန်းထားပြီးဖြစ်သော်လည်း အဆိုပါဆန်အိတ်များမှာ စစ်ဘေးရှောင်အများစုထံသို့ လက်ရှိအချိန်ထိ ရောက်ရှိခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်များကပြောသည်။

သြဂုတ် ၇

-    ရခိုင်တွင် သတ်မှတ်ချိန်မရှိဘဲ လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ပြည်သူများကို ပိုပြီးအခက်အခဲဖြစ်စေပြီး ယင်းသို့မီးဖြတ်မှုကို မေးခွန်းထုတ်နေကြသည်။
-    ရခိုင်ပြည်တွင် ဆန်ဈေးများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဆန်စပါးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။
-    ၂၀၂၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AAတို့ စစ်ရေးအခြေအနေတင်းမာခဲ့ကာ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ရှိခဲ့ပြီး သြဂုတ်လထဲတွင် စစ်ရေးငြိမ်သက်နေသော်လည်းစစ်ကောင်စီ တပ်သားများက ရခိုင်ရှိမြို့နယ် အားလုံးနီးပါးတွင် ယခင်ကထက် တပ်စခန်းချထားမှုများ နယ်မြေလှည့်လည်မှုများအပြင် ဒေသခံများကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြသည်။
-    ရခိုင်တွင် လက်ရှိဆန်ဈေးနှုန်းအခြေအနေမှာ တစ်အိတ်ကို ကျပ် ၆၀၀၀၀ သောင်းနီးပါးအထိ မြင့်တက်လျှက် ရှိနေသည်။
-    စစ်ကောင်စီအနေဖြင့် သြဂုတ်လမှစတင်၍ နိုင်ငံ့ဝန်ထမ်းများအား အိမ်ငှားစရိတ်ခံစားခွင့်အနေနှင့်  ၎င်းတို့ရရှိသည့်လစာအပေါ်မူတည်ပြီး လူပျို၊ အပျို ဝန်ထမ်းများအားတစ်ဦးလျှင် ၄ ရာခိုင်နှုန်း နှင့် အိမ်ထောင်ရှင်များအားတစ်ဦးလျှင် ၈ ရာခိုင်နှုန်းအသီးသီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျှက်ရှိသည်။
-    

ဗီဒီယိုများ